Pages

Saturday 13 October 2012

မှတ်မှတ်ရရ ငယ်ဘဝလေးတွေ.. (၁)

ရေးစရာတွေ စဉ်းစားမရတဲ့ ကျွန်မ ကေပိုး.. ဘာရေးရင် ကောင်းမလဲ.. ဘာသွေးရင် ကောင်းမလဲ အမြဲလိုလို အားချိန်တိုင်း စဉ်းစားမိတယ်.. စာရေးတဲ့ အလုပ်ဆိုတာ မလွယ်မှန်း အခုလို စာရေးစရာ ရှာမရတဲ့ အခြေအနေမျိုး.. အကြောင်းအရာ စဉ်းစားမရတဲ့ အခြေအနေမျိုးနဲ့ ကြုံမှပဲ သေချာသိတော့ တယ်လေ.. ဒါပေမဲ့လည်း.. မရေးတာ ကြာရင်.. မသွေးတာ ကြာရင် တုံးသွားတတ်တာမို့.. တစ်ခုခုကြံကာ ဦးနှောက်ကို အသုံးချဖို့ ကေပိုး ကြံရပြန်ပါတော့တယ်.. ကံက ကောင်းချင်တော့.. ချစ်သော ချစ်သူနဲ့ စကားပြောတိုင်း.. သူက သူ့ရဲ့ အကြောင်းလေးတွေ.. သူကျော်ဖြတ်ခဲ့ရတဲ့ ငယ်ဘဝလေးတွေ ပြောပြော
 ပြတာကို နားထောင်ရင်း အကြံတစ်ခု ရခဲ့တာက.. ကေပိုးလဲ ငယ်ဘဝကို ဖြတ်သန်းခဲ့တာပဲလေ.. ဒီတော့ ဘယ်ရမလဲ.. လာထား.. အာဘွားပေါ့..


အဲဒီလိုနဲ့များ ကေပိုးရဲ့ သတိရစရာ မှတ်မှတ်ရရငယ်ဘဝများ အပိုင်း(၁)၊(၂)၊(၃)၊(၄) တွေများ ထွက်လာ မလားလို့ ရည်ရွယ်ရင်း ဘဝဇာတ်ကြောင်းကို ပြန်ပြောင်းသတိရခဲ့ပါတော့တယ်လေ.. ငယ်ဘဝလို့ တွေး လိုက်ရင် အဲဒီအချိန်တွေကို ပြန်သွားချင်တာ လူတိုင်းပဲ ဖြစ်မှာပါ.. စိုင်းထီးဆိုင်တောင် ဆိုထားသေးတာပဲ.. အချစ်မရှိသေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်.. ဆိုပြီးတော့လေ.. တစ်ခါ
လောက်တော့ ပြန်ရောက်ချင်ခဲ့တဲ့ ငယ်ဘဝကို .. အခု.. ကျွန်မ ကေပိုး အတွေးထဲကနေ.. ခြေလှမ်း စ ခဲ့ပါတော့တယ်.. 


မှတ်မှတ်ရရတွေထဲက မှတ်မှတ်ရရတွေထဲမှာ .. သူငယ်တန်းဆိုတာလေးလဲ ပါခဲ့တယ်လေ.. အဖြစ်အပျက် တိုင်း မမှတ်မိပေမဲ့.. ကိုယ်သဘောကျတာလေးကိုမှ ရွေးသတိရတတ်တာ ကေပိုးရဲ့ အကျင့်တစ်ခုပါ.. ငယ်ငယ်က ဖေဖေ ဝယ်ပေးထားတဲ့ ပုသိမ်ထီးကလေးဆောင်းပြီး ရှိုးထုတ် ကျောင်းသွားခဲ့တာတွေ.. အတန်းပိုင်ဆရာမရဲ့သမီးလေးက ချစ်စရာကောင်းလိုက်တာ ဆိုတာတွေကိုတော့ ကေပိုးဆိုတဲ့  ကျွန်မ အထင်တော့ မိန်းကလေးသဘာဝ ချီးမွှမ်းခံခဲ့ရတာကို သဘောကျလို့ပဲ ဖြစ်မယ် ထင်ပါတယ်..


နောက် မှတ်မှတ်ရရတစ်ခုက ကေပိုး သူငယ်တန်း၊ ကေပိုးအကို ပထမတန်းမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက် တစ်ခုပါပဲ.. မိဘတွေက ဝန်ထမ်းတွေမို့ တချို့အရာတွေ နားမလည်တာ ကေပိုးအကိုနဲ့ကျမှ ကွက်ကွက် ကွင်းကွင်း ပေါ်ရတယ်လို့လေ.. အကို ပထမတန်းမှာ ပထမတန်းအတန်းပိုင်ဆရာမက.. ကျူရှင်မတက်တဲ့ အကို့ကို ခေါ်ပြောပါတယ်.. စာတော်ပေမဲ့ ကျူရှင် မတက်တာကို ဘဝင်မကျတဲ့ ဆရာမက.. ' နင့်အမေကို ပြောလိုက်ပါ.. သီတင်းကျွတ်မှာ ဗူးနဲ့ လာကန်တော့ပါ '.. တဲ့လေ.. ဒါမျိုး အမေတို့ကို လာမကျောနဲ့လေ.. ဟွင်း.. ဘယ်ရမလဲ အကို့ကို ဗူးပေးလိုက်ပါတယ်.. သွား ကန်တော့ချေပေါ့.. သွားပါတယ်.. အကိုကလဲ ဖြောင့်ဖြောင့်တန်းတန်း ဆရာမဆီကိုပါပဲ.. လက်ထဲ ရောက်လာတဲ့ ပလတ် စတစ်ဗူးကလေး ကို ထိုင်ကြည့်ရင်း ငိုရမလို ရီရမလို ဖြစ်တာတော့ ဆရာမပါပဲ.. ဆရာမ ရည်ရွယ်တာက ကိတ်မုန့်ဗူးလား၊ ပါတိတ်ဗူးလားရယ်ပါ.. ဒါပေမဲ့လည်း.. ရိုးသားတဲ့ အမေ့စိတ်ထဲမှာတော့ ပလတ်စတစ် မုန့်ထည့်တဲ့ ဗူး  ရယ်တဲ့လေ.. ပြောစမှတ်တင်တာကတော့ ခုချိန်ထိ အဲဒီဆရာမနဲ့ လမ်းမှာ တွေ့ တိုင်း ဇေယျာတို့ အမေရဲ့ မုန့်ဗူး က ငါတစ်သက်လုံး သုံးတယ်ဆိုတဲ့ ခပ်ရွဲ့ရွဲ့စကားနဲ့ နှုတ်ဆက်မှုပါပဲ.. အမေ့ရဲ့ အလွဲလေးတစ်ခုက ကေပိုး ငယ်ဘဝရဲ့ ရယ်စရာတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့အောင်ဖြစ်ခဲ့ပါတယ်..



ကေပိုးတို့ ငယ်ငယ်က နေတဲ့ အရပ်က ရန်ကုန်မြို့ရဲ့ လူစည်ကားရာ၊ လမ်းတွေဆုံရာ၊ ကျောင်းတွေ ဆုံရာ၊ သမိုင်းဝင်မြို့နယ်တစ်ခုဖြစ်တဲ့ လှည်းတန်းဆိုတဲ့ နေရာပဲ ဖြစ်တယ်လေ.. စည်ကားလှပဲတဲ့ လှည်းတန်း မြို့နယ်က  ကေပိုး ပထမတန်းမှာ အကျည်းတန်အရုပ်ဆိုးတဲ့ မြင်ကွင်းတွေ တွေ့ကြုံခဲ့ရတယ်.. ဒါပေမဲ့လည်း ကေပိုးတို့ ကလေးတွေအတွက်တော့ အဲဒီအဖြစ်အပျက်တွေက ပျော်စရာလိုလို.. အဲဒီအချိန်က ကေပိုးတို့ ကျောင်းက အခုထက်ထိ ရှိနေတဲ့ လှည်းတန်းဂုန်းဆင်းက အထက ကျောင်းကြီးပါပဲ..  မှတ်မှတ်ရရ.. ဖြစ်ချင်တော့ အဲဒီတုန်းက ပထမတန်းကို ကျောင်းရှေ့တံခါးမကြီးတည့်တည့်မှာ ရှိတဲ့ စာသင်ခန်းမှာ စာသင်ခဲ့ရတယ်.. စာသင်နေတုန်း အသံဗလံတွေ ကြားတာနဲ့.. အတန်းပိုင်ဆရာမက ကလေးတွေ အကုန်လုံး ခုံအောက် ဝင်.. ခုံအောက် ဝင်ဆိုတာနဲ့ ခုံအောက်ကို ဆင်းထိုင်ကြရပါရော.. အဲဒီနောက်တော့ ကျောင်းသားအုပ်ကြီး ချီတက်လာသံတွေ၊ သံပြိုင်သီချင်းဆိုသံတွေ ကြားရပါတော့ တယ်.. ကျောင်းသားသပိတ်လို့ ခေါ်တဲ့ ၈၈ ခုနှစ်လေ..


ကျောင်းသားတွေ ချီတက်တာ လွန်သွားပြီဆိုရင်တော့ အနောက်က လိုက်လာတာက သေနတ်သံတွေနဲ့ အာဏာပိုင်တွေပဲ ဖြစ်လို့နေတယ်ဆိုတာ.. အဲဒီအချိန်က သေချာ နားမလည်ခဲ့ဘူးလေ.. ကလေးတွေကိုး... အဲလိုတွေ ကြားရ၊ မြင်ရပြီဆိုရင် ကေပိုးတို့တွေ သိပ်ပျော်ကြတယ်ဆိုတာ အဲဒီကျောင်းကို အဲဒီအချိန် တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ သိမယ်ထင်ပါတယ်.. အခြေအနေတွေ ငြိမ်သက်သွားပြီဆိုရင် 
တော့ ကျောင်းအုပ်ကြီးက အမိန့်ပေးလိုက်ပါတော့တယ်.. ပြန်ကြတော့တဲ့.. အဲဒီနောက်တော့ သူများတွေ ဘာတွေဖြစ်နေ ဖြစ်နေ.. ကျောင်းချိန်ကြီး ကျောင်းမတက်ရပဲ အိမ်ပြန်ရတာလောက် ပျော်စရာကောင်းတဲ့ အဖြစ်အပျက်မျိုး .. အပြင်လောကကြီး ဘာဖြစ်ဖြစ် .. ပျော်လိုက်သည့်ဖြစ်ခြင်းရယ်ပေါ့ 
လေ.. နှစ်ယောက်တစ်တွဲ လက်တွဲပြီး ကျောင်းနောက်ပေါက်ကထွက်.. အိမ်ကို ရောက်အောင် တန်းပြန်ဆို တာတွေက.. ကျောင်းပြင်ရောက်တာနဲ့ လေထဲက သဲအိမ်သဖွယ်ပေါ့.. ကျောင်းနောက်ဖေးပေါက်ကနေ.. မပြန်နိုင်ပဲ.. မောင်နှမတွေ စုံအောင်စောင့်.. စုံတာနဲ့ လမ်းလျှောက်ပြန်ကြ၊ ဆော့ကစား ပြန်ကြနဲ့.. လွတ်လပ် ပျော်ရွှင်ဖွယ် ငယ်ဘဝက ၈၈ ဆိုတာ ဂြိုလ်နဲ့လားလို့ မေးရမလို ဖြစ်ခဲ့တယ်လေ...


လမ်းတစ်လျှောက် ဆရာမစကား နားထောင်ပြီး.. အိမ်ကို တန်းတန်းမတ်မတ် ပြန်ပုံများရယ်က.. သူငယ်ချင်းအိမ် ဝင်ဆော့လိုက်.. ဂေါ်လီရိုက်လိုက်.. အရုပ်ထောင်ပစ်လိုက်နဲ့.. တန်းတန်းကို မတ်ရော ဆိုသလိုပါပဲ.. အဲဒီတုန်းက ငယ်ဘဝများ.. ကြောက်စရာ၊ လန့်စရာတွေကြား .. ကြောက်စရာဆိုတာ ဘာလဲလို့ တွေးရမလိုပါပဲလေ.. အဲဒီလိုနဲ့ အရေးအခင်းတွေဖြစ်၊ အဓိကရုဏ်းတွေဖြစ်နဲ့ ပိတ်လိုက်တဲ့ 
ကျောင်း.. ကေပိုးတို့ ကလေးတွေအတွက်တော့ ပျော်စရာတွေချည်းပဲပေါ့.. အိမ်မှာနေကြတော့လဲ ရှာကြံဆော့ကြပုံများ.. ညဘက် တဒိုင်းဒိုင်းနဲ့ ပစ်ခတ်သံတွေ ကြားရင်.. အိမ်က မီးတွေအကုန်ပိတ်၊ တံခါးတွေ ပိတ်၊ အိမ်ရှေ့ ဘယ်သူမှ မနေပဲ.. နောက်ဖွေး အိမ်ထဲက ရေချိုးတဲ့ ရေကပြင်မှာ မိသားစုတွေ ဖယောင်းတိုင်လေး ထွန်းပြီး ကြပ်ကြပ်သိပ်သိပ် နေခဲ့ကြတာကိုလည်း သတိရ အောင်းမေ့မိခဲ့သေး တယ်လေ.. ကလေးတို့ သဘာဝ.. အိမ်ကျယ်ရင်တောင်.. ရှာကြံ ချောင်ထဲတိုးဆော့ တတ်တဲ့ ကေပိုးတို့ မောင်နှမတွေရဲ့ ငယ်ဘဝကို သတိရ အောင်းမေ့ရင်း..

ဆက်ရန်..... 


ကေပိုး
6:40 PM,
13.10.2012

7 comments:

  1. ကေပိုးကွ..... အပိုင်း(၂) ဆက်လက်အားပေးပါမည်.....

    ReplyDelete
  2. အမရေ...အပိုင်း ၂,၃,၄ တွေ ဆက်ပြီးမျှော်နေတယ်နော်....
    အမရဲ့ ငယ်ဘ၀လေးကိုတစွန်းတစ ဖတ်လိုက်ရတော့မှ မိုးနတ်ငယ်ဘ၀လေးကိုတောင်သတိရမိနေသလိုလို....
    အားပေးသွားတယ်နော်..
    ခင်မင်လျက်....မိုးနတ်

    ReplyDelete
    Replies
    1. လာအားပေးတဲ့အတွက်.. ကျေးဇူးပါ.. မိုးနတ်ရေ

      Delete
  3. မှတ်မှတ်ရရငယ်ဘ၀လေး ၁ ကိုတော့ပြီးခဲ့ပါပြီနော် ၂ ၃ ၄ ၅
    လက်ရှိအနေအထားထိအောင်စောင့်နေပါတယ်
    လှည်းတန်းကိုလဲသတိရပြီး
    အမေရဲ့ မုန့်ဗူး က ငါတစ်သက်လုံး သုံးတယ်ဆိုတဲ့ ခပ်ရွဲ့ရွဲ့စကားလေးကိုလဲပြုံးမိသေးတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  4. ငယ်ဘ၀အကြောင်းလေး အားပေးသွားပါတယ် ဆက်ရန်တွေလဲမျှော်နေပါတယ်

    ReplyDelete
  5. ခွိ ..တော်တော် တော်တဲ့ ကိုပေရဲ့အမေ... အာ့မျိုး မှ ပါးနပ်တယ်ခေါ်တာ ...

    ReplyDelete