Pages

Tuesday 10 July 2012

၃၀ ဖီလင်..



ယောင်နန နိုးထလာတဲ့ ဒီမနက် .. မနေ့ကလို မိုးတွေ ထစ်ချုန်း ရွာမနေပဲ.. လှပသာယာလို့ နေခဲ့တယ်.. လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဒီလိုနေ့ရက်မျိုးမှာ ကေပိုးဆိုတဲ့ မိန်းမတစ်ယောက် မွေးခဲ့သတဲ့.. အော်.. အခုတော့ ဘာလိုလိုနဲ့ ဒေါ်ကေပိုး အသက် ၃၀ ရှိခဲ့ပြီ.. ကေပိုး.. ကေပိုးနဲ့ ခေါ်နေရာက သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ သတ်မှတ်ချက်မှာ ဒေါ်တပ်ပြီး ခေါ်ခံခဲ့ရပြီလေ.. ဒေါ်ကေပိုး တဲ့..

ဒီနေ့ရက် မရောက်ခင် အချိန်တော်တော်ကြာကတည်းက .. ဘယ်လိုများ ခံစားရမလဲလို့ ဆိုပြီး.. ဒီနေ့ရက်ကို မျှော်လင့်နေခဲ့မိတယ်.. မွေးနေ့ကူးတဲ့ ညကတည်းက မအိပ်ပဲ စဉ်းစားလိုက်၊ တွေးတောလိုက်၊ ငေးမောလိုက်နဲ့ နေလာလိုက်တာ မွေးနေ့ မနက်လဲ ရောက်ရော.. အိပ်ချင်စိတ်တွေ ကြီးစိုးပြီး ခဏတဖြုတ် အိပ်ပျော်သွားလိုက်တာ ရုံးသွားချိန်လောက်မှ ကျွန်မ နိုးထလာခဲ့တယ်.. အော်.. ဒီနေ့ ၃၀ ပြည့်ပြီတဲ့..



၃၀ တဲ့ သိပ်စိမ်းလွန်းတဲ့ ဂဏန်းပါ.. ဘယ်တုန်းကမှ မရောက်ချင်ခဲ့တဲ့ သတ်မှတ်ချက်တစ်ခုပေါ့.. အမြဲတမ်းလိုလို ပေါ့ပါးလွတ်လပ် ပျော်ရွှင်တဲ့ ၂၀ ပတ်လည် အရွယ်ကနေ.. လူလတ်ပိုင်းလို့ သတ်မှတ်ခံရမယ့်.. လူလတ်ပိုင်းလို့ သတ်မှတ်ပေးမယ့် သတ်မှတ်ချက် ဂဏန်းတစ်ခုကို ကျွန်မ အခုတော့ ရောက်ရှိခဲ့ပြီလေ.. လွတ်လပ်ပေါ့ပါးနေတဲ့ စိတ်တွေကို ထိန်းချုပ်ရင်း.. ဘဝအတွက်၊ မိဘအတွက်၊ နောင်ရေးအတွက်ဆိုတဲ့ ကဏ္ဍပေါင်းများစွာ ဝင်ရောက်လာတော့မယ့် အသက်အပိုင်းအခြားတစ်ခုကို ရောက်ရှိလို့ လာခဲ့ပါပြီ..

မရောက်ချင်တဲ့ ဒီအသက်အရွယ်ကို  မတတ်နိုင်စွာ ရောက်ရှိလာပါတယ် ဆိုကာမှ.. ချစ်စွာသော အကိုတစ်ယောက်က.. ဒီနေ့ ၃၀ ပြည့်တယ်နော်.. မနက်ဖြန် ၃၁ လို့ ဆိုလာပြန်တယ်လေ.. ဟိုးအရင်တုန်းကဆိုရင်တော့.. မမခန့်ခန့်ကြီးတွေ... အန်တီလှလှကြီးတွေကို မြင်တိုင်း.. အော်.. သူတို့ အသက် ၃၀ ကျော် ၃၅ ဝန်းကျင်တွေဟာ တယ်လှ၊ တယ်မိုက်ပါလား.. ချောလိုက်၊ ခန့်လိုက်တာမှ.. သုံးနိုင်၊ စွဲနိုင်လိုက်တာမှ.. ရာထူး၊ ရာခံတွေနဲ့မှ ဆိုပြီး အားကျဖူးခဲ့ပေမဲ့.. အသက် ၃၀ နား နီးလာလေလေ.. ဆက်လက် ထွားကျိုင်းလာခြင်း မရှိတော့တဲ့ ဒီခန္ဓာကိုယ်နဲ့.. လူမလေး၊ ခွေးမခန့်ချင်စရာ အနေအထိုင်တွေရယ်ကြောင့်.. ဒီ ၃၀ ဆိုတဲ့ အသက်အရွယ်ကို ရောက်ချင်စွမ်း ဝေးခဲ့တယ်.. အဲဒီကြားထဲ သုံးနိုင်၊ စွဲနိုင်ဖို့ ဝေးလို့.. တစ်လနဲ့ တစ်လ.. ရတဲ့ လစာတောင် အကြွေး မတင်အောင် အနိုင်နိုင်သုံးနေရတာတွေကြောင့်.. ဒီ ၃၀ စွန်းစွန်း အရွယ်ကို တယ်လဲ မရောက်ချင် ဖြစ်ခဲ့ရတယ်.. ဒါ့အပြင် မွေးနေ့ မတိုင်ခင်ကတည်းက ချစ်လှစွာသော သူငယ်ချင်းတွေရဲ့ .. အပျိုကြီး.. သုံးထိပ်စီးပြောင်းပြီနော်.. သုံးထိပ်စီး ပြောင်းပြီနော် ဆိုတဲ့ စနောက်သံတွေကြောင့်လည်း ဒီနေ့ရက်ကို ရောက်ချင်စိတ် နည်းခဲ့ရတယ်.. ဒါပေမဲ့လည်း အခုတော့ဖြင့် အချိန်ဆိုတာ တားမရတာကြောင့် မရောက်ချင်ခဲ့တဲ့ ဒီအသက်အရွယ်ကို ရောက်လာခဲ့ရပါတော့တယ်..

တစ်ဖက်က လှည့်တွေးပြန်တော့လည်း.. ဒီအသက် ၃၀ အရွယ်မှာ ကျွန်မအတွက် အတွေ့အကြုံများစွာ၊ အပေါင်းသင်းများစွာ၊ အဖြစ်အပျက်များစွာ တွေ့ကြုံ ခံစားခဲ့ရပါပြီ.. နေရာတော်တော်များများ.. အကြောင်းအရာ တော်တော်များများကို ကျင်လည်တွေ့ကြုံခဲ့ဖူးပြီမို့.. တော်ရုံမကြောက်ရွံ့တတ်တော့တဲ့ အသက်အရွယ်လဲ ဖြစ်လို့ နေခဲ့ပြန်တယ်.. ကိုယ်မှန်တယ် ထင်ရင် လုပ်ရဲတဲ့၊ နောက်လှည့်မကြည့်တတ်တဲ့ စိတ်ဓာတ်တစ်ခုကို ရရှိလာတဲ့ အရွယ်လဲ ဖြစ်လို့ နေခဲ့တယ်.. အဲဒါတွေအပြင်..ဒီအချိန်၊ ဒီအရွယ်မှာ ကျွန်မအတွက်၊ ကျွန်မဘဝအတွက်.. အတည်တကျ လက်တွဲမယ့် လက်တွဲဖော်ကောင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သလို.. ကျွန်မကို ချစ်ခင်တဲ့၊ ကျွန်မက ချစ်ခင်တဲ့.. ကျွန်မအတွက် အသိပညာ၊ ဗဟုသုတတွေ တိုးမယ့် အပေါင်းအသင်းကောင်းတွေ၊ လမ်းကြောင်းမှန်တွေ.. ကျွန်မဘဝကို မယိမ်းမယိုင် တည်ဆောက်နိုင်မယ့် ဆုံးဖြတ်ချက်တွေ၊ အတွေ့အကြုံတွေနဲ့ ကျွန်မဘဝကို ရင့်ကျက်မှု ရှိလာအောင် တည်ဆောက်နိုင်တဲ့ အခြေအနေတွေလဲ ဖြစ်လို့လာခဲ့ပြီလေ.. အဲဒီလို ကျပြန်တော့လည်း အသက် ၃၀ ဆိုတဲ့ အရွယ်ဟာ.. ရင့်ကျက်သလောက် ရင့်ကျက်၊ တည်ငြိမ်သလောက် တည်ငြိမ်လို့.. နေပျော်စရာ ဖြစ်လို့ နေခဲ့ပြန်တယ်လေ..

ဒီလိုမျိုး အဆိုးအကောင်းတွေ ရောပြွန်းနေတဲ့ အသက် ၃၀ အရွယ် ဖီလင်ကို .. လတ်တလော.. ကျွန်မ ခံစားပျော်ဝင်ရင်းနဲ့.. ဒီကနေ့ ၃၀ ပြည့်မှာ.. ကျွန်မအပေါ် ချစ်ကြ ခင်ကြတဲ့ .. ကျွန်မသူငယ်ချင်းတွေရဲ့ မွေးနေ့ဆုတောင်းတွေ.. ချစ်လက်ဆောင်တွေနဲ့.. ပျော်ရွှင်မြူးတူးရင်း.. ၃၀ ဘဝရဲ့.. ရင့်ကျက်တည်ငြိမ်မှုများကို ရှာဖွေခံစားလျက် ရှိပါတော့တယ်..

(ကေပိုး)
10. 7. 2012(THU)
9:21 PM

4 comments:

  1. ၃၀ ပြည့်မွေးနေ့လေးမှာညီမလေး ကေပိုးတယောက်
    ဘ၀နဲ့ ဆန္ဒတွေ တထပ်တည်းကျနေပြီး
    ပျော်ရွှင်စွာနဲ့ စာတွေများများရေးနိုင်ပါစေလို့

    ချစ်သော မမစံပယ်

    ReplyDelete
  2. ငါဆို တစ်ယောက်နဲ့တစ်ယောက် မကြည့်ချင်တဲ့ ၃၄ .. အဟေး .. အသက်က အရေးမကြီးပါဘူးဟာ.. ရင်ဘတ်ချင်တူတဲ့ သူငယ်ချင်းတွေ နင့်မှာရှိနေတာပဲ .. ဝမ်းသာလိုက်ဇမ်းဘာ ...

    ချစ်တဲ့
    ဝသုန်

    ReplyDelete
  3. သက္ကရာဇ်တွေ မေ့ထားလိုက်ပါ ။ မိတ်ဆွေကောင်းတွေရှိနေရင် ဘ၀တခြမ်းက ပြည့်စုံတယ် ။

    ReplyDelete
  4. ကျေးဇူးပါရှင်.. ၃၀ ကနေ တဖြည်းဖြည်း.. ၄၀ .. ၅၀.. အို.. မတွေးတော့ပါဘူး.. အကိုတို့ အမတို့ရေ..

    ReplyDelete