Pages

Thursday 2 August 2012

ကျွန်မဖတ်ခဲ့ရသော ကမ္ဘာ့နိုင်ငံရေးလောကမှ သြဇာလွှမ်းမိုးအမျိုးသမီးများ..


စာဖတ်အားနည်းတဲ့ ကျွန်မ .. မနေ့က သူငယ်ချင်းတစ်ယောက်ဆီက သုတအမျိုးအစား စာအုပ်တစ်အုပ် ယူဖတ်ရတယ်... လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က ဖြိုးသာရ ပြုစုထုတ်ဝေတဲ့ ကမ္ဘာ့နိုင်ငံရေးလောကမှ သြဇာလွှမ်းမိုး အမျိုးသမီးများဆိုတဲ့ စာအုပ်ပါ.. လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က စာအုပ်မို့ up to date မဟုတ်တော့ပေမဲ့ ဗဟုသုတ အများကြီးတော့ ရခဲ့ပါတယ်.. အထူးသဖြင့်တော့ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ အမျိုးသမီးများရဲ့ အကြောင်း၊ သူတို့ရဲ့ ဘဝ၊ သူတို့ရဲ့ ဒုက္ခမျိုးစုံကိုသာမက လေးစားလောက်ဖွယ်ရာ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကိုပါ လေ့လာခဲ့ရတယ်.. 

ပထမဆုံးဖတ်ရတာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လူမဲအမျိုးသမီး ကွန်ဒိုလီဇာရိုက်စ်အကြောင်းပါပဲ.. သူမရဲ့ ပညာအရည်အချင်းက စံတင်လောက်အောင်... အသက် ၂၆ နှစ်နဲ့ နိုင်ငံရေးသိပံ္ပပါရဂူဘဲ့္ပကို ရရှိခဲ့တာပါပဲ.. သူမ ၈ နှစ်သမီးအရွယ်မှာ သူမတို့ အိမ်နားက လူမည်းအမေရိကန်ဘုန်းကြီးကျောင်း တစ်ကျောင်းကို ဗုံးဖောက်ခွဲခံခဲ့ရတယ်.. အဲဒီဗုံးပေါက်ကွဲမှုမှာ သူမရဲ့ သူငယ်ချင်းတစ်ယောက် သေဆုံး ခဲ့ရတယ်.. အဲဒီကတည်းက သူမရဲ့စိတ်ထဲ လူမျိုးရေးခွဲခြားမှုကို မုန်းတီးခဲ့တယ်.. ဘွဲ့ရပြီးနောက် နိုင်ငံရေး
လောကထဲ ဝင်ရောက်ခဲ့ပြီး သမ္မတဂျော့အိပ်ခ်ျဒဗလျူဘုရှ်ရဲ့ အစိုးရအဖွဲ့တွင် ဒုတိယ အကြီးအကဲတာဝန်
နှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်.. သူမရဲ့ တင်းမာသော ဆက်ဆံမှု၊ ဖော်ရွေ
သောအသွင်တို့ကြောင့် လူအများက သူမကို Warrior Princess (စစ်သည်တော် မင်းသမီး) ဟု ခေါ်ဝေါ်ကြ တယ်.. သူမရဲ့ အောင်မြင်မှုတွေကြောင့် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွေမှာ တိုင်းမ်စ်မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးနိုင်ဆုံးပဂ္ဂိုလ်အဖြစ် အရွေးချယ်ခံခဲ့ရတယ်.. 


ဒုတိယတစ်ယောက်က ဆိုနီယာဂန္ဒီ.. အိန္ဒိယ အာဏာရကွန်ဂရက်ပါတီ ဥက္ကဌ၊ အိန္ဒိယဝန်ကြီးချုပ်ဟောင်း အင်ဒီယာဂန္ဒီရဲ့ ချွေးမ၊ အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့မိန်းမ.. သူမက အိန္ဒိယသူမဟုတ်၊ အီတလီ
နွယ်ဖွားတစ်ဦး.. ဒါပေမဲ့ ရာဂျစ်နဲ့ ရပြီးကတည်းက သူမကိုယ် သူမ အိန္ဒိယသူအဖြစ် ခံယူထားခဲ့ သူ ဖြစ်တယ်.. သူမကလဲ ကိန်းဘရစ်ခ်ျတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့တယ်.. ယောက္ခမဖြစ်သူ
ရော၊ ယောက်ျားဖြစ်သူပါ လုပ်ကြံခံရပြီးတဲ့နောက်.. နှစ်အတန်ကြာမှာ နိုင်ငံရေးလောကသို့ ဝင်ရောက်လာ ခဲ့တယ်.. အိန္ဒိယ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ထိုပါတီကြီးအား အောင်မြင်အောင် ဦးဆောင်
နိုင်ခဲ့သလို.. ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်.. အဲဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်
ရာထူးကို ရရှိခဲ့သော်လည်း သူမနေရာတွင် ဘောဂဗေဒပညာရှင် မန်မိုဟန်ဆင်းကို အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီး ချုပ်အဖြစ် တင်မြှောက်ခဲ့တယ်.. အဲဒီနောက် ကွန်ဂရက်ပါတီဥက္ကဌအဖြစ် သိက္ခာရှိစွာ ဆက်လက်ရပ်တည် လျက်ရှိခဲ့တယ်.. 

နောက်တစ်ယောက်က အစ္စရေးနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဇစ်ပီလစ်ဗနီပဲ ဖြစ်တယ်.. သူမက Bar Ilan တက္ကသိုလ်မှ ဥပဒေပညာမဟာဘွဲ့ကို ရရှိခဲ့တယ်.. အဲဒီနောက်နိုင်ငံရေးလောက၌ တာဝန်မျိုးစုံ၊ ရာထူးမျိုးစုံ ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အစ္စရေးနိုင်ငံရဲ့ ဒုတိယဝန်ကြီး ချုပ်၊  နိုင်ငံခြား ရေးဝန်ကြီး တာဝန်များကို စတင်ထမ်းဆောင်ခဲ့တယ်.. အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသော အကြမ်းဖက်သမားများနှင့် အစ္စရေးတပ်ကို ခုခံတိုက်ခိုက်နေသော ပါလက်စတိုင်း
 ပြောက်ကျားများကို တိကျစွာပိုင်းခြားနိုင်တဲ့ ပထမဆုံးအစ္စရေးဝန်ကြီးအဖြစ် နာမည်ကြီးခဲ့တယ်.. အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်နှင့်အလွန်းရင်းနှီးပြီး ရိုက်စ်ကိုယ်တိုင်က သူမကို အစ္စရေးနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကြယ်တစ်ပွင့်လို့ သတ်မှတ်ခဲ့တယ်..

ဂလိုဒီယာမာကာပါကယ်လ် အာရိုယို.. သူမက ဖိလစ်ပိုင်သမ္မတတစ်ဦး.. သူမဖခင်ကလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတဟောင်းတစ်ဦးဖြစ်တယ်.. အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်း တက္ကသိုလ်မှာ စီးပွားရေးပါရဂူဘွဲ့ကို ရရှိခဲ့တယ်.. ၁၉၉၂ မှာ အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်အရွေး ချယ်ခံခဲ့တယ်.. ၉၅ မှာ အထက်လွှတ်တော်တွင် မဲအများဆုံးရရှိခဲ့တယ်.. အဲဒီနောက် ၂၀၀၁ ခုနှစ်မှာ သမ္မတ ဂျိုးဇက်အက်စထရာကို ဖြုတ်ချပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့တယ်.. သူမရဲ့ ပါးနပ်မှု၊ သံတမန်ရေးကျွမ်းကျင်မှုများကြောင့် ဝိုင်းရံနေသော နိုင်ငံရေးအတိုက်အခံများ၊ မွတ်စလင် သူပုန်များနှင့် ကွန်မြူနစ်များကြား သံမဏိခဲအဖြစ် ရပ်တည်နိုင်ခဲ့တယ်.. 

နောက်တစ်ယောက်က ဂျာမဏီနိုင်ငံရဲ့ အဓိပတိ၊ ဝန်ကြီးချုပ် အင်ဂျလာမာကယ်လ် ဖြစ်တယ်.. သူမကို Iron Lady 3 လို့လဲ တင်စားခေါ်ဝေါ်ကြတယ်.. သူမက ရူပဗေဒဘာသာရပ်နဲ့ ပါရဂူဘွဲ့ကို ရရှိခဲ့သူ
ဖြစ်တယ်.. ၁၉၈၉ နောက်ပိုင်းမှာ နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဂျာမဏီ နိုင်ငံရဲ့ အဓိပတိဖြစ်လာခဲ့တယ်.. အဲဒီနောက် ၂၀၀၇ ခုနှစ်တွင် ဥရောပနိုင်ငံတွေအားလုံးရဲ့ ဥရောပသမဂ္ဂမှာ ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပြန်တယ်.. ဂျာမန်ဘာသာအပြင် အင်္ဂလိပ်ဘာသာကိုပါ ကျွမ်းကျင်သောကြောင့် ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာနှင့် နှိုင်းယှဉ်ရေးသားခြင်းကို ခံခဲ့ရတယ်.. သူမရဲ့ ခေါင်းဆောင်မှုဟာ သိမ်မွေ့ပြီး မသိမသာ ပြောင်းလဲစေလျက် ကြီးမားသောအကျိုးရလဒ်ကို ဖြစ်ထွန်းစေသော ပါရမီရှင်တစ်ဦး လို့ လူအများက သတ်မှတ်ကြသလို.. စဉ်းစဉ်းစားစား လုပ်ကိုင်တတ်သော်လည်း ကျားကုတ်ကျားခဲ လုပ်တတ်သူဖြစ်သောကြောင့် မိမိကိုယ် မိမိ စိတ်ချယုံကြည်မှု များနှင့်အတူ အောင်မြင်မှုများ ဆီသို့ ရှေးရှုနိုင်သူဟုလည်း.. ထင်ရှားသူဖြစ်တယ်..

ဘနာဇီယာဘူတို.. ပါကစ္စတန်နိုင်ငံရေးလောကမှာ တကယ့်ကို နာမည်ကြီးသူတစ်ဦး.. ဝန်ကြီးချုပ်ဟောင်း အလီဘူတိုရဲ့ သမီးဖြစ်ပြီး.. ပါကစ္စတန်ရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်တယ်.. အမေရိ ကန် နိုင်ငံ ဟားဗက်စ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့တယ်.. ထို့နောက် ဖခင်အား လျှို့ဝှက်ကြံစည်မှုဖြင့် ကြိုးပေးကွပ်မျက်ခံခဲ့ရပြီးနောက်ပိုင်း သူမ အကျဉ်းချထားခံခဲ့ရတယ်.. ထို့နောက် နယ်နှင်ဒဏ် ပေးခံခဲ့ရပြီး .. ၁၉၈၆ တွင် ပါကစ္စတန်သို့ ပြန်လာကာ နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့တယ်.. အဲဒီနောက်  ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အဂတိလိုက်စား သည်ဟုဆိုကာ ရာထူးမှ ဖြုတ်ချ ခံခဲ့ရပြီး ဒူဘိုင်းနိုင်ငံသို့ ပြည်ပြေးအဖြစ်ခိုလှုံခဲ့တယ်.. သူမကား အပြောကောင်းသူ အဖြစ် ကျော်ကြားသလို သူမအား သနားသူများ၊ သူမဖခင်အား လေးစားသူများက သူမကို ထောက်ခံ ခဲ့တယ်.. ၂၀၀၇ တွင် နိုင်ငံသို့ ပြန်လာခဲ့ပြီး ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းနေစဉ်.. အသေခံဗုံးခွဲ သမားတို့ရဲ့ လက်ချက်ကြောင့် အသက်သေဆုံးခဲ့ရတယ်.. 

နောက်တစ်ဦးက ကမ္ဘာကျော် ဘုရင်မကြီး အဲလစ်ဇဘက်.. သူမကို အဲလစ်ဇဘက်(၂) လို့ ခေါ်တယ်.. ဖခင်က အင်္ဂလန်နိုင်ငံရဲ့ ဆဌမမြောက် ဂျော့ဘုရင်.. မွေးဖွားချိန်တွင် ထီးမွေနန်းလျာအတွက် တတိယ
မြောက် နေရာတွင်ရှိသော်လည်း.. ဦးလေးတော်သူ ဝေလမင်းသားကြီး၌ ရင်သွေးရတနာ မရရှိလာ တော့ သဖြင့်.. ထီးနန်းအမွေကို သူမရရှိခဲ့တယ်.. သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ပြင်သစ်ဘာသာစကား ကိုလည်း ကျွမ်းကျင်စွာ ပြောဆိုတတ်သူတစ်ဦးလည်း ဖြစ်တယ်.. ၁၉၅၃ခုနှစ်တွင် အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးဖြစ်လာခဲ့ပြီး ထိုစဉ်က သူမအသက်မှာ ၂၇ နှစ်သာ ရှိခဲ့တယ်.. နိုင်ငံရေး နယ်ပယ်နှင့် ပတ်သက်ခြင်း မရှိပဲ.. နိုင်ငံရေးသမားများနှင့်လည်း ခွန်းကြီးခွန်းငယ် စကားများကို ချေငံပြေပြစ် စွာ ပြောဆိုနိုင်သူဖြစ်တယ်.. သက်တော် ၈၀ကျော်အထိ သြဇာရှိဆဲ၊ ပြည်သူများကြား မှဲ့တစ်ပေါက်မစွန်း ပဲ၊ နိုင်ငံရေးအငြိအစွန်းမရှိ ပကတိတည်ငြိမ်စွာ ရပ်တည်နေနိုင်သူအဖြစ် ကမ္ဘာက လေးစားရသူအဖြစ် သတ်မှတ်ခံထားရသူဖြစ်တယ်..

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဇီနာဝါဇစ်.. ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးသမ္မတ၏သမီးကြီး.. ၁၉၇၅ မှာ ဟာဇီနာမီးသားစုတစ်စုလုံး လုပ်ကြံခံရတယ်.. သူနဲ့ သူ့ညီမသာ အနောက်ဂျာမဏီကို ရောက်ရှိ
နေတဲ့အတွက် အသက်ဘေးမှ လွတ်ခဲ့ရတယ်.. ၁၉၉၆ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ခုနှစ်တွင် တစ်ကြိမ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့တယ်.. သူမလက်ထက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးအတွက် ကြိုးပမ်းခဲ့တယ်.. စာရေးဝါသနာပါပြီး စာအုပ်များစွာကို လည်း ရေးသားခဲ့တယ်.. ရှိတ်ဟာဇီနာသည် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များကောင်စီတွင်  အဖွဲ့ဝင်
ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများ၌ ပါဝင်ထမ်းဆောင်လျက်ရှိတယ်..

ဝုရီ.. တရုတ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး.. Iron Lady ဟု ထင်ရှားသူတစ်ဦးဖြစ်တယ်.. ပီကင်း
ရေနံသိပ္ပံမှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့တယ်.. အဲဒီနောက် တရုတ်နိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းများတွင် ရာထူးနေရာများစွာကို တာဝန်ထမ်းဆောင်ခဲ့တယ်..SARS ရောဂါဆိုးကြီးကို တာဝန်ယူဖြေရှင်း နိုင်ခဲ့သော
ကြောင့် TIME မဂ္ဂဇင်းကြီးက Goddess of Transparency (ထွင်းဖောက်သိမြင် ပါရမီရှင်)ဟု ကင်းပွန်း တပ်ခြင်းခံခဲ့ရတယ်.. ဒုတိယဝန်ကြီးချုပ်ဖြစ်လာချိန်တွင် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သူလည်း ဖြစ်တယ်.. တရုတ်အစိုးရအဖွဲ့တွင် အလွန်ခိုင်မာ
ပြင်းထန်သော စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူအဖြစ် နာမည်ကျော်ကြားခဲ့တယ်..

ပရာတီဘာဒေဗီဆင်းပတေးလ်.. အိန္ဒိယသမ္မတ.. အိန္ဒိယနိုင်ငံရဲ့ ၁၂ ယောက်မြောက် သမ္မတဖြစ်တယ်.. ၂၀၀၇ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတယ်.. မွန်ဘိုင်းဥပဒေကောလိပ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့တယ်.. ၁၉၆၂ခုနှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး နိုင်ငံ၏ ရာထူးနေရာ တော်တော် များများတွင် တာဝန်ယူခဲ့ဖူးသူလဲ ဖြစ်တယ်.. ၂၀၀၇ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ သလို ဆိုနီယာဂန္ဒီကလည်း ပတေးလ်ရဲ့အမည်ကို အဆိုပြုတင်သွင်းခဲ့တယ်..

တိုင်မိုရှင်ကို.. ယူကရိန်းဝန်ကြီးချုပ်.. အမည်ရင်းမှာ ယူလီယာတိုင်မိုရှင်ကိုဖြစ်တယ်.. စီးပွားရေးဘွဲ့ကို ရရှိခဲ့ပြီး ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သူဖြစ်တယ်.. ၂၀၀၁ခုနှစ်ထုတ် The Globe and Mail တွင် အချောဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခံခဲ့ရတယ်.. ဆိုဗီယက်ယူနီယံ မပြိုကွဲခင်အထိ စွမ်းအင်ဆိုင်ရာ 
ကိစ္စရပ်များကို ညွှန်ကြားနိုင်ခဲ့သောကြောင့် ထင်ရှားသူတစ်ဦးဖြစ်လာတယ်.. စွမ်းအင်ဆိုင်ရာဥက္ကဌအဖြစ် ခန့်အပ်ခံရပြီး ဓာတ်ငွေ့မင်းသမီးဟု အမည်ပြောင်တွင်ခဲ့သူလည်း ဖြစ်တယ်.. ၁၉၉၆တွင် နိုင်ငံရေးလောက သို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ယူကရိန်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတယ်...

အမေရိကန်အထက်လွှတ်တော်အမတ်.. ဟီလာရီကလင်တန်.. အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ယောက် မြောက် သမ္မတ ဘီလ်ကလင်တန်ရဲ့ ဇနီးဖြစ်ပြီး ရှေ့နေတစ်ဦးလည်း ဖြစ်ကာ.. ပြည်သူ့ ဝန်ထမ်းအဖြစ် ပထမုံး ရွေးချယ်ထံရသော First Lady လဲဖြစ်တယ်... ၁၉၆၉ တွင် နိုင်ငံရေး သိပံ္ပဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး.. ယေးလ်တက္ကသိုလ်မှာ ဥပဒေဆိုင်ရာပါရဂူဘွဲ့ကို ရရှိခဲ့တယ်.. ထို့နောက် ခင်ပွန်းသည် သမ္မတဖြစ်လာသောအခါ နိုင်ငံ၏ လုပ်ငန်းနေရာများတွင် ရာထူးတာဝန်များစွာကို ထမ်းဆောင်ခဲ့တယ်.. ၁၉၉၈ တွင် လက်ရှိအထက်လွှတ်တော်အမတ် အငြိမ်းစားယူသွားသဖြင့် ထိုနေရာ အား ဝင်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့ပြီး First Lady မှ ပထမဆုံးလွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးဖြစ်လာတယ်.. ဟီလာရီသည် စာရေးကောင်းသူတစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် စာမျက်နှာ ၅၆၂မျက်နှာပါ ကိုယ်ရေးအတ္ထုပတ္တိကို ရေးသားထုတ်ဝေခဲ့သူလည်း ဖြစ်တယ်...

ကျွန်မဖတ်ခဲ့ရတဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သော သြဇာကြီးမားတဲ့ စာအုပ်က ဒီမှာတင် ပြီးဆုံးခဲ့ပါတယ်.. စာအုပ်ပြီးသွားပေမဲ့ ဒီစာအုပ်ထဲက ရလိုက်တာတွေကတော့ ကျွန်မအတွက် အဖိုးမဖြတ်နိုင်စရာ ဗဟုသုတတွေပါပဲ.. ဒီစာအုပ်က လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ထုတ်ဝေထားတာမို့ ဒီနေ့ဒီအချိန်မှာ 
up to date မဖြစ်တော့ပေမဲ့.. ဒီနေ့ဒီအချိန်မှာ ဒီစာအုပ်ထဲမှာ ပါတဲ့ အမျိုးသမီးတွေရဲ့ ဘဝအပြောင်း အလဲတွေ ရှိခဲ့ပေမဲ့ တစ်ချိန်က ကမ္ဘာကို သြဇာလွှမ်းမိုးနိုင်ခဲ့တယ်ဆိုတာကိုလည်း လေ့လာနိုင်ခဲ့သလို.. သူတို့ရဲ့ နိုင်ငံရေးအသိအမြင်၊ လိမ်မာပါးနပ်မှု၊ ပညာရည်ပြည့်ဝမှု၊ နိုင်ငံကို ထိန်းသိမ်းနိုင်မှုတွေက စာဖတ်သူ ကျွန်မကို ဗဟုသုတတွေ ပေးသလို.. ကမ္ဘာမှာ အမျိုးသမီးတွေလည်း ကြိုးစားရင် ရှေ့တန်း တစ်နေရာ ရောက်နိုင်ပါလားဆိုတာတွေကို သိမြင်လာခဲ့ရုံသာမက.. ယနေ့ခေတ် မြန်မာအမျိုးသမီးလေး
တွေရဲ့ အယူမှားနေတဲ့ နာမည်ကြီးခြင်းသဘောတရားတွေကိုလည်း.. ဒီလိုမျိုး ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်း ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ကြည့်မိပါတော့တယ်..






4 comments:

  1. ကေရေ
    ကမ္ဘာကိုကိုင်လှုပ်နိုင်တဲ့အမျိုးသမီးထဲဖတ်ဖူးတာဆိုလို့ ရာဂျစ်ဂန္ဒီရဲ့မိန်းမ
    တစ်ယောက်ပဲဖတ်ခဲ့ဖူးတယ်ကျန်တာတွေကေရဲ့ကျေးဇူးနဲ့ဒီနေ့ဖတ်ခဲ့ပါပြီ

    ReplyDelete
    Replies
    1. လာအားပေးတဲ့ ကျေးဇူး မမစံပယ်ရေ..

      Delete
  2. လေ့လာသွားပါတယ် ။ဗဟုသုတတိုးစေလို့ ကျေးကျေးပါ

    ReplyDelete
  3. ကောင်းလေစွ.. ကျေးဇူးပဲကေရေ .. မသိသေးတာတွေလည်း သိရ.. မေ့နေတာတွေလည်း အစပြန်ရ .. မွမွ

    ချစ်တဲ့
    သင်အိ အရီး

    ReplyDelete