ဒီနေ့ ရုံးက အမတစ်ယောက်နဲ့အတူ
ပုဂ္ဂလိကဆေးရုံတစ်ခုကို ရောက်ခဲ့တယ်.. အမှတ်ရစရာကတော့ အဲဒီဆေးရုံကို
အခုအကြိမ်နဲ့ဆိုမှ နှစ်ကြိမ်တိတိ ရောက်ဖူးခြင်းပါပဲ.. အဲဒီကို သွားမယ်လို့ ထိုအမက
ဆိုလာတော့ မျက်လုံးထဲ အရင်က မြင်ကွင်းတွေ တစ်ခုချင်း ပြန်မြင်လာခဲ့တယ်..
ရှင်းရှင်းပြောရရင် ကိုယ်.. အဲဒီနေရာ၊ အဲဒီပတ်ဝန်းကျင်ကို ပြန်မရောက်ချင်ဘူးလေ..
အလုပ်သွားရင်
နေ့တိုင်းဖြတ်သွားနေရတဲ့ လမ်းဖြစ်ပေမဲ့ သာမန်သဘောမျှသာ သဘောထားနိုင်အောင်
ကြိုးစားခဲ့ပေမဲ့ လမ်းမကြီးကနေ ချိုးကွေ့ဝင်တဲ့ ဆေးရုံအဝင်လမ်းလေးဆီရောက်တာနဲ့
ရုပ်ရှင်ပိတ်ကားပေါ်က အရုပ်တွေ အသက်ဝင်လာလေသလား.. အတိတ်ပုံရိပ်တွေက
ကြည်လင်ပီသလို့လာခဲ့တယ်.. တစ်ဆက်တည်းမှာ .. ကိုယ့်မျက်လုံးတွေ
ဝေဝါးလာရလောက်အောင်.. မျက်ရည်ဝဲခဲ့ရတယ်.. ဒါပေမဲ့ ကိုယ် မျက်ရည်မကျခဲ့ပါဘူး..
သြော်.. ၂ နှစ်တောင် ကြာခဲ့ပြီပဲလေ..
လာမယ့် စက်တင်ဘာရဲ့
လဆန်းရက်တွေထဲက တစ်ရက်ဟာ.. ကိုယ့်အတွက်.. ဒီဆေးရုံကို ပထမဆုံးရောက်ဖူးတဲ့
နေ့ရက်တစ်ရက်အဖြစ် လွန်ခဲ့တဲ့ ၂ နှစ်က သတ်မှတ်ခြင်း ခံခဲ့ရတယ်.. အဲဒီနေ့က
ထူးထူးခြားခြား မိုးတွင်းကြီး နေတွေပူလို့.. ဒါပေမဲ့ ကိုယ့်အတွက်တော့
အမှောင်ကျခဲ့ရတဲ့ နေ့ရက်တစ်ရက် ဖြစ်ခဲ့တယ်..
မနက်မိုးလင်းကတည်းက လိုအပ်တာတွေ
ထုပ်ပိုးပြင်ဆင်ပြီး.. အိမ်နားက ပုဂ္ဂလိကဆေးရုံကြီးတစ်ခုမှာ.. နယ်က လာမယ့် ကားကို
ရောက်လာနိုးနဲ့ ကိုယ်တို့တွေ သွားစောင့်ခဲ့ကြတယ်.. ၁၀ နာရီရောက်မယ်.. ၁၁
နာရီရောက်မယ်.. ညနေမှ ရောက်မယ်ဆိုတဲ့ ဖုန်းအဆက်အသွယ်တွေကြောင့် အိမ်ခဏပြန်နားရင်းရယ်က..
"စုံစမ်းကြပါဦး.. ဟိုမြန်မာဆေးဆရာ.. သွားကြပါဦး.. ပင့်ကြပါဦး"..
ဆိုတဲ့ စကားတွေကြောင့် အနီးအနားမှာ အားကိုးစရာ ကျားကျားလျားလျား ကိုယ်ခွဲမရှိတဲ့..
နုနယ်တဲ့ မိန်းမသားဖြစ်တဲ့ ကိုယ်.. စိတ်ကို ခိုင်ခိုင်ထားပြီး ကားကို
အနိုင်နိုင်မောင်းကာ.. မြန်မာဆေးဆရာတစ်ယောက်အိမ်ကို ရောက်ခဲ့ရပြန်တယ်..
အဲဒီနောက် "အိမ်ကို
ပင့်လာပါဟဲ့.. မြန်မြန်ပြန်လာပါဟဲ့".. ဆိုတဲ့ စကားတွေကြောင့်
နှေးကွေးလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ လိုက်ပါလာသော ထိုဆေးဆရာကို ချီ မ
ခေါ်ချင်စိတ်တွေ ထိန်းသိမ်းရင်း အိမ်အရောက်ု ပင့်လာခဲ့တယ်.. အဲဒီလောက်တောင် ကိုယ့်စိတ်တွေလောနေရပြီလေ..
မြန်မြန်ပြန်လာဆိုတဲ့ စကားတွေကြောင့် ကားကို အရှိန်မြှင့် မောင်းနှင်ရင်း..
အိမ်အရောက်မှာတော့ .. "သမီး.. ကားမမောင်းနဲ့တော့.. အမေတို့ လိုက်သွားရမယ်..
အိမ်နားက ဆေးရုံမဟုတ်ဘူး.. မြို့ထဲက ဆေးရုံတစ်ရုံကို".. လို့ဆိုကာ လမ်းထဲက
အကိုတစ်ယောက်က.. ကားမောင်းသူနေရာ ဝင်ထိုင်ရင်း ကိုယ်တို့ အိမ်က စထွက်ခဲ့ရတယ်..
အဲဒီကတည်းက သိလိုက်တာက.. ကိုယ့်ဘဝ၊ ကိုယ့်မိသားစုဘဝ အမှောင်ဖုံးခဲ့တယ် ဆိုတာပါပဲ..
တစ်လမ်းလုံး.. ကားပေါ်ပါလာတဲ့
အမေ့ကို မေးရင်း.. ကားပေါ်ပါလာတဲ့ ဆရာဝန်ညီမဝမ်းကွဲဆီက .. အမှန်မဟုတ်တဲ့ စကားကို ကြားချင်ရင်း..
အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကိုယ်ကြိုးစားခဲ့တယ်.. ရင်မဆိုင်ချင်တဲ့စိတ်၊
ရင်မဆိုင်ရဲတဲ့စိတ်တွေနဲ့ ငြင်းဆန်ချင်ခဲ့ပေမဲ့.. အဖြစ်မှန်ဟာ အဖြစ်မှန်ပဲမို့
ကိုယ် ဘာမှ မတတ်နိုင်ခဲ့ဘူးလေ.. ဘေးမှရှိနေတဲ့ အမေ့လက်ကို ဆုပ်ကိုင်ရင်း..
အဝေးရောက်နေတဲ့ မောင်နှမတွေကို တမ်းတမိခဲ့တယ်.. သြော်.. အဲဒီအချိန်က ကိုယ့်ဘေးမှာ
ခိုကိုးရာ.. အမေ့ရင်ခွင်ပဲ ရှိခဲ့တယ်လေ်..
ရောက်ချင်ဇောများနေတဲ့
ကိုယ်တို့သွားမယ့် ဒီဆေးရုံက.. တစ်မြို့ထဲ ဖြစ်နေပေမဲ့.. ကိုယ်တို့အတွက် သိပ်ကို
ဝေးလွန်းနေတယ်လို့ ထင်ခဲ့မိတယ်.. ဘယ်လောက်တောင်များ ဗျာများနေခဲ့သလဲဆို..
ဆေးရုံပေါက်ဝကို ကျော်လို့ ကားပြန်ကွေ့ယူရတဲ့အထိတောင်ပါပဲ.. ပြန်ကွေ့လာတဲ့
ကိုယ်တို့ကား.. ဒီဆေးရုံရဲ့ အဝင်လမ်းမှာကိုပဲ.. တိုက်မိမလို ဖြစ်လိုက်..
ကားပိတ်ကြပ်သပ်နေလိုက်နဲ့ ဂြိုလ်ဆိုးဝင်သလို ဖြစ်ခဲ့ရတယ်.. နောက်တော့ တကယ့်ကိုပဲ
ဂြိုလ်ဆိုးဝင်ခဲ့တယ်လေ..
ဆေးရုံထဲ ဝင်လာတဲ့
ကိုယ့်စိတ်တွေက.. တိတ်ဆိတ်ခြောက်သွေ့လို့ သုဿန်တစပြင်လို ဖြစ်နေခဲ့တယ်..
အငိုလွယ်တဲ့ ကိုယ့်မျက်လုံးက ဒီနေ့ကျမှ ထူးထူးခြားခြား ခြောက်ကပ်လို့.. ဆေးရုံဝင်းထဲ အရောက်.. လူနာတင်ကားတစ်စီး..
လှမ်းအတားမှာတော့.. ကိုယ်နဲ့အမေ .. ကားပေါ်က ပြေးဆင်းခဲ့ရပါပြီ..
လူနာတင်ကားပေါ်က နွေးနေဆဲခန္ဓာက..
ကိုယ်တို့ရင်က အသည်းတွေကို ဆွဲဆုပ်ယူသွားသလိုပါပဲ.. ကိုယ့်ဘဝအတွက် ရွှေတောင်ကြီး
ပြိုခဲ့ရပါပြီ.. အိမ်အပြန်လမ်းမှာ အိမ်မရောက်လာနိုင်တော့တဲ့ ကိုယ်တို့ရဲ့
အားကိုးရာကို.. ရင်နင့်စွာ ဆုံးရှုံခဲ့ရတယ်.. အဲဒီလို ဆုံးရှုံးခဲ့တဲ့ မိနစ်ပိုင်းမျှ
အချိန်လေးကိုမှ .. မငဲ့ကွက်.. အားကိုးတကြီး ရောက်လာတဲ့.. ဒီအပူမျက်နှာတွေကို
မထောက်ထား.. အားပေးကူညီမှု မရှိခဲ့တာကတော့.. ဒီပုဂ္ဂလိကဆေးရုံပါပဲ..
မိနစ်ပိုင်းမျှသာ ရှိသေးတဲ့ ဆုံးရှုံးထားတဲ့ ဒီအခြေအနေကို.. လစ်လျှူရှုလို့.. သူတို့
တာဝန်မယူနိုင်ပါဘူးလို့ ဆိုလာတဲ့ .. ဒီဆေးရုံမျိုးကို.. အဲဒီအချိန်ကတည်းက
မုန်းတီးခဲ့မိတယ်..
ဘယ်သူကမှ
တာဝန်ယူခိုင်းခြင်းမျိုးလည်း မရှိခဲ့၊ ဘယ်သူကမှလဲ လောကသဘာဝကို ငြင်းဆန်ခြင်းမျိုး
မရှိခဲ့ပါပဲ.. အားကိုးတကြီးလာခဲ့တဲ့ မိသားစုရဲ့ မျက်နှာတွေကို ထောက်ထား.. ဖေးမခြင်းမရှိတဲ့အပြင်..
လှမ်းလာတဲ့ ဒီရင်ခွင်တွေကို ကန်ကျောက်လို့ ဘယ်နေရာမှ ဝင်ခွင့်မပေးခဲ့ပဲ..
ကားရပ်ရာ.. ကားပါကင်မှာပဲ လဲလျောင်းနေခဲ့ရတဲ့ အသက်မဲ့တဲ့ ဒီခန္ဓာကို ကြည့်ရင်း..
ပုဂ္ဂလိကဆေးရုံမျိုးကို အလွန့်အလွန် မုန်းတီးခဲ့ပါတော့တယ်..
အားကိုးတကြီးလာခဲ့တဲ့
လူနာမိသားစုကို ဖေးမဖို့အတွက် နှလုံးသားမရှိ.. စိတ် သက်သာစေဖို့
နားလည်မပေးနိုင်တဲ့ ရင်ခွင်မျိုးနဲ့ တည်ဆောက်ထားတဲ့ ဒီဆေးရုံကို.. ဆေးရုံမှ
ဟုတ်ပါလေစလို့.. ကိုယ် သံသယ ဝင်ခဲ့မိတယ်.. အဲဒီလို ကိုယ် မုန်းတီးခဲ့တဲ့
ဒီဆေးရုံကို.. ၂ နှစ်ကြာပြီးခဲ့တဲ့နောက်.. ဒီနေ့ရက်မှာ ကိုယ်ပြန်လည်ရောက်ရှိခဲ့ရတယ်..
အချိန်တွေ ဘယ်လောက်ကြာသွားခဲ့ပါစေ.. နှလုံးသားဒဏ်ရာက အမြစ်တွယ်နေပြီမို့..
နာမည်ကြားလိုက်တာနဲ့ပင် မုန်းတီးခဲ့တဲ့ ဒီနေရာမှာ.. ခဏတာ ထိုင်ငေးရင်း လွန်ခဲ့တဲ့
၂ နှစ်က အဖြစ်အပျက်များကို မျက်ရည်ဝဲကာ မြင်ယောင်မိပါတော့တယ်..
(ခွဲခွာခဲ့တာ ၂ နှစ်ပြည့်ပြီဖြစ်တဲ့ ဖေဖေသို့ တမ်းချင်း)
(ကေပိုး)
14.8.2012
11:30 AM
(ကေပိုး)
14.8.2012
11:30 AM
ဂျက်လဲ ဆေးရုံ ဆိုတာကြီးကိုမုန်းမိတယ် ဒါပေမယ့်လဲ
ReplyDeleteသူ့ဆီကိုနေ့တိုင်းသွားနေရတယ်
တခါတလေကိုယ်ကမုန်းပေမယ့်လဲ ဆက်ဆံနေရမျိုးပေါ့နော်
လွန်ခဲ့တဲ့ နှစ်နှစ် က အဖေကိုတမ်းတရင်းရေးတဲ့ ပိုစ့်လေးရင်ဘတ်နဲ့ဖတ်ခဲ့တယ်နော်
လာအားပေးတဲ့အတွက် ကျေးဇူး မမရေ..
Deleteဆေးရုံဆိုတာ ဒီလိုပါပဲ။
ReplyDelete