ကိုပိုင်ရေ....
ကိုပိုင်ရေးထားတဲ့ ကိုပိုင်တို့ ကျောင်းအကြောင်းတွေ ဖတ်ရတော့ ညီမလေ... ညီမလဲ အဲဒီကျောင်းကြီးမှာ ပညာရင်နို့ စို့ခဲ့ဖူးတာမို့ လွမ်းမိတယ် ကိုပိုင်ရေ..ညီမတို့နှစ်တွေတုန်းက အထက်တန်းပြီးရင် တက္ကသိုလ်ဆက်တက်ဖို့ ၂ နှစ်လောက် စောင့်ရတာမို့ အားနေတဲ့အချိန်လေး သင်တန်းတွေ တက်ဖို့ စုံစမ်းတော့ ဒီကြို့ကုန်းကျောင်းကြီးမှာ ညနေပိုင်း ၂ နှစ် ဒီပလိုမာတွေ ဖွင့်တယ်တဲ့.. အဲဒါကြောင့် ၀င်ခွင့် ၀င်ဖြေတော့ အောင်တာမို့ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဒီကျောင်းကြီးရဲ့ ကျောင်းသူတစ်ဦးဖြစ်ခဲ့ရတယ် ကိုပိုင်ရေ.. ကိုပိုင် ပြောပြောနေတဲ့ သြဘာလမ်းကိုလဲ ညီမလျှောက်ဖူးခဲ့တယ်.. ပုဏ္ဍရိပ်ပင်တန်းတွေရှိတဲ့ ဒီလမ်းမှာ အထက်တန်းအောင်ကာစ ဒီကလေးမတွေ ပြေးလွှားဆော့ကစားဖူးခဲ့တယ် ကိုပိုင်ရေ...
ညနေပိုင်း အတန်းမစခင်အချိန်တွေဆိုလဲ ကျောင်းကိုစောစောလာပြီး ၀င်ပေါက်မုဒ်ဦးကြီးမှာ ထိုင်ခဲ့ဖူးတယ်... ကွန်ကရစ်တိုင်ကြီးတွေဆီကိုလဲ ဒီကလေးမတွေ အလုအယက် နေရာလုပြီး ထိုင်ခဲ့ဖူးတယ်.. တခါတလေကျတော့လဲ အလယ်ရေပန်းအ၀ိုင်းမှာ သွားရောက်ဆော့ကစားခဲ့ဖူးသေးတယ် ကိုပိုင်ရေ... ညီမတို့ ဒီပလိုမာတန်းတွေက တစ်နေ့မှာ အတန်းချိန် ၃ ချိန်ပဲ ရှိခဲ့တယ်... အဲဒီ ၃ ချိန်လောက်လေးမှာလဲ လစ်ရင် လစ်သလို ကင်တင်း ပြေးရတာလဲ အမှတ်တရပါပဲ ကိုပိုင်ရေ... ကင်တင်းသွားတဲ့ လမ်းလေးကိုလဲ သဘောတကျ ဖြစ်ခဲ့ရတာတွေဟာ မမေ့စရာတွေပါ ကိုပိုင်ရယ်..
အတန်းချိန်တွေကို ကိုယ်က လစ်လိုက်၊ အတန်းချိန်တွေက ကိုယ့်ကို လစ်လိုက်နဲ့ အားတိုင်း သွားထိုင်ဖြစ်တဲ့ဆိုင်လေးက နွေးအေးတဲ့.. ဒီဆိုင်လေးဟာ ညီမတို့ သူငယ်ချင်းတစ်စုအတွက်တော့ နားခိုရာလေးတစ်ခု ဖြစ်ခဲ့တယ်... နွေးအေးက အာလူးထမင်းနယ် ကလဲ ဒီကလေးမတွေအတွက် နတ်သုဒ္ဓါဖြစ်ခဲ့တယ် ကိုပိုင်ရယ်.. အတန်းချိန်တစ်ချိန်ပြီးတိုင်း တခါတခါ ထိုင်ဖြစ်တာတော့ ၀တ္ထုစာအုပ်တော်တော်များများမှာ နေရာယူထားတဲ့ အောင်သိပ္ပံဆိုတဲ့ ဆိုင်လေးလေ.. ဘာတွေ နံမည်ကြီးတာလဲတော့ မသိပေမဲ့.. အောင်သိပ္ပံဟာ ကျောင်းသားတော်တော်များများရဲ့ ကွန်းခိုရာတစ်ခုဆိုတာလဲ သိခဲ့ရတယ် ကိုပိုင်ရယ်..
နောက်ပြီး ညီမတို့ တက်ရတဲ့ အဆောင်အမည်က L-6 တဲ့.. ကိုပိုင် သိတဲ့အတိုင်း L ဆောင်တွေက တစ်ထပ်ဆောင်တွေဖြစ်တဲ့အပြင် နောက်ဘက်မှာ အခန်းတွေ ပါတာမို့.. ကျောင်းသားတော်တော်များများရဲ့ သချာင်္တွက်ရာနေရာဖြစ်ခဲ့တယ်ဆိုတာ.. ကိုပိုင်တို့လဲ သိမှာပါ.. L-6 အဆောင်က အစွန်ဆုံးအဆောင်မို့လဲ ဆရာ၊ ဆရာမတွေရဲ့ မျက်စိအောက်က ဝေးနေတာကလဲ ညီမတို့ ကျောင်းသားတွေ ကဲချင်စရာ ဖြစ်တယ်ဆိုတာ ကိုပိုင်လဲ သိမှာပါ.. အဆောင်ဘေးက အုတ်ခုံမှာ ထိုင်ရင်း အော်ဟစ်ဆူညံစွာ နောက်ပြောင်ဆော့ကစားခဲ့တာတွေကို ဒီကျောင်းရဲ့ ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးခဲ့တဲ့ ကိုပိုင်လဲ နားလည်မှာပါ..
အတန်းအားချိန်တစ်ချို့မှာဆိုရင်လဲ ကုက္ကိုပင်တွေ၊ ခရေပင်တွေ ပြည့်နှက်နေတဲ့ ကျောင်းပတ်လမ်းတစ်လျှောက် ဒီကလေးမတွေ လမ်းလျှောက်ရင်း ခရေပန်းတွေ ကောက်ခဲ့ကြဖူးတယ် ကိုပိုင်ရယ်.. တခါတခါကျတော့လဲ ကိုယ့်မေဂျာနဲ့ သူများမေဂျာ ချိန်းပြီး ကန်တဲ့ ဘောလုံးပွဲတွေကို ကင်တင်းနားက ဘောလုံးကွင်းမှာ လိုက်အားပေးမိသေးတယ်ဗျာ.. အဲဒီလိုတွေ အပျော်လိုက်တတ်တဲ့ ကိုပိုင့်ညီမ ဒီကလေးမကတော့ စာကြည့်တိုက်ဆိုတာကို တစ်လနေလို့ တစ်ခါတောင် မရောက်ဖြစ်ပါရောလား.. စာကြည့်တိုက်ဆိုတာ ဒီကလေးမတွေအတွက် အတန်းသွားရင် ဘေးက ဖြတ်သွားရတဲ့အရာဆိုတာလောက်ပဲ မှတ်ယူထားခဲ့တယ်လေ.. အခုတော့လဲ အဲဒီစာကြည့်တိုက်လေးကို ပြောင်းပြီး ကင်တင်းအ၀င်လမ်းမှာ စာကြည့်တိုက်ကြီးတစ်ခု ဆောက်ထားလို့ နေပါရောလား ကိုပိုင်ရာ..
ဘာပဲပြောပြောပေါ့.. အမြဲတမ်း လာခဲ့ရတဲ့ ဒီ ဘီပီအိုင် မှတ်တိုင်လေးဆီက ညီမတို့ ဒီကျောင်းတော်ကြီးကို တခါတခါ လွမ်းမိပါရဲ့ ကိုပိုင်ရာ.. ဒီလိုလွမ်းတိုင်းလဲ ဖတ်ဖြစ်ခဲ့တာက မစန္ဒာရဲ့ ဂျီဟောသူ စာအုပ်လေးပေါ့ ကိုပိုင်ရာ.. လွမ်းတိုင်း ဖတ်ဖြစ်တဲ့ ဒီစာအုပ်လေးက ကိုယ်ကိုယ်တိုင် ဂျီဟောသူတစ်ယောက် မဟုတ်ခဲ့ပေမဲ့.. ဒီကျောင်းကြီးရဲ့ ပုံရိပ်တွေကို ပြန်သတိရလို့ နေတယ် ကိုပိုင်ရယ်....
(ကြို့ကုန်းဝိုင်အိုင်တီကျောင်းကြီးအား အမှတ်ရစွာဖြင့်)

No comments:
Post a Comment