Pages

Friday 4 May 2012

ရင်ထဲက သား


အတန်းချိန် ၂ ချိန်ဝင်ပြီးတဲ့နောက်မှာတော့ ၀ါဝါတစ်ယောက် မောပန်းလွန်းလှစွာ ဘယ်သူနဲ့မှ စကားမပြောနိုင်တော့ပဲ ဆရာမများ နားနေခန်းဆီသို့ပြန်လာခဲ့ပါတော့တယ်..နယ်မြို့လေးတစ်မြို့ရဲ့တက္ကသိုလ်တစ်ခုမှာသရုပ်ပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ပြီးတဲ့ နောက်မှာတော့ ဒီမြို့ဒီဒေသဟာ ၀ါဝါ့အတွက်တော့ ကိုယ့်မြို့ကိုယ်နယ်ပမာ ဖြစ်ခဲ့ရပါတော့ တယ်.. နားနေခန်းအတွင်းသို့ ဖြည်းဖြည်းချင်း လှမ်းဝင်လာခဲ့ပြီးနောက်မှာတော့ ကိုယ့်နေရာကိုယ့်ထိုင်ခုံအရောက် အမောပြေရေဗူးကို ထုတ်သောက်ပြီး စဉ်းစားမိတာက ၆လကျော် ကျော်သာရှိသေးသော ၀ါဝါ့ကိုယ်ခန္ဓာအတွင်းမှ ရင်သွေးလေးအကြောင်းပင် ဖြစ်ခဲ့ရပါတော့တယ်..

လုပ်ငန်းခွင်ဝင်ပြီး သိပ်မကြာခင်ကာလမှာ အိမ်ထောင်ကျခဲ့ရသော ၀ါဝါတို့လင်မယားအတွက် ရင်သွေးဆိုတာ မယူနိုင်အား သေးပဲ.. စားဝတ်နေရေး အဆင်ပြေအောင် ကြိုးစားခဲ့ရသေးတာကြောင့် အိမ်ဆည်းလည်းဆိုတာကို တော်ရုံနဲ့မစဉ်းစား နိုင်ခဲ့ပေ.. အိမ်ထောင်သက် ၂နှစ်ကျော်လာတဲ့ အချိန်မှာတော့ ချစ်ခင်ပွန်းကိုကိုက.. သားသမီးရတနာလိုချင်ပြီလို့ ဆိုလာပါတော့တယ်.. အဲဒီလိုနဲ့ ၀ါဝါတစ်ယောက် ကလေးယူဖြစ်ခဲ့ပါတယ်.. ခန္ဓာကိုယ်ထဲ ရင်သွေးလေးရောက်လာပြီလို့ သိလိုက်ရတဲ့အချိန် ကစပြီး ၀ါဝါ့ရင်ထဲ ရင်ခုန်စိတ်၊ ကြောက်စိတ်၊ စိုးရိမ်စိတ်များနဲ့ သောကဗျာပါဒ များခဲ့ရပါတယ်.. ကိုယ်ဝန်အတွက် အားရှိစေမဲ့ နည်းလမ်းတွေ၊ မထိခိုက်စေမဲ့ နည်းလမ်းတွေ၊ မိခင်အတွက် ကျန်းမာစေမဲ့ နည်းလမ်းတွေနဲ့ .. မွေးလာမယ့် ရင်သွေးလေးအတွက် အနာဂတ်များ စသည်ဖြင့် တွေးကာ တွေးကာ.. နေ့စဉ် ညတိုင်း ရင်ပူခဲ့ရပါတယ်..


ပိုဆိုးတာက အခြားသော မိခင်လောင်းတွေလို မဟုတ်.. ၀ါဝါ့ဘေးမှာ ၀ါဝါချစ်သော လုပ်ဖော်ကိုင်ဖက်များသာ ရှိလို့နေခဲ့တယ်.. ချစ်ခင်ပွန်းကလဲ ၀ါဝါ့နည်းတူ.. နိုင်ငံ့ဝန်ထမ်းမို့ သူတစ်နယ် ကိုယ်တစ်နယ် ရှိနေခဲ့ရသလို.. နှစ်ဘက်မိဘတွေကိုယ်တိုင်ကလည်း ၀န်ထမ်းတွေမို့.. ၀ါဝါတစ်ယောက် မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဖက် များကို အားကိုးရင်း..  ၀မ်းထဲမှ ရင်သွေးလေး ကျန်းမာစေရန် ပြုစုပျိုးထောင်ခဲ့တယ်.. ၀ါဝါ့ခန္ဓာကိုယ်ထဲမှာ ရင်သွေးလေးရှိပြီလို့ သိလိုက်ရတဲ့ တစ်ကြိမ်၊ နောက် နှစ်လ၊ သုံးလလောက်မှ တစ်ကြိမ်ရယ်နှင့် ကိုယ်ဝန် ၆လသားမှာမှ တစ်ကြိမ်သာ လာနိုင်ခဲ့သော တောင်မြောက်တစ်နေရာစီ တာဝန်ကျနေရတဲ့ နိုင်ငံ့ဝန်ထမ်းကိုကို့ကိုလည်း ၀ါဝါစိတ်မခုခဲ့ပါ..

ဒီကြားထဲ နှစ်ဘက်မိဘအိမ်တွေကလည်း မကြာခဏ ၀ါဝါ့ဆီ ရောက်လာတတ်တာမို့ .. ၀ါဝါ့အတွက်တော့ အထီးကျန်မှုဆိုတာ ရှားပါးခဲ့ရပါတယ်.. ဘာလေးပဲရရ ချစ်မယ် ဆိုတဲ့စိတ်ကလေး ရှိပေမဲ့... ဘာလေးများလဲဆိုတဲ့ သိချင်စိတ်ကလေးကြောင့်..ကိုကို ရောက်လာခဲ့တဲ့ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က .. ၀ါဝါတို့ ဇနီးမောင်နှံ.. ဆေးခန်းပြေးပြီး.. Ultrasound ရိုက်မိခဲ့ပါတယ်.. ၀မ်းသာစွာပဲ..သားကလေးဆိုတဲ့ သတင်းကြောင့်.. ၀ါဝါတစ်ယောက်.. အားတွေတက်ခဲ့ရပါတယ်.. ၀မ်းဗိုက်ထဲမှာ ရှိနေကတည်းက.. ၀ါဝါ့သားဟာ.. ၀ါဝါ့အတွက်..၀ါဝါတစ်ယောက်တည်း လျှောက်လှမ်းနေရတဲ့ အချိန်ကာလတွေအတွက်.. ၀ါဝါ့ကို အားရှိစေခဲ့ပါတယ်.. ဒီသားအတွက်.. ၀ါဝါ.. အနာဂတ်ကို ထုဆစ်ဖို့လဲ.. ကြိုးစားချင်စိတ်တွေပေါ်လာခဲ့ရပါတယ်..

သားကို ကိုယ်ဝန်ဆောင်စကတည်းက ၀ါဝါတစ်ယောက် ကိုယ့်ရင်သွေး မထိခိုက်စေအောင် အရာရာကြိုတင် ပြင်ဆင်ခဲ့တယ်.. အစားအသောက်ဆင်ခြင်သလို.. ညနေတိုင်းလဲ လမ်းလျှောက်တဲ့အကျင့်ကို လေ့ကျင့်ယူခဲ့မိတယ်.. မမွေးခင်အချိန် ခန္ဓာကိုယ်ထဲမှာကတည်းက သားအတွက် ၀ါဝါ ရူးခဲ့မိတယ်.. သား လိုအပ်သမျှကို အခုကတည်းက တတ်နိုင်သမျှ စုဆောင်းခဲ့တယ်... ပြင်ဆင်ခဲ့တယ်.. သားမွေးလာရင် ဘယ်လိုပြုစုမယ်.. ဘယ်လိုယုယမယ်ကအစ.. ၀ါဝါ စဉ်းစားခဲ့တယ်.. ဒီသားလေး ကြီးလာရင်.. အများအလယ်မှာ မျက်နှာမငယ်အောင် ပြုစုပျိုးထောင်ဖို့..လူတကာနဲ့ယှဉ်ရင်.. ၀ါဝါ့သားဟာ.. မြင့်မားနေစေဖို့ဆိုတဲ့.. အတွေးတွေကလဲ ၀ါဝါ့ရင်ထဲ အမြဲရောက်ရှိလို့လာခဲ့တယ်..

ပညာတတ်မိဘနှစ်ပါးက မွေးလာတဲ့ သားကို.. ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်ခဲ့သလို.. တဖတ်ကလဲ သား ၀ါသနာပါရာ အလုပ်တွေကိုလည်း ပံ့ပိုးပေးမယ်လို့ အမြဲတွေးခဲ့မိတယ်.. အခြားအခြားသော မိဘတွေက သူတို့သားသမီး တွေကို ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီးတွေ ဖြစ်စေချင်တာ သဘာဝဖြစ်ခဲ့ပေမဲ့... ၀ါဝါကတော့.. ၀ါဝါ့သားသာ ၀ါသနာပါရင်.. ဘယ်အရာမဆို ခွင့်ပြုပေးပြီး.. မမှားသင့်တာ မမှားရအောင်သာ ဘေးကနေ ကြပ်မတ်ပေးမယ်လို့လဲ တွေးခဲ့မိတယ်.. သား လမ်းမှား မရောက်အောင်သာ.. ဘေးက ကွပ်ကဲပြုစုပျိုးထောင်ပေးမယ်လို့လဲ.. ၀ါဝါစိတ်ကူးမိခဲ့တယ်.. တချို့မိဘတွေက.. သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ.. လိုအပ်လျှင် လိုအပ်သလို ရိုက်နှက်ဆုံးမတတ်တာကိုလဲ ၀ါဝါ သဘောမကျခဲ့ပေ..
ဝါ၀ါ့သားသမီးကျလျှင်.. ဘယ်တော့မှ ရိုက်နှက်ဆုံးမခြင်း မလုပ်ဘူးလို့လဲ ဆုံးဖြတ်ခဲ့မိတယ်.. အမှားလုပ်နေခဲ့ရင်တောင်.. ဘာတွေက မှားနေတာလဲ... ဘာကြောင့်မှားလဲဆိုတာတွေကို အကျိုးသင့် အကြောင်းသင့် ထောက်ပြပြီး..
အမှားကို သိရှိအောင် တတ်နိုင်သမျှ ပြောဆိုဆုံးမမယ်လို့လဲ.. ၀ါဝါ စိတ်ကူးခဲ့တယ်... ဘယ်တော့မှ ၀ါဝါ့သားသမီးတွေကို နာကျင်မှုတွေ ပေးဖို့ ၀ါဝါ စိတ်ကူးမရှိခဲ့ပါဘူး...

အိမ်ထောင်ကျကာစ ကတည်းက.. အများအမြင်မှာ အဆင်မပြေနိုင်တဲ့ ၀ါဝါတို့ အိမ်ထောင်ရေးအတွက်.. ၀ါဝါတို့ ဇနီးမောင်နှံ အတော့်ကို ကြိုးစားရုန်းကန်ခဲ့ရပါတယ်..ဘာသာမတူတဲ့ အသိုင်းအ၀ိုင်းကြား၊ အခြေအနေမတူတဲ့ ဘ၀နှစ်ခုကြား.. ရင်ချင်းစေ့နိုင်ခဲ့အောင်လဲ ၀ါဝါတို့ ကြိုးစားခဲ့ရပါတယ်... နှစ်ဖက်မိဘသဘောမတူတဲ့ကြားက တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ရေးမို့.. အရာရာ အထိခိုက် အပွန်းပဲ့ မခံနိုင်အောင်လဲ နေထိုင်ခဲ့ရပါတယ်.. အခုတော့လည်း.. ၀ါဝါတို့စိတ်တွေကို နားလည်လို့.. သူတို့အလျှော့ပေးခဲ့ကြပါပြီ.. လူ့လောကကို ရောက်ရှိလာတော့မယ့်.. သူတို့သွေး.. သူတို့မြေးအတွက်.. သူတို့လည်း ရင်ခုန်လှုပ်ရှားလို့လာခဲ့ပါပြီ.. ၀ါဝါ့သားအတွက်.. အဖိုးအဖွားတွေရဲ့ မျှော်လင့်ချက်တွေကို မြင်ရတိုင်း.. လူ့လောကကို ရောက်မလာသေးတဲ့ ရင်သွေးလေးအတွက်.. ပီတိများစွာ ဖြစ်ခဲ့လို့ နေခဲ့ပါပြီ.. သားကို မျှော်မှန်းသလို ဖြစ်လာစေအောင် ပံ့ပိုးပေးမယ့် ၀ါဝါတို့မိဘများကိုလည်း.. ပိုလို့ပင် ချစ်ခင်လို့ နေမိပါတယ်.. သားဘ၀ နောင်ရေး စိတ်အေးရမှာများကို တွေးရင်းကြည်နူးနေခိုက်... “ ၀ါဝါရေ ထမင်းစားမယ်ဟေ့
လို့ ခေါ်လိုက်တဲ့ အသံကြောင့်.. ထိုင်ရာမှ ထ ကာ.. လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများဆီသို့ လှမ်းလာခဲ့လိုက်ပါတော့တယ်..

No comments:

Post a Comment