Pages

Sunday 6 May 2012

တိတ်ဆိတ်သော ချစ်ခြင်း၏ ခြေလှမ်းတစ်စုံ

" မောင် "

နှုတ်ခမ်းလွှာတစ်စုံရဲ့ တိုးတိတ်ညင်သာစွာ ရေရွတ်မိတဲ့ နာမ်စားတစ်ခုက နှင်း ရင်ထဲသို့ တော်လဲသံပမာ တုန်လှုပ်မြည်ဟီးသွားခဲ့ပါပြီ... ဒီအမည်၊ ဒီနာမ်စားကို နှင်း စတင်သုံးစွဲခဲ့တာ သိပ်မကြာသေးပေ.. ထိုသို့ သုံးစွဲသည်ကိုလည်း မောင် ဆိုတဲ့ ကာယကံရှင် လူသားတစ်ဦး သိနိုင်ပါလေစ.. မသိစိတ်တစ်ခုရဲ့ အခြေတည်မှုက နှလုံးသားကို တံခါး လာခေါက်ခဲ့တဲ့ အချိန်ကစလို့ နှင်း ရင်ထဲသို့ မောင်ဝင်ရောက်လာခဲ့တယ်.. မိန်းမသားတစ်ဦးရဲ့ တစ်ဖက်သတ် အဖြစ်အပျက်တွေကို  သိစေချင်ခဲ့သလို မောင်သိမှာကိုလဲ စိုးရွံ့မိခဲ့တယ် မောင်.. သူငယ်ချင်းဆိုတဲ့ အဖြူရောင်နေရာလေး တစ်နေရာကနေ အရောင်တွေ တစ်ဆင့်ချင်း ဆိုးချင်ခဲ့ချင်ပေမဲ့လည်း ထိုနေရာလေး ညစ်နွမ်းပျောက်ကွယ်သွားမှာကိုတော့ စိုးထိတ်မိတာ အမှန်ပင် ဖြစ်ခဲ့ရတယ်..

ထိုအဖြူရောင် ကမ္ဘာလေးအတွင်းမှာ နှင်းအတွက် အပူပန်ပေးတတ်ဆုံး ယောက်ျားတစ်ယောက် ရှိနေခဲ့တယ်ဆိုတာ နှင်းရဲ့မှတ်ဥာဏ်တွေက မေ့ချင်ယောင်များ ဆောင်ထားခဲ့လေသလားကွယ်.. မေ့ထားတယ်ဆိုတာထက် မေ့နေခဲ့တယ်လို့ ပြောခဲ့ရင် ပိုမှန်ခဲ့မယ် ထင်ပါရဲ့.. ဘယ်လောက်ပဲ မေ့နေခဲ့ မေ့နေခဲ့ သူပြောသမျှ၊ သူဆူသမျှတွေကို နာခံတတ်ခဲ့တာဟာလည်း မသိစိတ်တစ်ခုရဲ့ စေခိုင်းမှုလို့ နှင်း ထင်မိခဲ့ပါရဲ့.. ဒီလိုနေနေရာက နှလုံးသားကို တံခါးခေါက်၊ အသိစိတ်တစ်ခု
 ရောက်လာချိန်မှာတော့ နှင်းတစ်ယောက် မောင့်ကို ချစ်တတ်ခဲ့ပြီလေ..



' မနှင်းအိမ် ' လို့ တခါတခါ ခေါ်တတ်တဲ့ မောင်က ဆူချင်၊ ပြောချင်လာပြီဆိုရင်တော့ ညည်း.. ညည်း နဲ့ ပြောတတ်ခဲ့တာကိုလည်း သဘောကျမိခဲ့တယ်.. နှင်းအိမ် ဆိုတဲ့ အမည်လေးထက် မောင့်ရဲ့ ညည်း ကို ဘာလို့ သဘောကျမိတယ်ဆိုတာ စဉ်းစားလိုက်တိုင်း အဖြေမထွက်ခဲ့တာ ကြာခဲ့ပြီပါပြီ.. အကြောင်းရင်းကို သေချာမသိပေမဲ့ မောင် ဆုံးမသမျှ လိုက်နာတတ်ခဲ့တာဟာ နှင်းရဲ့ ချစ်တယ်ဆိုတဲ့ မသိစိတ်က စေခိုင်းခဲ့တာလို့ အခုချိန်မှာ နှင်းသတ်မှတ်လို့ ရခဲ့ပြီ မောင်..

မောင်နဲ့ စတင် သိကျွမ်းခဲ့စဉ်က သူငယ်ချင်းဆိုတာထက် မောင်နှမတွေလိုဖြစ်ခဲ့ရတဲ့ အခြေအနေလေးတွေကိုလဲ တခါတလေ ပြန်လည်တမ်းတမိခဲ့တာဟာ ဘာကြောင့်လဲ နှင်း သေချာမသိနိုင်ခဲ့ပါဘူး.. ဒါပေမဲ့ မောင်နဲ့ အတူ ရှိနေတဲ့ အချိန်တွေဟာ နှင်းအတွက် ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တယ်ဆိုတာတော့ အသေအချာ ဖြစ်ခဲ့ရပါတယ်..မောင်နဲ့အတူ ရှိနေချိန်တွေဟာ နှင်းဘဝကို လုံခြုံမှု ဖြစ်စေခဲ့တယ်ဆိုတာ ယနေ့အချိန်မှ နှင်း သေချာသိခဲ့ရတယ်.. ဒီနေ့ ဒီအချိန်မှာတော့ အချစ်ဆိုတာ ဘာမှန်းသေချာသိလာတာဟာ မောင့်ကြောင့်ဆိုတာ မောင်တစ်ယောက်ကိုတော့ဖြင့် သိစေချင်လှခဲ့ပါပြီ..
ဟိုအရင်အချိန်က မောင့်ကို သူငယ်ချင်းတစ်ယောက်လို… အကိုတစ်ယောက်လိုသာ ခင်မင်ခဲ့တာကြောင့်.. နှင်းရင်ထဲ မောင်ရှိနေမှန်း သေချာ မသိခဲ့ရပါဘူး.. မောင်နဲ့ သိကျွမ်းခင်မင်ခဲ့ပြီး ကာလအတန်ကြာမှာ မောင်တစ်ယောက် နှင်းနဲ့ဝေးရာ ရေခြားမြေခြားကို ထွက်ခွာသွားခဲ့တာဟာလည်း  နှင်းတို့ ဝေးရဖို့ ဖန်လာခဲ့တာ ဖြစ်ခဲ့ရသလို နှင်းအတွက် မောင် ဆိုတဲ့ လူသားတစ်ဦးကို ချစ်တယ်ဆိုတဲ့ စိတ်တစ်ခု ရှာဖွေတွေ့ရှိဖို့ ဝေးကွာခဲ့ရတယ်.. ဒါပေမဲ့လည်း ဝေးကွာနေတဲ့ အတောအတွင်း တစ်နေ့မှ မေ့မရခဲ့သလို မောင် ထွက်ခွာသွားကာစက လစဉ်၊ လတိုင်း သတိတရ ဖုန်းဆက်ခဲ့တာတွေကိုတော့ အမှတ်ရမိလို့ နေခဲ့ပြန်တယ်..
" နှင်း.. နင်အဆင်ပြေရဲ့လား.. နေကောင်းရဲ့လား.. " လို့ အမြဲမေးတတ်တဲ့ မောင်တစ်ယောက် ထွက်သွားခဲ့ပြီး  တစ်နှစ်သာသာမှာတော့ ဖုန်းဆက်တတ်တဲ့ အကျင့်တွေ ပျောက်ဆုံးခဲ့တယ်.. ဒါကိုလည်း နှင်း နားလည်ပေးတတ်ခဲ့တယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက နှင်း.. မောင့်ကို မချစ်တတ်ခဲ့သေးဘူးလေ.. ဒါပေမဲ့လည်း မောင် ဖုန်းဆက်မလာတော့တဲ့ နှစ်၊ လ၊ ရက်တွေမှာ မောင့်ဖုန်းကိုတော့ဖြင့် အမှန်တကယ် စောင့်နေခဲ့တာဆိုတာ နှင်းစိတ်ကို နှင်း မဖတ်တတ်ခဲ့ပါဘူး..

ဒီလိုနဲ့ ဝေးကွာသွားခဲ့ကြပေမဲ့လည်း.. မောင်ကိုယ်တိုင်ဆီက မဟုတ်ခဲ့ပေမဲ့.. မောင်နဲ့အတူ ရှိနေခဲ့တဲ့ အခြားအခြားသော သူငယ်ချင်းတွေဆီကပဲ မောင်တစ်ယောက် နိုင်ငံခြားသူ ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်နေခဲ့ပြီလို့ ကြားခဲ့ရတယ်.. မောင့်အတွက် အဖော်မွန်လေး ရနေပြီလို့ ကြားလို့ ဝမ်းသာကြည်နူးခဲ့သလို မောင့်ဘဝလေး စိုပြည်ပြီလို့ မှတ်သားခဲ့ပြီး မောင့်အတွက် စိတ်အေးခဲ့ရပေမဲ့လည်း ဘာမှန်းမသိ ရင်နာခဲ့တာဟာလည်း မသိစိတ်တစ်ခုဆိုတာ အခုမှာ သေချာခွဲခြားတတ်ခဲ့ပါပြီ မောင်.. အဲဒီ မသိစိတ်တစ်ခုက မောင့်ကို ပျော်ရွှင်စေချင်ခဲ့သလို.. ကိုယ်ကိုယ်တိုင် ရင်နာရပါလားဆိုတာကိုတော့ မှတ်မှတ်သားသား ဖြစ်ဖူးခဲ့တယ်လေ.. ဘာကို မကျေနပ်မှန်းမသိ မကျေနပ်မှုတွေ ဖြစ်ခဲ့တာတော့ မသိစိတ်ရဲ့ ကျွံထွက်မှုတစ်ရပ်ဆိုတာ လက်ရှိအခြေအနေမှာ သေချာသိရှိခဲ့ရပါပြီ.. ဒါပေမဲ့လည်း မောင်တို့ ရည်းစားသက်တမ်း သိပ်မကြာခဲ့ဘူးတဲ့လေ..

ကိုယ့်ဘဝကို ကိုယ်ပျော်ရွှင်စွာ လျှောက်လှမ်းနေကြတဲ့ နှင်းတို့နှစ်ယောက် အဆက်အသွယ်တွေ တော်တော်ကြာကြာ ပျက်သွားခဲ့ပြီး အချိန်အတော်ကြီးကြာမှ နှင်းဘဝလေးထဲကို မောင် ပြန်လည်ရောက်ရှိလာခဲ့တယ်နော်.. မထင်မှတ်တဲ့ တစ်နေ့မှာ ဘယ်ကမှန်းမသိတဲ့ oversea ဖုန်းကောလ်တစ်ကောလ် နှင်းဆီ ဝင်လာခဲ့တယ်လေ.. " ဟလို " လို့ ဆိုလိုက်တဲ့ နှင်းရဲ့ အသံနောက်မှာတော့.. " နှင်း.. ငါပါ " ဆိုတဲ့ အသံသြသြလေးနဲ့အတူ ၅နှစ်သာသာလောက် မကြားခဲ့ရတဲ့ နှင်းရဲ့ မှတ်ဥာဏ်လေးထဲက အသံလေးတစ်ခုကို ပြန်လည်ကြားခဲ့ရတယ်.. ဘယ်လိုမှ ထင်မှတ် မထားအောင် ဝမ်းသာခဲ့သလို.. နောက်ပိုင်းတွေမှာ ဆက်သွယ်ဖို့.. မောင် လမ်းစ ဖော်ပေးခဲ့ပြန်တယ်.. အဲဒီလိုနဲ့ နှင်းတစ်ယောက် မောင်နဲ့ တွေ့ဆုံနိုင်ဖို့ရာ အွန်လိုင်းကမ္ဘာသို့ ရောက်ရှိလာခဲ့ပါတယ်.. ထိုနည်းတူစွာပဲ မောင်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဆူပူမှုတွေကိုလည်း ပြန်လည် လက်ခံရရှိလာခဲ့ပါတော့တယ်.. အဲဒီလိုနဲ့ပဲ မောင်တစ်ယောက်.. နှင်းရဲ့ နှလုံးသားကို တံခါးခေါက်ပြီး ပြန်ဝင်လာခဲ့ပါတယ်..

မောင်နဲ့ ပြန်လည်ဆုံဆည်းခဲ့ပြီးနောက်မှာ နှင်းရဲ့ဘဝ ပိုပြီးစိုပြည်သာယာခဲ့သလို ကြည်နူးပျော်ရွှင်မှုတွေလဲ ရရှိခဲ့တယ်.. စိတ်အရမ်းညစ်နေတဲ့အချိန်တွေဆို မောင် ဖေးမပေးတတ်ခဲ့သလို ပူပန်ပေးတတ်ခဲ့တယ်.. နှင်း ပျော်ရွှင်လာအောင် စ နောက်တတ်တဲ့ မောင့်ကိုမှ ဆိုးနွဲ့ဗိုလ်ကျတတ်တာဟာလည်း နှင်းရဲ့ မသိစိတ်အားကိုးမှု၊ တွယ်တာမှုတစ်ခုပဲ ထင်မိပါရဲ့.. ဒီလိုစိတ်တွေ ဖြစ်နေခဲ့ပါရက် နှင်းကိုယ်နှင်း ပြန်မမြင်တတ်ခဲ့တာတွေကတော့ နှင်းရဲ့ ညံ့ဖျင်းမှုတစ်ရပ်ပဲ ထင်ပါရဲ့နော်.. နှင်းအိမ် ဆိုတဲ့ အေးချမ်းလှတဲ့အမည်နဲ့ မလိုက်အောင်ကို ဆိုးသွမ်းလွန်းတဲ့ နှင်းကို မောင်တစ်ယောက် တော်တော်လေး သည်းခံခဲ့ရမှာပါ.. တခြားသူတွေအပေါ်ထက် မောင့်အပေါ်ကိုမှ ဆိုးနွဲ့အနိုင်ကျင့်ချင်ခဲ့တာကလည်း မောင့်ကိုမှ ရင်းနှီးခင်မင်တာလို့ပဲ ထင်မြင်ခဲ့တယ်လေ.. ဘယ်လောက်ပဲ အနိုင်ကျင့်ကျင့်၊ ဆိုးနွဲ့နွဲ့ မောင်က ဒါမလုပ်နဲ့ မကောင်းဘူးလို့ ဆိုလာရင်တော့ချက်ချင်းလက်ငင်း နှင်း ရှောင်ပစ်တတ်ခဲ့သလို မောင့်စကားကို နာခံတတ်ခဲ့ဖို့လည်း ဝန်မလေးခဲ့ဘူးလေ.. ဒါတွေ အားလုံးရဲ့ နောက်ဆုံးရလဒ်က နှင်း မောင့်ကို ချစ်တယ်ဆိုတာကိုတော့ နှင်း သိရှိခဲ့ပါပြီ မောင်..

နှင်းနဲ့မောင် ရေမြေခြားနေတဲ့ နှစ်၊ လ၊ ရက်တွေ ကြာညောင်းခဲ့ပြီး တစ်နေ့မှာတော့ .. " နှင်း .. ငါ ရန်ကုန်ကို ခဏ ပြန်လာမယ် " ဆိုတဲ့ သတင်းစကားကို မောင်သယ်ဆောင်လာခဲ့တယ်.. ဒီသတင်းကြောင့် အရမ်းဝမ်းမြောက်ခဲ့ရသလို.. နှင်းချစ်တဲ့ မောင်နဲ့ အချိန်တွေ အတော်ကြီး ကြာမှ ပြန်တွေ့ရမှာမို့ ကြည်နူးစိတ်တွေ ဖြစ်ခဲ့ရတယ်.. မောင့်ရဲ့ " ပြန်ရောက်ရင် တွေ့ကြရအောင် " ဆိုတဲ့ စကားတစ်ခွန်းကလည်း နှင်းရဲ့ ရင်ကို ချမ်းမြေ့စေခဲ့တယ်.. " ငါ လေယာဉ်ကွင်းကို လာကြိုရမလား " ဆိုတဲ့ အမေးကိုတော့ မောင်ငြင်းဆန်ခဲ့တယ်.. မောင် ပြန်ရောက်လာတဲ့နေ့တစ်နေ့လုံး မျှော်လင့်ကြီးစွာ မောင့်ဖုန်းကို နှင်း စောင့်မျှော်ခဲ့တယ်.. ညနေမိုးချုပ်မှ " နှင်းရေ.. ငါ လိုင်းကားပေါ်မှာဟ.. နင်တို့ ရန်ကုန်က လိုင်းကားတွေဟာ သိပ်ကြပ်တာပဲ " ဆိုတဲ့ စကားသံနဲ့အတူ မောင့်ဖုန်းကို လက်ခံရရှိခဲ့တယ်လေ.. အဲဒီလိုနဲ့.. အဲဒီနေ့က နှင်းတို့ စကားတွေ ဖောင်ဖွဲ့ပြောခဲ့ကြသလို နောက်နေ့တွေ့ဖို့ ချိန်းခဲ့ကြတယ်.. နှင်းတို့ တစ်ယောက်နဲ့ တစ်ယောက် အလွမ်းသည်ခဲ့ကြတယ်ဆိုရင်လဲ မမှားခဲ့ဘူးလေ..

အဲဒီလိုနဲ့ နောက်နေ့မှာတော့ နှင်းတစ်ယောက် လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ရင်းနှီးခဲ့ရတဲ့  နေရာလေး တစ်နေရာဆီသို့ ထပ်မံ ရောက်ခဲ့ရပြန်တယ်.. လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာတုန်းက မောင့်ကို စောင့်မျှော်ခဲ့ရတဲ့၊ မောင်နဲ့ လမ်းခွဲခဲ့ရဖူးခဲ့ ဒီနေရာလေးကို ဒီနှစ်တွေထဲမှာ မရောက်ဖြစ်အောင် နှင်း တတ်နိုင်သလောက်  ရှောင်ရှားခဲ့တယ်.. ရောက်ခဲ့တိုင်းလဲ မောင့်ကို သတိရစိတ်နဲ့ မျက်ရည်ဝဲခဲ့တာတွေဟာ အချစ်စိတ်တစ်ခုကြောင့်ဆိုတာ အခုအချိန်မှာ နှင်း သိတတ်ခဲ့ပြီ မောင်.. အခုလည်း မောင့်ကို စောင့်နေရင်း မောင် ဘယ်လိုပုံစံတွေ ဖြစ်လာမှာလဲဆိုတာကို ကြိုတွေးလို့ ရင်ခုန်ခဲ့ရပြန်တယ်လေ.. သိပ်မကြာခင်မှာပဲ.. နှင်းစောင့်နေရာ နေရာလေးဆီကို ချဉ်းကပ်လာတဲ့ သဏ္ဍာန်တစ်ခုကို မြင်တွေ့လိုက်ရတယ်.. ရင့်ကျက်တည်ငြိမ်တဲ့ ပုံသဏ္ဍာန်နဲ့ နှင်းရဲ့ အချစ်ဆုံး၊ အားအကိုးဆုံး ယောကျာ်းတစ်ယောက်ကို ၅နှစ် ကြာပြီးမှ ပြန်တွေ့လိုက်ရပြန်ပါတော့တယ်.. နှင်းရဲ့ ငေးမောမှုတွေက " နှင်း.. ငါပါဟ " ဆိုတဲ့ သူ့နှုတ်က ထွက်လာတဲ့ စကားတစ်ခွန်းမှာတင် လှုပ်နှိုးခံလိုက်ရပါတော့တယ်.. " နင်.. အရမ်းပြောင်းလဲသွားတယ် " ဆိုတဲ နှင်းရဲ့ စကားအဆုံးမှာတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်တဲ့ ပုံစံတစ်ခုနဲ့အတူ နှင်းအချစ်ဆုံး သွားတက်ကလေးကို ပြန်လည် မြင်ခဲ့ရခြင်းက နှင်းရဲ့ ရင်ကို နောက်တစ်ကြိမ် ထပ်မံရိုက်ခတ်စေခဲ့သလိုပါပဲ.. ဒါပေမဲ့လည်း.. အမှန်ကို ဝန်မခံတတ်တဲ့ နှင်းရဲ့စိတ်က မောင့်ကို ချစ်တယ်လို့ အဲဒီအချိန်က အသိမပေးခဲ့ဘူးလေ..

အဲဒီနေ့က မောင်နဲ့အတူ မောင့်ဘေးမှာ တစ်နေကုန်နီးပါး  ရှိနေခဲ့သလို မောင် သွားချင်ရာ၊ လုပ်ချင်ရာများကို အတူသွား၊ အတူလာခဲ့တာတွေကိုလည်း ခုချိန်မှာ အမှတ်ရ တမ်းတမိခဲ့တယ် မောင်.. နှင်းဘဝမှာ တစ်သက်နဲ့တစ်ကိုယ် တစိမ်းယောက်ျားတစ်ဦးနဲ့ အတူ မသွားဖူးခဲ့တဲ့ အင်းယားဆိုတဲ့ နေရာကို " နှင်းရေ.. ငါတို့ ကျောင်းတက်ခဲ့တုန်းက သူငယ်ချင်းတွေ အတူသွား အတူစား အော်ဟစ်ခဲ့တဲ့ အင်းယားကန်ကြီးကို မြင်ချင်တယ်ဟာ " ဆိုတဲ့ မောင့်စကားတစ်ခွန်းကြောင့် မညီးမညူ နှင်း လိုက်ပို့ပေးခဲ့ပါတယ်.. အင်းယားကန်ဘောင်ပေါ်မှာ ၂ ယောက်အတူ လမ်းလျှောက်ရင်း စကားပြောဖြစ်ခဲ့ကြတဲ့ ညနေကိုတော့  နှင်းရဲ့ မှတ်ဥာဏ်တွေထဲက တစ်သက်တာ အမှတ်တရတစ်ခုအဖြစ် သိမ်းဆည်းမိခဲ့တယ်ဆိုတာတော့ နှင်းကိုယ်တိုင်ပဲ သိခဲ့တယ်.. မောင်..

 အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ မောင်တစ်ယောက်.. သူ အလုပ်လုပ်နေတဲ့ တိုင်းပြည်ကို ပြန်လည်ထွက်ခွာသွားခဲ့ပြန်တယ်.. တဖြည်းဖြည်းနဲ့ တိုးဝှေ့ဝင်ရောက်လာတဲ့ သံယောဇဉ်ကြိုးတစ်ခုက အဲဒီလိုနဲ့ ထပ်မံ ဝေးခဲ့ရပြန်တယ်လေ.. ခဏတာ မက်တဲ့ အိပ်မက်တစ်ခုအလား၊ ဆောင်းအိပ်မက်ပမာ ထင်ယောင်မှားစေတာလားလို့ ထင်ခဲ့မိတဲ့ မောင်နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ထိုရက်အပိုင်းအခြားလေးတွေက နှင်းရဲ့ သံယောဇဉ်တစ်ချို့ကို ခိုင်မာစေခဲ့ပြန်တယ်..မောင်.. မောင် ပြန်သွားခဲ့ပြီးမှ နှင်းရင်ထဲက ကွက်လပ်ဟာ မောင်လို့ နှင်းသိလာခဲ့တယ်.. မောင့်ဘေးမှာ နေရရင် နှင်း ပျော်ရွှင်မယ်လို့လဲ ထင်လာမိတယ်လေ.. မောင်နဲ့သာ အတူတူရှိနေခဲ့ရရင် နှင်းဘဝ လုံခြုံပြည့်စုံမယ်လို့ နှင်းယုံကြည်လာခဲ့မိတယ်.. ဒါပေမဲ့လည်း.. ဒီအတွေးတွေဟာ နှင်းရဲ့ တခါတရံမှသာ ပေါ်ပေါက်လာတဲ့ အတွေးတွေလို့လဲ သတ္တိမဲ့စွာ နှင်းထင်မြင်ခဲ့ပြန်သေးတယ်.. မောင်.. ဘယ်လောက်ပဲ ဘယ်လိုတွေ ထင်ခဲ့ပေမဲ့ မောင်တစ်ယောက်ကတော့ နှင်းဘေးက ထွက်ခွာသွားခဲ့ပြန်ပါပြီ.. 
ဒါပေမဲ့ မောင်.. မောင် နေထိုင်ရာ အရပ်ဆီကို ပြန်ရောက်ရှိပြီး ထပ်မံဝေးကွာခဲ့ပြန်ပြီလို့ ထင်ထားခဲ့တဲ့  နှင်းရဲ့ အယူအဆတွေကို အဆုံးသတ်စေခဲ့တာကတော့.. အွန်လိုင်းပေါ်မှာ အော်ဟစ်ပျော်ပါးတတ်တဲ့ နှင်းကို သတိပေးလာတဲ့ မောင့်ရဲ့ ဆူပူသံတွေပါပဲ.. သူငယ်ချင်းများစွာ ရှိတဲ့၊ ပျော်ရွှင်စွာနေတတ်တဲ့ နှင်းရဲ့အွန်လိုင်းပေါ်ကနေ စ နောက်တတ်တဲ့ အကျင့်တွေကို မောင် မြင်တဲ့အခါမှာတော့ " နှင်း.. ငါ နင့်ကို ပစ်မထားဘူးနော်.. နင့်ကို အမြဲစောင့်ကြည့်နေတာ.. နင် သိပ်မသောင်းကျန်းနဲ့ " လို့ ပြောလာခဲ့တယ်နော်.. မောင့်ရဲ့ ဆူပူတဲ့ စကားအဆုံးမှာတော့ နှင်းရဲ့ ရင်ထဲက မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့ပါတော့တယ်.. ပစ်မထားဘူး.. အမြဲစောင့်ကြည့်နေတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် နှင်းရဲ့ စိတ်တွေကို မောင်သိမ်းပိုက်သွားခဲ့ပါပြီ.. အရင်ကတော့ နှင်းဘက်ကသာဆိုတဲ့ ခံစားချက်တစ်ခုနဲ့ သိုသိပ်ပုန်းအောင်းနေတဲ့ နှင်းရဲ့အမြုံစိတ်ကလေး မောင့်အပြောတစ်ခုနဲ့တင် ထွက်ပေါ်လာခဲ့ပါပြီ မောင်.. နှင်း ဘာအကူအညီတောင်းတောင်း မညည်းမညူ လုပ်ပေးတတ်တဲ့၊ မအားရင်တောင် အချိန်တစ်ခု ပေးပြီး ဖြည့်ဆည်းပေးတဲ့ မောင်ရဲ့ စိတ်သဘောထားကို အခုအချိန်မှာမှ  နှင်း သေချာမြင်တတ်ခဲ့ပါပြီ..

ငယ်စဉ်ကတည်းက နှင်းအတွက်ဆို အမြဲ အဆင်သင့် ဖြစ်ပေးတဲ့ မောင့်ကို ဂရုမပြုမိခဲ့တဲ့ နှင်းရဲ့ စိတ်ကလေး.. အခုအချိန်မှထွက်ပေါ်လာခဲ့တာဟာလဲ နှင်းရဲ့ကံကြမ္မာတစ်ခု ဖြစ်မယ်ထင်ပါရဲ့ မောင်ရယ်.. " ညည်း ကြပ်ကြပ်သတိထား.. ငါ ဝုန်းဒိုင်းကြဲပစ်မှာနော် " ဆိုတဲ့ နှင်းရဲ့ဆိုးသွမ်းမှုတွေကို မနိုင်တော့လို့ ပြောတဲ့စကားတစ်ခွန်းကလည်း မောင့်ရဲ့ နှင်းအပေါ် ဂရုစိုက်မှုတွေကို ပေါ်လွင်စေတယ်ဆိုတာ.. အခုမှ သိမြင်ခဲ့ရပါပြီ.. ဘဝတစ်လျှောက်လုံး ခင်မင်လာခဲ့ရတဲ့၊ ချစ်ခင်လာခဲ့ရတဲ့၊ ရိုသေလေးစားစိတ်တွေ၊ နာခံတတ်တဲ့ စိတ်တွေဟာ ဘာကြောင့်လဲဆိုတာ နှင်း ခုမှ သိခဲ့ရပါပြီ.. အကိုတစ်ယောက်ပမာ၊ အဖေတစ်ယောက်ပမာ ပူပန်တတ်တဲ့ မောင့်ရဲ့ ဆိုဆုံးမစကားတွေကို ဘာကြောင့် နှင်း နာခံခဲ့လဲဆိုတာကို နားလည်တတ်ခဲ့ပါပြီ မောင်…
   
မောင့်အပေါ် နှင်းရဲ့ တွယ်တာမှုတွေဟာ ဘာကြောင့်လဲဆိုတာ နှင်း သေချာ သိခဲ့ရပါပြီ မောင်.. ရင်ထဲက တစ်ချက်.. တစ်ချက် ထမြည်တတ်တဲ့ မောင် ဆိုတဲ့ အသံကိုလဲ နှင်း ကြားနိုင်စွမ်း ရှိခဲ့ပါပြီ.. ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို နှင်းရင်ထဲက သေချာ နားလည်တတ်သွားခဲ့ပါပြီ.. ဘယ်လိုမှ မထင်မှတ်တဲ့၊ မထင်ထားတဲ့ ထောင့်တစ်ထောင့်ကနေ တိတ်တဆိတ်ဝင်လာခဲ့တဲ့ ခြေသံတစ်စုံကို .. နှင်း အခုမှ နားထောင်တတ်ခဲ့ပါပြီ.. တဖြည်းဖြည်းချင်း လှမ်းဝင်လာတဲ့ နှင်းအတွက် အားအင်တစ်ခုကို ဘာဆိုတာ နှင်း သိရှိခဲ့ပါပြီ မောင်.. အဲလိုသိလာပြီးနောက်မှာ မောင့်ကို လက်လွှတ်ဆုံးရှုံး မခံနိုင်တော့တာကတော့ နှင်းရဲ့အတ္တတစ်ခုပဲ ဖြစ်မယ်ထင်တယ် မောင်.. ဘယ်လိုပဲဖြစ်ဖြစ်ပါလေ.. နှင်းသတ်မှတ်ထားခဲ့တဲ့ နှင်းဘဝရဲ့ ပဲ့ကိုင်တစ်ယောက်.. နှင်းရင်ထဲ ရောက်လာခဲ့တာကတော့ ဝမ်းမြောက်စရာဖြစ်ခဲ့ရသလို.. အဲဒီပဲ့ကိုင်ကလေးကိုလဲ နှင်းရဲ့ ကိုယ်ပိုင်လေးဖြစ်စေချင်ခဲ့ပါပြီ မောင်.. မောင့်ရဲ့ ပူပန်မှု၊ စိုးရိမ်မှုတွေနဲ့ နှင်းအပေါ်ထားတဲ့ စိတ်ကလေး  အမြဲလဲ တည်တံ့စေချင်ခဲ့ပြီ မောင်.. နှင်းဘဝရဲ့ နားခိုရာ နေရာလေးဟာ.. မောင့်ရင်ခွင်လို့ နှင်းယူမှတ်ထားခဲ့မိပါပြီ.. အေးအတူ ပူအမျှ မောင်နဲ့အတူတူ ဘဝခရီးကို လျှောက်လှမ်းချင်ခဲ့ပါပြီ.. နှင်းရင်ထဲကို တိတ်တဆိတ် လှမ်းဝင်လာတဲ့ ခြေသံလေးတွေကို  နှင်းအပိုင်ရချင်ခဲ့ပါပြီ.. အခုဆို နှင်းတစ်ယောက်.. ကိုယ့်ကို ဆူပူပေးမယ့်၊ စိုးရိမ်ပေးမယ့်၊ ဖေးမပေးမယ့် ခြေသံတစ်စုံရဲ့ အစစ်အမှန် လှမ်းလာမှုကို မျှော်လင့်နေပြီဆိုတာကိုတော့ အဝေးတစ်နေရာကနေ မောင်တစ်ယောက် ကြားနေနိုင်ပါစေလို့ ဆုတောင်းရင်း တိတ်ဆိတ်စွာ လှမ်းလာမယ့် ခြေလှမ်းတစ်စုံကို စောင့်မျှော်လျက် ရှိပါတော့တယ်..

3 comments:

  1. ဖေးမတတ်တဲ့ နှလုံးသာပိုင်ရှင် မောင့် ရဲ့ခြေလှမ်းတွေ အမြန်ဆုံး နှင်းဆီကို ရောက်နိုင်ပါစေ..

    ချစ်တဲ့
    ဝသုန်

    ReplyDelete
  2. လာရောက်ခံစားခဲ့ပါတယ်

    လွင်ပြင်လှိုင်းငယ်

    ReplyDelete
  3. လာလည်တဲ့အတွက် ကျေးဇူး တအားတင်ပါတယ်.. :)

    ReplyDelete