Pages

Thursday 24 May 2012

ပျောက်စေချင်သော မေ ၃၁


နွေကို နှုတ်ဆက်.. မိုး ဝင်ရောက်လာတဲ့ ဒီလိုအချိန်ဟာ လွမ်းမောစရာ ရှိခဲ့ဖူးသူအတွက်တော့ အလွမ်းတွေကို ပံ့ပိုးပေးနေသလိုပင်.. မေ တဲ့.. နွေရဲ့ နောက်ဆုံးလပေါ့.. မှတ်မှတ်သားသားပါပဲ.. ရာသီဥတု နှစ်မျိုးနဲ့ လရယ်လို့ မှတ်သားဖူးခဲ့တယ်.. လဆန်းမှာ အလွန်ပူပြင်းသလောက် လကုန်ပိုင်းမှာ အလွန်စွတ်စိုအေးချမ်းတဲ့ ရာသီဆီ ကူးပြောင်းတာမျိုးပေါ့.. ထူးထူးခြားခြား ဒီ မေ မှာ မုန်တိုင်းတွေလဲ ဖြစ်တတ်သတဲ့..

သဘာဝက တိုက်လာတဲ့ မုန်တိုင်းက ကိုယ်တို့ လူသားတိုင်းကို ထိခိုက်ဆုံးရှုံးမှုတွေ ရရှိစေခဲ့သလိုမျိုး ကိုယ့်အပေါ်မှ ထူးထူးခြားခြား တိုက်ခတ်လာတဲ့ မုန်တိုင်းတစ်ခုကလဲ ကိုယ့်ရင်ကို ဗလောင်ဆူစေခဲ့တာ ကြာခဲ့ပါပြီ.. မေလ ရယ်လို့ ရောက်လာခဲ့ရင် ကိုယ့်ရင်ဆီက မျှော်လင့်ထားတဲ့ အရာတစ်ခု ကိုယ့်ဆီ ရောက်လာမယ်နေ့ရက်အချိန်လေးကို ဟိုးခပ်စောစောကာလတွေကတည်းက ကိုယ်မျှော်နေခဲ့မိတယ်..


တည်ငြိမ်အေးဆေးတဲ့၊ လူမသိ သူမသိနေတတ်ခဲ့တဲ့ ကိုယ့်ကို ဘယ်ဆီဘယ်က ဘယ်လိုအရာတွေက ကလူကြည်စယ် ပြုမူခဲ့လဲ မသိခဲ့ပါဘူး.. ဒီ မေလလေးမှာ ဒဏ်ရာတစ်ခု အစပြုခဲ့ရတယ်.. ဘာရယ်မှန်းမသိတဲ့ ဒီဒဏ်ရာကို ကိုယ်တစ်ယောက် ခံစားခဲ့ရတာ ဒီနှစ်နဲ့ဆို ၆ နှစ်သာသာ ရှိခဲ့ပြီလေ.. ထူးခြားလာခြင်း မရှိတဲ့ ဒီအခြေအနေနဲ့ ဆုတ်ယုတ်သွားခြင်း မရှိတဲ့ ဒီပုံစံက ကိုယ့်ကို တမင်များ ကြံစည်လေသလား မသိခဲ့ပါဘူး…

မေလဆိုတာထက်.. မေလရဲ့ နောက်ဆုံးရက်ကလေးက ကိုယ့်အတွက် အရာရာကို လှုပ်ကိုင်နိုင်စွမ်း ရှိခဲ့လိမ့်မယ်လို့.. လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်က မသိခဲ့ဘူးလေ.. မိုးတွေ သည်းသည်းမည်းမည်း ရွာတဲ့ ထို ၆ နှစ်ကျော်က မေ ၃၁ ဆိုတဲ့ ရက်ကလေးတစ်ရက်ဟာ ကိုယ့်ရင်ကို ဆွဲလှုပ်ခဲ့လိမ့်မယ်လို့ ကိုယ်တစ်ယောက် မျှော်လင့်မထားခဲ့ဘူးလေ.. ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခု တည်ထောင်ထားသော မိန်းမတစ်ယောက်အနေနဲ့ ရဲရင့်တည်ငြိမ်တယ်လို့ ဘယ်လောက်ဆိုဆို .. မထင်မှတ်တဲ့ ထောင့်က အငိုက် တိုက်ခိုက်မှု တွေကိုတော့ ရှောင်မရခဲ့ပါဘူး..

မိုးတွေသည်းသည်းမည်းမည်းရွာတဲ့ အဲဒီညကပေါ့... ကိုယ်တစ်ယောက် ထုံးစံအတိုင်း စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျနေတုန်း..

 " တူ.. တူ.. တူ.. "

ဆိုတဲ့ ဖုန်းသံတစ်ခုကြောင့် ဖတ်လက်စ စာအုပ်ကို ဘေးခဏ ချ၊ ဖုန်းလက်ကိုင်ခွက်ကို ကိုင်ပြီး ထူးဖြစ်တယ်ဆိုရင်ပဲ..

" မေ လားဟင်.. "

ဆိုတဲ့ အသံတစ်ခုကို စ ကြားခဲ့ရတယ်.. စူးရှရှ အသံတစ်ခုရဲ့ အမေးမှာ ကိုယ့်ရဲ့ မှန်ကန်ကြောင်း အတည်ပြုစကားနဲ့အတူ..

" ဘယ်သူလဲ "

ဆိုတဲ့ အမေးက ဆက်တိုက်ဆိုသလို နှုတ်က ထွက်သွားခဲ့တယ်..

" ကိုယ် ဘယ်သူလဲဆိုတာထက်.. မေ အခု ဘာလုပ်နေတာလဲဆိုတာ အရင်ပြော.. "

ဆိုတဲ့ ရင့်သီးသီးစကားသံက ကိုယ့်စိတ်ကို ထောင်းကနဲ ဖြစ်စေခဲ့တယ်.. ဒါပေမဲ့လည်း ငြိမ်သက်အေးဆေးလွန်းတဲ့ ကိုယ့်ရဲ့ ဝသီအတိုင်း.. ခပ်အေးအေး ပြန်ဖြေမိတာကတော့..

" မေ စာအုပ်တစ်အုပ် ဖတ်နေပါတယ်.. ရှင်ဘယ်သူလဲ.. "

လို့ အဖြေစကားနဲ့အတူ ကိုယ် ထပ်မေးမိခဲ့ပြန်တယ်.. တစိမ်းတရံစာ ယောက်ျားလေးမျိုးတွေနဲ့ ပတ်သတ်ဆက်ဆံခဲသော ကိုယ့်အတွက်.. ဒီအသံက တစ်ခါမှ မကြားဖူးတဲ့အသံတစ်ခု ဖြစ်သလို.. ရင့်သီးစွာ ပြောဆိုတတ်တဲ့ အသံပိုင်ရှင်ကိုလဲ ကိုယ် စိတ်တိုမိခဲ့တယ်..

"ကိုယ်.. မေ့ဆီ ဖုန်းဆက်တာ ကိုယ်ဘယ်သူလဲလို့ ပြောပြဖို့ထက်.. မေ မသိတဲ့ ယောကျာ်းတစ်ယောက်.. မေ့အနားမှာ ရှိနေတယ်ဆိုတာ သိစေချင်လို့ "

ဆိုတဲ့ စကားအဆုံးမှာတော့ ကိုယ့်ကို သူ နှုတ်ဆက်ကာ ဖုန်းချသွားခဲ့တယ်...

အဲဒီညက တစ်ညလုံး ကိုယ် အိပ်မရခဲ့သလို နောက်နေ့၊ နောက်နေ့တွေမှာ ထိုလူသားဆီက ဖုန်းများ လာဦးမလားလို့ စောင့်မျှော်ခဲ့တယ်.. ဒါပေမဲ့လည်း ကိုယ့်ဆီ အဲဒီစူးရှရှအသံတစ်သံ လုံးဝကို ရောက်မလာခဲ့တော့ဘူးလေ.. ဘယ်သူများ ဖြစ်လေမလဲ စဉ်းစားရင်း၊ ကိုယ့်အနားရှိတယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် အနီးအနားက တော်တော်များများကိုလည်း သတိထား ကြည့်မိခဲ့တယ်.. ဒါပေမဲ့လည်း .. ကိုယ်ကပဲ လူကဲခတ် ညံ့တာလား.. သူကပဲ အရှောင်အပုန်းကောင်းတာကြောင့်လားတော့ မသိ.. ကိုယ် ခုထိကို ရှာမရခဲ့ဘူးလေ..

ဒီလိုနဲ့ နောက်ထပ် ဖုန်းဆက်လာနိုးကို မျှော်လင့်ခဲ့ပေမဲ့.. ဘာအဆက်အသွယ်မှ ထပ်မံ မရခဲ့တာကြောင့် တဖြည်းဖြည်းတော့လဲ သူ့ကို ကိုယ်မေ့သွားခဲ့တယ်.. ဒီလိုနဲ့ နောက်တစ်နှစ်ရဲ့ မေ ၃၁ ကို ထပ် ရောက်လာခဲ့ပြန်တယ်.. ဒီနေ့ရက်ကို ရောက်ခဲ့ပေမဲ့ မေ့ထားခဲ့တာကြောင့် ဟိုတစ်နှစ်က ဒီနေ့ရက်ကို လုံးဝ သတိမထားမိခဲ့ဘူးလေ.. မေလတွေရဲ့ ထုံးစံအတိုင်း ဒီ မေ ၃၁ ညကလည်း မိုးသည်းသည်းမည်းမည်းနဲ့ပဲပေါ့.. မထင်မှတ်ထားတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ ဖုန်းတစ်ကောလ် ကိုယ် ထပ်မံရရှိခဲ့ပြန်တယ်..

" မေ"

ဆိုတဲ့ ခေါ်သံနဲ့အတူ တစ်နှစ်ကြာပြီးမှ တစ်ဖန် စူးရှရှအသံကို ထပ်မံကြားခဲ့ရပြန်တယ်လေ.. အထူးတလည် ပြန်စဉ်းစားစရာ မလိုလောက်အောင် ကိုယ့်အတွေးထဲကို သူ ဝင်ရောက်လာခဲ့ပြန်တယ်.. အံ့အားသင့်သံနဲ့အတူ ကိုယ့်ရဲ့အမေးတွေက

" ရှင်.. သရဲလာခြောက်တာလား"

" ရက်တွေ ဘယ်လောက်ကြာပြီတုန်း.. "

" ကျွန်မ.. ရှင့်ကစားစရာအရုပ် မဟုတ်ဘူးနော်.. "

ဆိုတဲ့ ရန်တွေ့သံတွေပါ ဆူညံသွားခဲ့တယ်.. ကိုယ့်မေးသံအဆုံးမှာတော့ ခြောက်ကပ်ကပ် ရယ်သံတစ်ခုနဲ့အတူ

“ကိုယ်.. မေ့ကို အရုပ်တစ်ရုပ်လို သဘောထားတာ မဟုတ်ပါဘူး.. ကိုယ့်အတွက်.. ဒီနေ့ရက်ကလေးက ကံအကောင်းဆုံးနေ့ရက်လေးတစ်ရက် ဖြစ်ခဲ့ဖူးတာကြောင့်.. ကိုယ် အလးအနက်ထားတဲ့ မေ့ဆီ ဒီနေ့ရက်ကလေးမှာမှ.. ဆက်သွယ်တာပါ  “

ဆိုတဲ့ ရှင်းပြသံနဲ့အတူ သူ.. ကိုယ့်စိတ်ထဲကို ထပ်မံ ဝင်ရောက်ခဲ့ပြန်တယ်…

“ ရှင်.. ဘာလို့ မေ့ဆီကို ဒီနေ့ရက်မှ ဆက်သွယ်ရတာလဲ..”

ဆိုတဲ့ အမေးကို သူ မဖြေပဲ ရယ်နေခဲ့ပြီး..

“ ကိုယ်.. မေ့ အနားမှာ အမြဲ ရှိပါတယ်.. ဒါပေမဲ့ ကိုယ် ဘယ်သူလဲဆိုတာကိုတော့ မေ သိသင့်တဲ့ အချိန်မှ ကိုယ် ပြောပြပါ့မယ်.. “

“ ကျွန်မက ဘယ်တော့၊ ဘယ်အချိန်မှ ရှင် ဘယ်သူလဲလို့ သိရမှာလဲ.. “

ဆိုတဲ့ စကားကိုတော့ သူ မဖြေတော့ပဲ..

“ ကဲ.. မေ.. အိပ်သင့်ပြီ.. ဒီအချိန်ဟာ မေ အိပ်သင့်တဲ့ အချိန်ရောက်နေပြီ ..”

ဆိုပြီး သူဖုန်းချဖို့ ကြိုးစားခဲ့ပြန်တယ်.. ကိုယ်လဲ အမောတကော မရမက မေးလိုက်တာက..

“ ရှင်.. နောက်နေ့တွေ ဖုန်း ထပ်ဆက်မှာလား.. “

ကိုယ့်ရဲ့အမေးစကားက သူ့အတွက် ဟာသများ ဖြစ်စေသလားလို့ ထင်မှတ်လောက်အောင်.. ရယ်မောသံနဲ့အတူ

“ မေ.. ကိုယ်တို့ နောက်တော့ ဆုံကြတာပေါ့.. “

ဆိုတဲ့ စကားသံနဲ့အတူ .. သူ ထပ်မံ ပျောက်ကွယ်ခဲ့ရပြန်တယ်..

ဒီလိုနဲ့ ကိုယ့်အတွက် စူးရှရှအသံလေးကို မေ ၃၁ လို့ အမည်မှည့်ခဲ့မိတယ်.. တကယ့်ကိုပါပဲ.. ကိုယ့်ရဲ့ မေ ၃၁ လေးဟာ.. သစ္စာရှိစွာ တခြား ဘယ်နေ့ရက်တွေမှ ကိုယ့်ဆီ ဆက်သွယ်မလာခဲ့သလို.. ကိုယ်ကိုယ်တိုင်ရဲ့ ညံ့ဖျင်းမှုကြောင့် အခုအချိန်ထိ.. ကိုယ့်ဘေးက ဘယ်သူ၊ ဘယ်ဝါဆိုတာ ရှာဖွေဖမ်းဆီး မရခဲ့သေးဘူးလေ..

ထိုနည်းတူပဲ ကိုယ့်ရဲ့ မေ ၃၁ လေးကလည်း.. နောက်နှစ်၊ နောက်နှစ်တွေရဲ့ မေ ၃၁ တွေမှာ အချိန်မှန်၊ ပုံမှန် ဆက်သွယ်ခဲ့သလို ကိုယ် ကိုယ်တိုင်ကလည်း နှစ်တစ်နှစ်လုံးရဲ့ မေ ၃၁ နေ့လေးတွေကို တမ်းတတတ်လာခဲ့တယ်.. သူကိုယ်တိုင်က သူ ဘယ်သူဆိုတာ မသိစေချင်တာမို့.. ကိုယ်တစ်ယောက် ဘယ်လောက်သိချင်၊ သိချင် ထပ်မမေးပဲ နေခဲ့တယ်.. ရှေ့နှစ်တွေကသာ ဘု၊ဘောက် ကျပြီး ခဏတဖြုတ်သာ ဖုန်းပြောခဲ့ပေမဲ့  နောက်နှစ်တွေမှာတော့.. ကိုယ် သူနဲ့ အချိန်တော်တော်များများ စကားတွေ ပြောဖြစ်ခဲ့သလို ဘာကြောင့် ဒီနေ့ရက်ကလေးမှာမှ ဖုန်းဆက်ရတာလဲလို့လဲ မေးခဲ့မိတယ်..

ဒီလို မေ ၃၁ မှာ ကိုယ့်ကို သူ စတွေ့ခဲ့ဖူးတာရယ်၊ မေ ဆိုတဲ့ ကိုယ့်ရဲ့အမည်ရယ်ကြောင့် ဒီနေ့လေးကို ရွေးချယ်ခဲ့သလို.. ကိုယ့်ကို စတင်တွေ့ခဲ့တယ် မေ ၃၁ ကလေးတွေရယ်၊ ကိုယ့်ကို ဆက်သွယ်ခဲ့တဲ့ မေ ၃၁ ကလေးတွေဟာ သူ့အတွက်တော့ ကံအရမ်းကောင်းခဲ့တဲ့ နေ့ကလေးတွေ ဖြစ်လို့နေပါသတဲ့လေ.. အစက ပထမဆုံးဆက်သွယ်ခဲ့တဲ့ မေ ၃၁ ကလေး အပြီးမှာ ထပ်မံဆက်သွယ်မလားလို့ စဉ်းစားခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် မဆက်သွယ်ဖြစ်ခဲ့ပဲ.. သူ ဆက်သွယ်ခဲ့တဲ့ မေ ၃၁ ကလေးတွေကတော့ သူ့အတွက် အလှပဆုံးနေ့လေးတွေ ဖြစ်ခဲ့တာကြောင့် ဒီရက်ကလေးကိုပဲ ရွေးချယ်ခဲ့ကြောင်း သူ ရှင်းပြခဲ့တယ်..

ဒီလိုနဲ့ သူ့ရဲ့ မေ ၃၁ လေးတွေကို ကိုယ်တစ်ယောက် မျှော်လင့်တတ်ခဲ့ပြီလေ.. သူကလဲ သူ့မူအတိုင်း မေ ၃၁ မှသာ ဖုန်းဆက်တတ်ခဲ့ပြီး.. ကျန်တဲ့ ရက်၊ လတွေမှာ ကိုယ့်ဘေးနားတွေမှာ ရှိနေခဲ့တယ်ဆိုတာ သူ့အပြောနဲ့တင် သိခဲ့ရတယ်.. ကိုယ့်စိတ်က သူ့ကိုတွေ့ချင်နေမိပေမဲ့လည်း ဘာကို စိုးရွံ့မှန်း မသိတဲ့ ခံစားချက်တွေကြောင့်ရော၊ နောက်တော့ ဆုံတာပေါ့ဆိုတဲ့ သူရဲ့ စကားတွေကြောင့်ပါ ကိုယ့်နံဘေးက ဘယ်နေရာမှာ သူ ရှိနေသလဲဆိုတာ ကိုယ် ထပ် မမေးခဲ့မိတော့ဘူးလေ..


ဒီလိုနဲ့ ဒီနှစ်ရဲ့ မေလကလေးကို ရောက်လို့လာခဲ့တယ်လေ.. ဒီလကလေးထဲကို ရောက်တာနဲ့ ကိုယ့်ရဲ့ မေ ၃၁ လေးကို မျှော်လာခဲ့မိသလို ထို မေ ၃၁ ကလေး ကုန်ဆုံးသွားမှာကိုလဲ စိုးထိတ်လာမိခဲ့တယ်… ဒါပေမဲ့ မထင်မှတ်လှစွာပဲ.. ကိုယ် မျှော်နေတဲ့ မေ ၃၁ လေး မရောက်ခင် တစ်ပတ်လောက်အလို ညတစ်ညမှာတော့ ထူးဆန်းလှစွာ ကိုယ့်ရဲ့ မေ ၃၁ လေး ဖုန်းဆက်လာခဲ့တယ်.. ကိုယ် မျှော်နေတာက မေ ၃၁ မို့.. မထင်မှတ်တဲ့ ဒီနေ့ရက်လေးတစ်ရက်မှာ သူ ဖုန်းဆက်လာခဲ့တာကို အရမ်း အံ့အားသင့်လို့ နေခဲ့တယ်..

“ မေ.. ကိုယ်တို့ စကားပြောဖြစ်တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိပြီနော်.. “

ဆိုတဲ့ ပြောစကားနဲ့အတူ..

“ ဒီ မေ ၃၁ မှာ .. ကိုယ်.. မေ့ကို လာတွေ့မယ်.. မေ “

ဆိုတဲ့ သတင်းစကားက ကိုယ့်အတွက် ရှော့ပ် ရသလို ဖြစ်သွားခဲ့တယ်.. ကိုယ်အတွေ့ချင်ဆုံး၊ အမျှော်လင့်ဆုံး ကိုယ့်ရဲ့ မေ ၃၁ လေးကို တွေ့ရတော့မယ်ဆိုတဲ့ ဒီစိတ်က ကိုယ့်ကို မျက်ရည်ကျလောက်အောင် လှုပ်ခတ်စေခဲ့တယ်.. သူကပဲ ကိုယ့်ကို သိနေခဲ့ရပြီး ကိုယ်ကတော့ ဘယ်သူ ဘယ်ဝါဆိုတာ မသိခဲ့ရတဲ့ ၆ နှစ်တာ အခြေအနေလေးကနေ လွတ်တော့မှာမို့ အရမ်းဝမ်းသာ ပျော်ရွှင်ခဲ့ရတယ်..

ဒီလိုနဲ့ ကိုယ်မျှော်လင့်ခဲ့ရတဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့တယ်လေ.. ဘယ်အချိန်၊ ဘယ်နေရာကနေ ကိုယ့်ရဲ့ မေ ၃၁ လေး ပေါ်လာမလဲဆိုတဲ့ အတွေးတစ်ခုလုံးက မနက်မိုးလင်းကတည်းက ကိုယ့် ခေါင်းထဲကို စိုးမိုးဝင်ရောက် နေခဲ့တယ်.. ဒီလိုနဲ့ လုပ်စရာ ရှိတာတွေလုပ်ပြီး ရုံးကို ထွက်လာခဲ့တယ်.. တစ်လမ်းလုံးလဲ ကိုယ့်စိတ်တွေက မေ ၃၁ လေးဆီပဲ ရောက်လို့ နေခဲ့တယ်..

ရုံးကိုရောက်လို့ ကားပါ့ကင်မှာ ကားကို ရပ်ခဲ့ပြီး ကိုယ့် အခန်းဆီကို လှမ်းလာတယ်ဆိုရင်ပဲ.. ကိုယ့်နောက်ကျောဆီက..

“ မေ “

ဆိုတဲ့ စူးရှရှ အသံတစ်ခုကြောင့် .. လည်ပြန်လှည့်ကြည့်မိတယ် ဆိုရင်ပဲ… ကိုယ့် ကုမ္ပဏီ က လုံခြုံရေးဝတ်စုံနဲ့ လူတစ်ယောက်.. ဘယ်လိုမှ မမှားနိုင်သော အသံတစ်ခုနဲ့ ထိုလူသားကို အတွေ့မှာတော့.. ရှက်လွန်းသောစိတ်နဲ့ မျက်နှာကို လက်နဲ့ကွယ်ကာ ကိုယ့်အခန်းဆီသို့ ပြေးဝင်ခဲ့ရပါတော့တယ်…

အဲဒီနောက်တော့ အတင့်ရဲလွန်းလှတဲ့ ထိုလူသားကို.. ကိုယ့်မန်နေဂျာ ညီမကိုပဲ.. ပြောဆိုပြီး အလုပ်ထုတ်ပစ်ခဲ့ရပါတော့တယ်..


နောက်ပိုင်း ပြန်သိရတာတော့ .. သူ့ကို အင်တာဗျူးခဲ့သော နေ့ရက်က မေ ၃၁ ရက်နေ့ ဖြစ်ခဲ့သလို.. အဲဒီနေ့မှာပဲ ကိုယ့်ကို တွေ့ခဲ့ပြီး.. အဲဒီနေ့မှာပဲ.. သူ အလုပ်ရခဲ့တယ်ဆိုတာရယ်၊ ကိုယ့်ဆီ ဖုန်းဆက်ဖို့ သူ အရမ်း အရဲစွန့်ခဲ့ရကြောင်း၊ စကားပြောရာမှာလဲ အသံတုန်ခြင်း ဘာညာမရှိအောင် ကြိုလေ့ကျင့်ထားရကြောင်းတွေနဲ့ နောက်ဆုံး စိတ်ရဲ့အလိုကျအတိုင်း သူ ဘယ်သူ ဆိုတာ  ပြောပြချင်စိတ်တွေကြောင့် ကိုယ့်ဆီ သူ လာခဲ့ကြောင်းကို မန်နေဂျာညီမလေးကတဆင့် ကိုယ် သိခဲ့ရတယ်..

ဒါပေမဲ့လည်း .. ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေတွေကြောင့်.. ဘယ်လောက်ပဲ တမ်းတခဲ့၊ မျှော်လင့်ခဲ့ရတဲ့ ထိုလူသားကိုတော့ ကိုယ် မရ ရအောင် မေ့ပစ်ဖို့ ကြိုးစားခဲ့ရပါတော့တယ်.. အလွှာချင်းမတူတဲ့ အခြေအနေတွေက ကိုယ်တို့ နှစ်ယောက်ဘဝကို နီးစပ်ဖို့ ဖြစ်မလာနိုင်ဘူးဆိုတာ သိထားခဲ့တာတွေကြောင့် ရင်အကွဲခံပြီး မေ့ခဲ့ရပါတော့တယ်.. ဘဝ၊ ဘဝတိုင်းလဲ ချစ်သောသူနှင့် အတူ မဆုံဆည်းရသော ထိုအဖြစ်မျိုးမှ ကင်းပါစေတော့လို့သာ ဆုအကြိမ်ကြိမ်တောင်းရင်း.. ကိုယ့်ရဲ့ ရင်ခွင်တံခါးကို သော့ခတ်သိမ်းဆည်းလိုက်ရပါတော့တယ်…



No comments:

Post a Comment