Pages

Friday 3 August 2012

ကေပိုးနှင့် အကောင်ရှည်တိုက်ပွဲ - ၂


ကေပိုး.. ကိုးပေရဲ့ စာမျက်နှာထဲမှာ အကောင်ရှည် ပထမပိုင်းကို ထည့်သွင်းရေးပြီးတဲ့နောက်.. နောက်ထပ် အကောင်ရှည်တစ်ကောင်နဲ့ တွေ့ဆုံတာကိုလည်း ထပ်တင်ပြချင်ခဲ့ပြန်တယ်.. ဒီတစ်ခါတော့ ကေပိုး အသက်ဘေးမှ သီသီလေးလွတ်တယ်ဆိုတာ သိစေချင်ပြန်တယ်လေ..  ကေပိုးအတွက် အသက်အန္တရာယ်နီးနီး ကျရောက်ခဲ့ပါတယ်..


သားအမိနှစ်ယောက်သာ နေတာများတဲ့ ကေပိုးတို့အိမ်ကလေး .. နိမ့်တယ်ဆိုတာလဲ ရှေ့ပို့စ်မှာ ဖော်ပြခဲ့ပြီးပါပြီ.. ဒီလိုနိမ့်တဲ့ အိမ်ကလေးမှာ နေနေတဲ့ ဒီသားအမိက ကိုယ့်အခန်းကိုယ် အိပ်ရတာထက် ဧည့်ခန်းထဲ ၂ယောက်အတူ အိပ်ရတာကို ပိုနှစ်ခြိုက်ခဲ့ကြတယ်.. ၂ယောက်ထဲမို့ တစ်စုံတစ်ခုဆို နီးနီးနားနား အဖော်ရအောင်ရယ်.. အောက်ထပ် အိမ်ရှေ့ခန်းမှာ အိပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အိမ်ကိုယ် လုံခြုံတယ်လို့ ထင်မိတာတွေကြောင့် သားအမိ၂ယောက် အိမ်ရှေ့ခန်းမှာ အိပ်ဖြစ်လို့နေခဲ့တယ်.. ကေပိုးတို့အိမ် ဧည့်ခန်းလေးက ဆင်းရဲသာအိမ်မို့ ပေ ၂၀ မပြည့်တပြည့်သာသာရယ်ပါ.. အဲဒီဧည့်ခန်းလေးထဲမှာ ပစ္စည်းတစ်ချို့က ကြပ်ညပ်နေရာယူလို့ နေခဲ့ပါတယ်.. ဒီလိုကြပ်ညပ်နေတဲ့ ဧည့်ခန်းထဲမှာ အိပ်ဖြစ်တဲ့ ကေပိုးတို့ အိပ်ရာကွက်လပ်လေးခေါင်းရင်းမှာ ကျွန်းသားနဲ့ လုပ်ထားတဲ့ ကွန်ပျူတာမတင်ထားသော ကွန်ပျူတာစင်လေးတစ်ခုက နေရာယူလို့ နေခဲ့ပြန်တယ်လေ..


ဒီလိုနဲ့ အိပ်နေတဲ့ညတွေထဲ.. တစ်ညမှာတော့.. အချိန်က အိပ်ရာဝင်ခါစ ၁၁း၃၀ သာသာ.. ကေပိုးခေါင်းရင်းဆီက.. " ဒုတ်.. ရှုး.. ဒုတ်.. ရှုး " ဆိုတဲ့ အသံရယ်ကြောင့်.. သားအမိ၂ယောက် လန့်နိုးလာခဲ့ပါတယ်.. ဘာသံလဲ သေချာမသိတာကြောင့်.. ခေါင်းအုံးဘေးထားအိပ်တဲ့ လက်နှိပ်ဓာတ်မီးနဲ့ ခြင်ထောင်ကို ဟ ကာ မီးထိုးကြည့်တယ်ဆိုရင်ပဲ.. ပြောင်ပြောင်လက်လက်သဏ္ဍာန်.. ပါးပြင်းထောင်လျက်ရှိနေသော မြွေတစ်ကောင်ကို တွေ့မိပါတော့တယ်... မြွေကိုတွေ့တယ်ဆိုရင်ပဲ.. ကေပိုး ကြောက်အားလန့်အား မေ့ကို ပြောဆိုပြီး.. ခြင်ထောင်ထဲက ထွက်.. အိမ်ရှိ မီးချောင်းတွေ လိုက်ဖွင့်မိပါတော့တယ်.. အဲဒီနောက်တော့ ခြင်ထောင်ကို အသာကလေး ထိုင်ခုံတွေပေါ်တက်ကာ.. ဆွဲဖြုတ်မိပါတော့တယ်.. ခြင်ထောင်ဖြုတ်ပြီး မီးအလင်းရောင်အောက်မှာ မြင်လိုက်ရတာက ပါးပြင်းကြီး ထောင်လျက်ရှိနေသော မြွေဟောက်ကြီးတစ်ကောင်ပဲ ဖြစ်ပါတော့တယ်.. မီးအလင်းရောင်ကြောင့် တရှုးရှုးနဲ့ ပေါက်နေသော မြွေကြီး.. ခေတ္တခဏ ငြိမ်သက်သွားပါတော့တယ်..


သေချာစဉ်းစားကြည့်တော့.. သူ တရှုးရှုးနဲ့ ပေါက်နေခဲ့တာက ကေပိုးခေါင်းရင်းက ကွန်ပျူတာစားပွဲခြေထောက်ကိုပဲ ဖြစ်လို့နေပါတော့တယ်.. ကွန်ပျူတာစားပွဲက.. စားပွဲအောက်ခြေမှာ system unit  တင်တဲ့ စင်ကလေး ရှိနေသေးလို့သာ ကေပိုး အသက်ဘေးမှ သီသီလေးလွတ်ခဲ့ရပါတယ်.. စားပွဲအောက်ခြေ စင်ကလေးရဲ့ ဟိုဘက်အခြမ်းကနေ သူသွားတဲ့ လမ်းကြောင်းမှာ စားပွဲခြေထောက်က ပိတ်ဆို့တားဆီးနေတာကြောင့် ဒေါသတကြီး ပေါက်ခဲ့ရာက သူ့ရဲ့အသံထွက်လာခဲ့ခြင်း ဖြစ်ခဲ့တယ်.. အရင်တုန်းကဆို.. အိမ်ကကြောင်တွေ ရန်ဖြစ်တယ်ပဲ ထင်ပြီး.. အိပ်ရာထဲက မထွက် .. လက်အပြင်ထုတ်ကာ တရှုးရှုးနဲ့ ကြောင်တွေကို မောင်းထုတ်မိမှာဖြစ်တဲ့ ကေပိုးတစ်ယောက်.. ကိုယ်စောင့်နတ်ကပဲ.. နှိုးဆော်သလား.. ကုသိုလ်ကံကပဲ မြင့်မားနေသေးလို့လားမသိ.. တစ်ပေသာသာ အကွာအဝေးသာရှိတဲ့ စားပွဲဟိုဘက်ဒီဘက်ကလေးကို ခေါင်းအုံးဘေးက လက်နှိပ်ဓာတ်မီးနဲ့ ယူကြည့်မိလို့သာ အသက်ဘေးက လွတ်ခဲ့ရတယ်..


ခြင်ထောင်ဆွဲဖြုတ်လိုက်တော့မှ မြွေဟောက်ကြီးလဲ လန့်ပြီး.. စားပွဲဟိုဘက်အောက်ခြေကနေ.. စင်ကလေးပေါ် လျှောတက်လာပါတော့တယ်.. အဲဒီနောက်တော့ လှပလွန်းတဲ့ သူ့ပါးပြင်းကြီးကို မီးရောင်ကြားမှာ တလက်လက်နဲ့ တွေ့ရသလို.. ပြောင်လက်တောက်ပနေသော စူးရဲရဲ သူ့မျက်လုံးများကိုလည်း တွေ့လိုက်ရပါတော့တယ်.. မည်းနက်ပြောင်လက်တောက်ပနေသော သူ့ပုံစံက သိပ်မကြီးတဲ့ မြွေတစ်ကောင်မှန်းသေချာသိရပေမဲ့.. ပါးပြင်းထောင်လိုက်တော့မှ မတရားလှပလွန်းတဲ့ အကောင်ကြီးမြွေကြီးပမာတွေ့ရပါတော့တယ်.. သားအမိ၂ယောက် ဒီအကောင်ကို ဘာလုပ်ရမယ်မှန်းမသိ အကြောင်သား ထိုင်ကြည့်နေမိပြီး.. ခဏကြာမှ နာရီကို ကြည့်လိုက်တော့ ၁၂ နာရီစွန်းစွန်းရောက်နေတာကို တွေ့လိုက်ရပါတော့တယ်.. တစ်ညလုံး ကေပိုးတို့သားအမိ ဒီလိုထိုင်နေလို့၊ တစ်ညလုံး ဒီမြွေကြီးလည်း ဒီလိုမလှုပ်မယှက်နေလို့ မဖြစ်နိုင်တာမို့.. ပါးပြင်းထောင်နေတဲ့သူ့ကို မတို့ရဲ မထိရဲမို့.. တစ်ခြံဝင်းထဲနေ.. ဘေးက အိမ်ကို အငှားတင်ထားသော တောက အမကို လှမ်းနှိုးမိပါတော့တယ်.. 


အော်ခေါ်နှိုးသံကြားလို့ နိုးလာတဲ့အမကို အော်ဟစ်ပြောပြတော့.. အဲ့အမ အိမ်ဘက်ကို ကူးလာခဲ့တယ်လေ.. အိမ်ထဲရောက်တော့ ဒီတိုင်းရှိနေတဲ့ ဒီမြွေကြီးကို သူလဲ ဘာလုပ်ရမယ် မသိတာမို့.. ကေပိုးကိုယ်တိုင်ပဲ.. အိမ်မှာရှိတဲ့ ဂေါက်ရိုက်တံအဟောင်းတစ်လက် ယူကာ အဲ့အမကို ပေးလိုက်မိရင်း.. " အမ.. အပြင်ထုတ်လို့ရမယ်ဆိုလဲ ထုတ်သွား.. မရရင်တော့လည်း တစ်ခုခုသာ လုပ်လိုက်ပါတော့ " လို့လဲ ပါးစပ်က တစ်ဆက်တည်း ထွက်သွားခဲ့ပါတော့တယ်.. အမလည်း.. ဂေါက်ရိုက်တံနဲ့ အိမ်တံခါးပေါက်ဝကို ဆွဲထုတ်ဖို့ ထိုမြွေကြီးကို ထိလိုက်တယ်ဆိုရင်ပဲ.. ကိုယ်တော်ချောက တွန့်တွန့်..တွန့်တွန့်နဲ့ ကေပိုးတို့ ရှိရာ အိမ်အတွင်းဘက် ထိုင်ခုံဆီသို့ ရောက်လာပါတော့တယ်.. အဲဒီနောက်တော့.. အပြင်ဆွဲခေါ်ထုတ်ဖို့ မဖြစ်နိုင်တော့တဲ့ ထိုမြွေခမျာ.. ဘေးအိမ်ကအမလက်ထဲက ဂေါက်ရိုက်တုတ်စာနဲ့ ပြားပြားစင်းစင်း ဖားပေါင်စင်းပမာ.. ခေါင်းရောကိုယ်ပါ.. တစ်သားတည်း ပြားပြားကြီး ဖြစ်သွားပါတော့တယ်..


အဲဒီတော့မှပဲ.. ကေပိုးတို့ ၃ ဦးစလုံး သက်မကိုယ်စီ ချနိုင်တော့တယ်.. ထိုမြွေဟောက်ကောင်ကို ဂေါ်ပြားထဲထည့်ပြီး.. လမ်းဟိုဘက်ဇောင်းက လူမနေတဲ့ မြေကွက်လပ်ဘက်ကို သွားပစ်လိုက်ရပါတော့တယ်.. အဲဒီနောက်တော့ ၃ ဦးသား ခဏထိုင်စကားပြောဆိုပြီး.. ဘေးအိမ်က အမလည်း သူ့အိမ် သူ ပြန်သွားခဲ့ပါတော့တယ်.. အဲဒီနောက်တော့ ဘယ်သောအခါမှ ညဘက်ကို အိမ်အောက်ထပ်ကို ဆင်းအိပ်ခြင်းကို ကေပိုး တတ်နိုင်သလောက် ရှောင်ရှားခဲ့ပါတော့တယ်.. မတတ်နိုင်လွန်းတော့မှသာ ဆင်းအိပ်ခြင်းမျိုး ပြုလုပ်ခဲ့ပါတော့တယ်.. သေချာစဉ်းစားကြည့်တော့ ကေပိုး ကုသိုလ်ကံအရမ်းကောင်းနေတဲ့အချိန်မို့ရယ်ကတစ်ကြောင်း၊ ထိုမြွေကြီးရဲ့ လူသိကုန်ပြီး အသက်ပါရလောက်တဲ့ သူ့ဒေါသကြောင့်သော်လည်းကောင်း.. ကေပိုးတစ်ယောက် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပါတော့တယ်..






6 comments:

  1. (မတရားလှပလွန်းတဲ့ အကောင်ကြီးမြွေကြီးပမာတွေ့ရပါတော့တယ်)
    လှလွန်းတဲ့မြွေရှိဦးမှာလားကေရေ ဖတ်ရတာနဲ့ပဲ ရင်တထိတ်ထိတ်နဲ့
    အသဲယားမိတယ် မြွေကိုအသေကြောက်တယ်
    အပိုင်း၁ ကိုလဲဒီနေ့မှဖတ်ခဲ့ပါတယ်----ကြောက်ကြောက်နဲ့ပါ

    ReplyDelete
    Replies
    1. တကယ်ကြီးကို လှတာ မမစံပယ်ရေ..ပြောင်လက်နေတာပဲ.. ပါးပြင်းကြီးကလဲ လှမှ လှရယ်

      Delete
  2. အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ အားပေးသွားပါတယ်

    ReplyDelete
  3. အောင်မြတ်လေး ဒေါ်ကေရယ်.. မထိတ်သာ မလန့်သာရှိလိုက်တာ။

    ReplyDelete
  4. နီက မထိတ်သာ မလန့်သာ .. နာက စဥးစားလိုက်တိုင်း ခေါင်းကြိမ်းတုန်းရယ်

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete