Pages

Thursday 8 November 2012

လမ်းဟောင်းထက်က တမ်းတသံ


လျှောက်နေတဲ့ ခြေလှမ်းတွေ၊ ရောက်နေတဲ့ နေရာတွေ၊ တွေးနေတဲ့ အတွေးပုံရိပ်တွေ... ဘာပဲပြောပြော ဝမ်းနည်းစရာတွေပေါ့ ချစ်သူ.. ငါတို့ခွဲခွာခဲ့တာ.. အခုဆို ၁၀ နှစ်.. ၁၀ နှစ်တောင် ရှိခဲ့ပြီပေါ့... ဒီလိုဆို ဒီနေရာကို ငါ မရောက်တာ ၁၀ နှစ်လို့ မင်းထင်မလားပဲ.. မဟုတ်ဘူး ချစ်သူ.. မဟုတ်ဘူး.. ငါ အကြိမ်ကြိမ် ရောက်ခဲ့ပြီးပါပြီ... အလုပ်ကိစ္စဆိုတာတွေကို အကြောင်းပြလို့.. အလွမ်းတွေ တူးဖော်ဖို့ ငါ အကြိမ်ကြိမ် မျက်ရည်သိမ်းခဲ့တဲ့ နေရာရယ်ပေါ့...


လမ်းတွေထက်က ငါတို့ ရယ်မောသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. ခုံတန်းရှည်အောက်က ငါတို့ ပျော်မြူးသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. အမြဲ ထိုင်နေကျ ဆိုင်လေးတွေရယ်... အမြဲရောက်နေကျ ကန်ဘောင်လမ်းလေးရယ်.. ပြန်မရနိုင်တော့တဲ့ နုပျိုခြင်းတွေရယ်.. ပြန်မဆုံနိုင်တော့တဲ့ တို့ ချစ်ခြင်းတွေရယ်ကို.. တကယ်ကို ငါ လွမ်းနေခဲ့တယ်.. ချစ်သူ..


အတူစားဖူးတဲ့ ထမင်းဆိုင်လေးရယ်.. အတူသောက်ဖူးတဲ့ ကော်ဖီခွက်လေးတွေရယ်.. အတူလုစားနေကျ သကြားလုံးလေးတွေရယ်.. အမှတ်တရ သိမ်းထားတတ်တဲ့ ငါ့အတွက် ငါ လုယူခဲ့ရတဲ့ ဓာတ်ပုံအဟောင်းလေးတွေရယ်.. ဒါတွေ ငါ မမေ့သေးဘူး ချစ်သူ.. ငါရေဆာလို့ တမ်းတလိုက်တာနဲ့ အနားမှာ ရေအဆင်သင့်ရောက်လာနိုင်ခဲ့တာတွေ.. နွမ်းနယ်နေတဲ့ ငါ့အတွက် အေးမြမှုဆိုတဲ့ ပဝါ ကမ်းပေးခဲ့တာတွေ.. ဒါတွေ ငါ မမေ့သေးဘူး ချစ်သူရယ်..


ထမင်းချိုင့်ဆိုတာ ဘယ်တော့မှ ငါ ကိုင်တဲ့ အရာ မဖြစ်လာရအောင်.. အစားအသောက်ဆိုရင် ငါ့အတွက်ဆို ပိုလျှံမှ ဖြစ်လာရအောင်.. အမြဲ ဂရုစိုက်ခဲ့တဲ့ ငါ့ချစ်သူ.. အခု ဘယ်ရောက်နေလဲ.. ငါ သိပ်သိချင်ခဲ့တယ်.. လှမ်းကြည့်ရင် လွမ်းမောစရာ အတိတ်ပုံရိပ်နဲ့.. တမ်းတရင် ကြားယောင်နေတဲ့ စကားသံချိုချိုတွေ.. ဘယ်လိုမှ ပြန်မရတော့ဘူးဆိုတာ.. ကြိမ်းသေနေပြန်ရောပေါ့ ချစ်သူ..


တကယ်ဆို ဒီအတိတ်ဟောင်း.. တူးဆွဖို့ မသင့်ခဲ့မှန်း ငါ သိခဲ့ပါတယ်.. ချစ်သူ.. ဒါပေမဲ့ မင်းသိထားပေါ့.. အတိတ်ဆိုတာ ဘယ်လိုပဲ ဟောင်းဟောင်း.. ပြန်တွေးလိုက်ရင်  ကြည်နူးစရာတွေချည်းပါ ချစ်သူ.. မင်းနဲ့ ငါ့ရဲ့ ကြည်နူးစရာ အတိတ်တွေထဲမှာ ငါ တဝဲလည်လည် ဖြစ်နေသေးတုန်းပေါ့.. ချစ်သူရေ.. စ နောက်လို့ ရန်ဖြစ်ရတာတွေ.. စိတ်ကောက်လို့ ပြန်ချစ်ရတာတွေ.. ဘယ်မှာလဲလို့ ငါ ဒီလမ်းဟောင်းထက်မှာ လိုက်ရှာမိပြန်တယ် ချစ်သူ..


စားအတူ၊ သွားအတူ.. အချိန်တူတွေထဲမှာ ပြန်ချိန်ရောက်လို့ ခွဲရရင် ငိုမဲ့မဲ့ဖြစ်တတ်ခဲ့တဲ့ ငါ့အတွက်.. အားပေးစရာ၊ ရီမောစရာတွေနဲ့ နှစ်သိမ့်ခဲ့တဲ့ နင့်ကို ဒီနေရာ၊ ဒီလမ်းကို ရောက်တိုင်း ငါ လွမ်းနေခဲ့တယ်ဆိုတာ.. နင် သိပါလေစ.. ချစ်သူရေ..


တမ်းတမ်းတတ.. ဒီလမ်းဟောင်းကို မေးမိပြန်တယ်.. မင်း ဘယ်ဆီမှာလဲရယ်လို့ပေါ့... သူ မကြားချင်ယောင် ဆောင်နေတယ် ချစ်သူ.. မင်း ဘယ်မှာလဲ .. မင်း ဘယ်မှာလဲ...  ငါ တမ်းတနေမိတယ်.. ချစ်သူရယ်.. မင်း ဘယ်မှာလဲ.. မင်းဘယ်မှာလဲ...

(ရန်ကုန်တက္ကသိုလ်ရောက်တုန်း သူငယ်ချင်းများကို လွမ်းစိတ်နဲ့ ရေးသားသည်)



ကေပိုး
8:00 PM.
8.11.2012.

4 comments:

  1. အမကေပိုးရဲ့ တမ်းတသံလေးတွေကို ခံစားသွားပါတယ်နော်
    ညလေးလဲ Uni ကို လွမ်းလိုက်တာ..
    ပြောရမယ်ဆို လွမ်းစရာတွေက တပုံကြီးပဲမရဲ့..
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  2. student life ကို လွမ်းလွန်းလို့ရယ်.. ဘော်ဒါတွေကို အောင်းမေ့လွန်းလို့ရယ်ပါလေ...

    ReplyDelete
  3. ပိုးရေ ဘော်ဒါတွေ ကိုသတိရလွမ်းတာပဲလားဟင်
    တခြားဘာမှ မလွမ်းဘူးလား

    ReplyDelete
  4. ဘော်ဒါတွေအပြင် ဘာမှကို မရှိခဲ့တာပါ မမရေ..

    ReplyDelete