Pages

Monday 30 April 2012

အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၄) ဇာတ်သိမ်း

ကွင်းထဲမှာ တော်တော်ကြာကြာ အော်ဟစ်ပျော်ရွှင်နေတဲ့ ကျွန်မတို့အဖွဲ့  ကွင်းထဲမှနေပြီး ဘုရား ရင်ပြင်တော်ပေါ်ကို အော်ဟစ် က ခုန်ပြီး ၀င်လာခဲ့ကြပြန်ပါတယ်။ တစ်ဖွဲ့တည်းဖြစ်ပေမဲ့ တောင်ပေါ်သူ မဟုတ်တဲ့ ကျွန်မအတွက်တော့ တောင်ပေါ်သူ၊ တောင်ပေါ်သား သူငယ်ချင်းတွေ က ခုန်နေကြတာကိုပဲ ဘေးက ကြည့်မိနေမိပါတယ်။ ဒါကို မြင်တဲ့ သူငယ်ချင်းတွေက အတင်းကို ၀ိုင်းထဲ ခေါ်သွင်း က ခိုင်းတာမို့ ရှက်တတ်တဲ့ ကျွန်မ ဘယ်လိုမှကို ဝေးဝေးရှောင်မရပဲ သူတို့ နဲ့အတူ ရောနှော က ဖြစ်ခဲ့ပါသေးတယ်။ အဲလို ၀င် က တော့မှပဲ သူငယ်ချင်းတွေရဲ့ မျက်နှာပြုံးပြုံးတွေကို ထပ်မံ တွေ့ရှိခဲ့ရပြန်ပါတယ်။




Sunday 29 April 2012

အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၃)

ကျွန်မတို့အဖွဲ့  ထမင်းစားသောက်ပြီး ည ၇ နာရီသာသာလောက်မှာတော့ မီးပုံးပျံ လွှတ်ရန် ထွက်လာခဲ့ကြပါတော့တယ်။ ရွာဘုရားရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းက ကွင်းပြင်မှာ လွှတ်မယ်လို့ ရည်ရွယ်တာကြောင့် ကျွန်မတို့အဖွဲ့ အောင်ပန်းက လုပ်ယူလာတဲ့ ဘောလုံးကြီးရယ်၊ မီးပန်းစင်ရယ်၊ ရေနံတိုင်ရယ်ကို  ထမ်းပြီး အရှေ့ဘက် ကွင်းပြင်ကို ထွက်လာခဲ့ ကြပါတယ်။ အနီးကပ် တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်မအတွက်တော့ အရာရာဟာ ဆန်းသစ်လို့ နေခဲ့ပါတယ်။ တောင်ပေါ်ရွာ မဟုတ်တဲ့ အောက်ပြည်အောက်ရွာက ရွာသူရွာသားတွေဖြစ်တဲ့ အဟောက်ရွာသားတွေအတွက်လည်း ကျွန်မနည်းတူ သိချင်မြင်ချင်နေကြတာကိုလည်း တွေ့ခဲ့ရပြန်ပါတယ်။







ယမ်းစင်လုပ်နေကတည်းက ရွာမှာရှိတဲ့ ကလေးတွေ လာလာ ကြည့်လွန်းလို့ မောင်းထုတ်ခဲ့ရတာလဲ အမောပဲဖြစ်ခဲ့ရပါတယ်။ ယမ်းတွေ စ ကိုင်တာနဲ့လည်း ယမ်းစင်အနီးကို မီးခြစ်၊ ဆေးလိပ် စတာတွေကို အနားမှာ အရှိကို မခံတော့တာပါ။ အလွယ်တကူ ပေါက်ကွဲနိုင်တယ်လို့လဲ ကျွန်မသူငယ်ချင်း မီးဆရာ ဥာဏ်ဝင်းက ပြောပြခဲ့ပါသေးတယ်။ အခုလည်း မီးပုံးပျံလွှတ်ရာနေရာ အနီးကပ်အထိ လိုက်လာခဲ့တဲ့ ရွာသားတွေ ကို အတင်းမောင်းထုတ်ပြီး ကိုက် ၅၀၀ လောက်မှာ ကြိုးတွေတားပြီး အဲဒီစည်းကို မကျော်ရဘူးလို့လဲ စည်းကမ်း သတ်မှတ် ယူခဲ့ရပြန်ပါတယ်။ မတော်တဆ ပေါက်ကွဲမှု ဖြစ်လာမှာ စိုးတာကြောင့်ရယ်၊ စည်းကမ်းမရှိတဲ့ တစ်စုံတစ်ဦးကြောင့် ယမ်းစင် တစ်ခုခုဖြစ်မှာကြောင့်ရယ်လို့လဲ သိခဲ့ရပြန်ပါတယ်။ အဲဒီစည်းကမ်းကြောင့် စည်းဝင်းအတွင်းရောက်နေတဲ့ ကျွန်မ .. ငါလဲ ဒီစည်းထဲက ထွက်ရမှာလားလို့ သူငယ်ချင်းတွေကို လှမ်းမေးမိလိုက်ပါသေးတယ်.. တော်သေးတာပေါ့.. အမက ကျွန်တော် တို့အဖွဲ့လေ.. ဘာလို့ထွက်ရမှာလဲဆိုတဲ့ အသံကြောင့် တောင်ပေါ်သူ မဟုတ်တဲ့ ကျွန်မရဲ့ ရင်ကို ချမ်းမြေ့စေတဲ့၊ အဖွဲ့နဲ့ တစ်သားတည်းဆိုတဲ့ စိတ်ကို ဖြစ်စေခဲ့တယ်။

အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၂)

ဖြစ်ချင်တော့… အဲဒီနေ့တွေက အဟောက်ရွာလေးထဲမှာ ရှင်လောင်းပြုအလှူပွဲလေး တစ်ခု ရှိလို့ နေပါသေးတယ်။ ထိုပွဲလေးကြောင့်.. အဟောက်ရွာလေးမှာ မီးခိုးတိတ်ခဲ့တာ.. ၃၊ ၄ ရက်လောက် ရှိနေပြီ ဆိုတာလည်း သိရှိခဲ့ရပါတယ်။ ကျွန်မတို့အဖွဲ့လည်း.. ထိုအလှူလေးက ကျွေးတဲ့ ထမင်း၊ ဟင်းကို ၂ ရက်လောက် စားခဲ့ကြသေးတယ်လေ။ ရန်ကုန်သူဖြစ်တဲ့ ကျွန်မအတွက် ထိုသို့ ၄၊ ၅ရက်လောက် တစ်ရွာလုံးကို မီးခိုးတိတ် အလှူ ပေးတာမျိုး မမြင်ဖူးခဲ့ပေ.. နေ့စဉ်၊ ညတိုင်း ကျွေးမွေးနေတဲ့အပြင် တစ်နေကုန် သီကြွေးနေတဲ့ အလှူပွဲရဲ့ ဂီတဖျော်ဖြေပွဲ မဏ္ဍပ်ကိုလဲ သတိပြုမိစရာ တွေ့ခဲ့ရပါတယ်။ ထူးထူးခြားခြားကတော့ ရှင်လောင်းလှည့် မတိုင်ခင်ညကပါပဲ။ ရွာတွေ၊ ရွာတွေက ရှာထားတဲ့ မြင်းဖြူကလေးများကို က ခိုင်းတဲ့ပွဲပါပဲ။ ဖျော်ဖြေပွဲစင် က သီချင်းမျိုးစုံဖွင့်ပြီး.. မြင်းဖြူကလေးများကို က ခိုင်းတာဟာလဲ ထူးထူးခြားခြားပွဲတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမဲ့လည်း.. မြင်းကလေးတွေ က နေတာကို ကြည့်ကောင်း နေပေမဲ့ ကျွန်မတို့သူငယ်ချင်းတွေရဲ့ စိတ်ထဲ မှာတော့.. အရိုက်အနှက် ခံပြီး ကနေရတဲ့ သူတို့လေးတွေကို သနားက မတရားဘူးလို့.. မှတ်ယူမိခဲ့တယ်။ အဲဒါကြောင့်လည်း ကြာကြာ မကြည့်တော့ပဲ.. ပွဲခင်းထဲက ထွက်လာခဲ့ကြပါတော့တယ်။
နောက်တစ်နေ့မနက်မှာတော့.. ရွာထဲက ရှင်လောင်းလှည့်ပွဲလေး စတင်ပါတော့တယ်။



အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၁)

ခုတလော အပျင်းထူနေတာနဲ့ စာမရေးဖြစ်တာ တော်တော်ကြာနေပြီလို့ ပြောရင် တကယ့်စာရေးဆရာကြီးတွေက လာထုရိုက်မလားမသိဘူး။ မတောက်တခေါက် စိတ်ထဲရှိရာတွေ လျှောက်ရေး.. အစီအစဉ်မကျ.. ဌာန်ကရိုဏ်းကလွဲ .. အဲလိုနဲ့ လျှောက်ရေးချင်ရာတွေ လျှောက်ရေးတတ်တဲ့ ကျွန်မ.. အခုလဲ ခရီးလေးတစ်ခု သွားဖြစ်ပါတယ်။ အတူသွားဖော်သူငယ်ချင်းတစ်ယောက်က စာရေးဆရာမကြီး.. ဒီတစ်ခါရော.. ဒီခရီးအတွက် လျှောက်ရေးဦးမှာလား မေးတဲ့အတွက်.. ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေ မေ့ပြီး.. တတ်ထားတဲ့ ကပေါက်တိကပေါက်ချာ ပညာရပ်လေးနဲ့.. ရှိသမျှဥာဏ်ကလေး လျှောက်သုံးပြီး လူအမြင်ကတ်အောင် စာလေးတစ်ပုဒ်တော့ ရေးဦးမှပါလို့.. တွေးလိုက်မိတယ်။ ခရီးသွားအဟာရလို့ ဆိုချင်ဆိုပါစေ။ ဘာပဲပြောပြော ကိုယ့်အတွက်အမှတ်ရစရာ ဒီပျော်ရွှင်စရာခရီးလေးကို နောင်ဘယ်တော့မှ မမေ့နိုင်အောင် မှတ်တမ်းတင်ပြီး ရေးလိုက်မိပါပြီ။

“အတိတ်ကာလဆီက သင်္ကြန်များသို့ အလည်တစ်ခေါက်”

♫♫ အချိန်တန် ဂိန်မာန် နွေဦးဝယ်
♫ မသွေအမှန် တောင်ပြန်လေမြူးတယ်
♫ အချိန်ခါဝေဆာ ပွင့်အလာထူးတဲ့
♫ အို ... ပိတောက်ဦး ရယ် ♫♫

စာရေးမယ်ဆိုပြီး စာကြည့်စားပွဲမှာ ထိုင်တွေးငေးနေတဲ့ ကိုယ်တစ်ယောက် အိမ်ရှေ့လမ်းမထက်ဆီက ဖြတ်သွားသော ထီကားမှ ပျံ့လွင့်လာတဲ့ သီချင်းသံကြောင့် ဘာလိုလိုနဲ့ သင်္ကြန်ရောက်ခါနီးပါရောလားလို့ သတိပြုမိခဲ့တယ်.. အဲဒါနဲ့ပဲ ရေးလက်စ စာကို ခဏရပ်ပြီး မကြာခင် ရောက်လာတော့မယ့် သင်္ကြန်ကာလလေးကို ကြိုတွေးမိသလို ကျန်ရှိခဲ့တဲ့ အတိတ်က သင်္ကြန်တွေကို ပြန်လည်ခံစားလို့ နေခဲ့ရပြန်ပါပြီ..

ချစ်ပျိုးရေ..

ဒီနေ့ ငါတို့မြို့မှာ သင်္ကြန်အကြို ပိတောက်ပန်းတွေ ပွင့်တယ်။ အရမ်းလှတာပဲ။ တမြို့လုံးအနှံ့ ဝါထိန်နေတာပဲဟ။ တွေ့သမျှ မိန်းကလေးတိုင်းရဲ့ လက်ထဲမှာလဲ ပိတောက်ပန်းတွေ ဝေလို့ပေါ့။အနံ့စူးပြီး ခဏနဲ့ ကြွေတတ်တဲ့ ပန်းမို့ ပိတောက် မကြိုက်တဲ့ ငါတောင် သဘောကျလာပါရောလားဟ။ ရုံးဖယ်ရီပေါ်မှာလဲ ပိတောက်ပန်းတွေ ဝေလို့ရယ်လေ။ ငါ့သူငယ်ချင်းတွေရဲ့ လက်ထဲမှာတွေလဲ အပြည့်ပဲလေ။ ဒီနေ့တော့ ငါတို့မြို့ကြီး ဝါရွှေလူးတယ်ဆိုတာ အမှန်ပဲဟာ။ ပိတောက်ပန်းလေးတွေနဲ့ လှနေတဲ့သူတွေမှ တပုံတပင်ရယ်ပေါ့။ ကြွားချင်ပါ့အေ။ ရှင်တို့နေနေတဲ့ တိုင်းတပါးမှာ ငါတို့ဆီမှာလို ပိတောက်ပန်းတွေ ရှိရဲ့လားကွ။ ဟဲဟဲ.. ရှိမယ် မထင်ဘူးနော်။ ပိတောက်နဲ့ မြန်မာခွဲခြားမရဘူးဆိုတာ စာတွေ ရေးရေးနေတဲ့ ရှင်လဲ သိမှာပေါ့နော။ ပိတောက်ပန်းတွေ ကြည့်ရင်း ငါလေ.. သင်္ကြန်ကာလာ ရောက်တော့မယ်လို့ စဉ်းစားရင်း ပျော်တောင် ပျော်မိသေးတယ်အေ။

ဒီနှစ်တော့ ထူးထူးခြားခြားပဲဟ။ သင်္ကြန်နဲ့ပိတောက် တိုက်ဆိုင်တယ် ဆိုရမှာပဲ။ ရှေ့နှစ်တော်တော်များများက သင်္ကြန်နဲ့ ပိတောက် လွဲနေတတ်တာလေ။ ခုတော့ သင်္ကြန်မကျခင်လေးတင် ပိတောက်တွေ ဝေနေအောင် ပွင့်ပါရောလား .. ပျိုးရေ။ ရှင်.. အဲဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ ငါ မသိပေမဲ့ ငါတို့ မြန်မာပြည်ရဲ့ သင်္ကြန်ကိုတော့  မြင်စေချင်စမ်းပါဘိဟာ။ ပိတောက်ပန်းတွေ ဝေနေတဲ့ ဒီနှစ်ဦးက ငါတို့ ပြည်သူပြည်သားတွေအတွက် လာခြင်းကောင်းမယ့် နမိတ်များရယ်လားဟယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ငါတို့သင်္ကြန်က ပျော်စရာကောင်းတယ်ဆိုတာ မြန်မာလူမျိုးဖြစ်တဲ့ ရှင်လဲ သိမှာပါ။

ပြုပြင်စေချင်တယ်..

ဟိုတစ်နေ့က ဖေ့ဘုတ်ကနေ ပို့စ်တစ်ခု ဖတ်လိုက်ရတယ်.. ငယ်ငယ်တုန်းက စာသင်ကျောင်းအကြောင်း ရေးထားတာပါ.. သူ့ထဲမှာတော့ သူသင်ခဲ့ရတဲ့ စာသင်ကျောင်းရယ်၊ တချို့ တချို့သော အဖြစ်အပျက်လေးတွေရယ်ကို ရေးတင်ပြထားတာပါ.. အဲဒါကို ဖတ်ပြီး ဘာကို သွားသတိရလဲဆိုတော့ အထက်တန်း (ပြောရရင်တော့ ၁၀ တန်း)တုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရလိုက်တယ်..

ကျွန်မ ဆယ်တန်းတုန်းက ကျွန်မနေတဲ့ မြို့နယ်လေးက ကျောင်းတစ်ကျောင်းမှာ တက်ရတာပါ.. သူများတွေလို နာမည်ကြီးကျောင်းတွေမှာ မတက်ခဲ့ရပါဘူး.. ဒါပေမဲ့ ကျွန်မတို့ကျောင်းက စာတော်တဲ့ကျောင်းသား တော်တော်များများ ရှိပါတယ်.. ဒါပေမဲ့ ကျွန်မတို့လက်ထက်က ဆရာ၊ဆရာမဆိုတာက မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ကျောင်းမှာ ဘုရင်ပါ.. ဆရာ၊ ဆရာမ ပြောတဲ့စကားဆို မှားမှားမှန်မှန် ဘယ်ကျောင်းသားမှ ငြင်းခွင့်မရှိ လက်ခံရတာပါ.. ဘာမှ စောဒက တက်ခွင့် မရှိပါဘူး.. အခု တင်တဲ့ ပို့စ်က ဆရာ၊ ဆရာမတွေကို စော်ကားချင်တဲ့ရည်ရွယ်ချက်နဲ့ တင်တာ မဟုတ်ပါဘူး.. ပညာရေးမှာ ပြောင်းလဲစေချင်တဲ့ တစ်ခုသော အမြင်လေးကို တင်ပြချင်တာပါ..

ရှမ်းပြည်နယ်ကို လွမ်းတယ်.. သူငယ်ချင်းတွေကို လွမ်းတယ်.. Loe' Kaing ကို လွမ်းတယ်...


ခုတလော တိုက်ဆိုင်တာပဲလား မှတ်မှတ်ရရ ရှိနေလို့ပဲလား မသိပါဘူး။ ကြားလိုက်သမျှ သီချင်းတွေတိုင်းလိုလို ရှမ်းပြည်နယ်နဲ့ ပတ်သတ်နေတာတွေပဲ ဖြစ်ဖြစ်နေတတ်တယ်။ မနက် မနက် ရုံးအသွား ဖယ်ရီပေါ်မှာဆိုလဲ နားထောင်မိတာ အမြဲ Cherry FM။ လာလိုက်ရင်လဲ ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းပါ အစုံနှံ့နေအောင်ပါပဲ.. သွားရင်းလာရင်း ဘေးပတ်ဝန်းကျင်က ပျံ့လွင့်လာတဲ့ သီချင်းသံတွေကလဲ အခြားသီချင်းတွေ ဖြစ်မနေပဲ ရှမ်းသီချင်းတွေချည်းပဲ ဖြစ်နေခဲ့ပြန်တယ်.. ကြာလာတော့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လာမိတယ်.. ငါ ရှမ်းပြည်နယ်ကို စွဲလန်းစိတ်များနေပြီလို့..


ကျွန်မနဲ့ မောရှမ်းမြေဟာ အရင်က သိပ်ကွာဝေးလွန်းပါတယ်.. မောရှမ်းလို့ ပြောလိုက်ရင် ဒီနေ့ထက်ထိ ကျွန်မရောက်ဖူးတာ.. တောင်ကြီး၊ အင်းလေးဆိုတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတစ်နေရာပဲ ရှိပါသေးတယ်.. တောင်ကြီး၊ အင်းလေးကို လွန်ခဲ့တဲ့ နှစ်၂၀လောက်က တစ်ခါရောက်ခဲ့ဖူးပါတယ်.. အရမ်းနေချင်စရာ ကောင်းတဲ့ အရပ်ကလေးတစ်ခု ဆိုတာ သိခဲ့ရသလို နေချင်စိတ်လဲ ဖြစ်ခဲ့ရပါတယ်.. ဒါပေမဲ့ အဲဒီတုန်းက အရမ်းငယ်သေးတာကြောင့် တချို့နေရာတွေပဲ မှတ်မိခဲ့ရတယ်.. အဲဒီနောက်ပိုင်း တောင်ပေါ်ဆိုတဲ့ ဝေါဟာရနဲ့ ဝေးလံလှစွာပဲ မွေးရပ်မြေ ရန်ကုန်ရွှေမြို့တော်ကြီးမှာပဲ ကျင်လည်ခဲ့တယ်.. လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်မှာမှ ကျွန်မရဲ့ နားစည်အတွင်းမှာ သတိထားမိစရာ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲဆိုတာကို.. မှတ်မှတ်ထင်ထင်ကြားမိလာခဲ့တယ်.. သူများအပြောနဲ့တင် ရောက်ဖူးချင်ခဲ့တယ်.. ဒါပေမဲ့လည်း စိတ်ထဲမှာပဲရှိခဲ့တဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်.. လက်တွေ့မှာ အကောင်အထည်ပေါ်မလာခဲ့ပါဘူးလေ..


ဒါပေမဲ့ လူ့ကံဆိုတာ ကြိုမမြင်နိုင်ဘူးဆိုတာ ယုံကြည်စရာပေါ်လာခဲ့တယ်.. ခေတ်လူငယ်ပီပီ အင်တာနက် အွန်လိုင်းကို အသုံးပြုရင်း အောင်ပန်းမြို့မှ တောင်ပေါ်သားတစ်ယောက်နဲ့ ခင်မင်ခဲ့ရတယ်.. အဲဒီအချိန်လောက်ထိကို ရှမ်းပြည်နယ်ဆိုတာ စိတ်ကူးထဲမှာပဲရှိခဲ့တယ်.. လက်တွေ့ဆိုတာ အဝေးမှာပဲ ဖြစ်ခဲ့ရတယ်.. ဒါပေမဲ့.. ကုသိုလ်ကံက ကျွန်မဘက်မှာ ရှိနေခဲ့ပြန်တယ်လေ.. ယောင်းမလောင်းက တောင်ကြီးမှာမို့ အကိုမင်္ဂလာဆောင်ကို တောင်ကြီးမှာ လုပ်ဖြစ်တာကြောင့် လွန်ခဲ့တဲ့အနှစ်၂၀ လောက်က မြို့တော်လေးဆီ နောက်တစ်ခေါက်ထပ်ရောက်ခဲ့ရတယ်.. ဒီတခါတော့.. နောက်တစ်ခါ ထပ်လာဖို့ မကြိမ်းသေတာကြောင့် လမ်းခရီးရှုခင်းတွေကို မငြီးမငြူ စိတ်ဝင်စားစွာ လိုက်လံငေးမောကြည့်ရှုခဲ့တယ်.. ငါတော့ နင်တို့ရှိရာ အရပ်ဆီကို လာခဲ့ပြီလို့ အောင်ပန်းက သူငယ်ချင်းဆီ ဖုန်းကြိုဆက်ထားသလို ဘယ်နေရာရောက်ရောက်လဲ ဘယ်ရောက်နေပြီဆိုပြီး အကြောင်းကြားမိခဲ့တယ်..




ဝေးကွာခြင်း

အဆုံးမရှိ အစမရှိ သံသရာထဲမှာ ဝေးကွာဖို့ အကြောင်းဖန်လာပြန်ပြီလား.. ဒီလို ဝေးရမယ် ကြိုသိရင် နီးစပ်ဖို့ မကြိုးစားခဲ့ဖူးကွယ်.. အတိတ်က အရိပ်တွေထဲမှာ ပြေးလွှားဆော့ကစားရတာ ကျေနပ်နေတဲ့ အချိန်မှာ ပျော်ပျော်ကြီး ခွဲခွာဖို့ ကြံခဲ့ပြန်တာလား.. ဝေးတော့မယ်လို့ သိနေရက်နဲ့ ပစ္စုပ္ပန်ကို လက်မခံနိုင်ခဲ့တာဟာ အားနည်းချက်တစ်ခုပေါ့.. ဒီအားနည်းချက်ကို နင်းခြေရက်ပြန်တယ်နော်.. အနေဝေးလို့ အခြေအနေချင်း မနီးစပ်ခဲ့တောင်မှ ရင်မှာ ချစ်တယ်လို့ ထင်ထားခဲ့တာ မှားလား.. လျှောက်လှမ်းတဲ့လမ်းက ပြဒါးတစ်လမ်း၊ သံတစ်လမ်း မဟုတ်ခဲ့ပေမဲ့ ညှိယူမရခဲ့ဘူးနော်.. အနေဝေးရင် သွေးအေးသတဲ့ဆိုတဲ့ စကားပုံကို မျက်နှာလွှဲ ခဲနဲ့ပစ်လောက်အောင် ယုံကြည်ခဲ့မိတာ ရင်ဘတ်အခံရဲ့ ယုံကြည်မှုတစ်ခုကြောင့် ထင်ပါရဲ့.. ပေးထားတာတွေ များလို့များ တန်ဖိုး မရှိတော့တာလားလို့ တခါတခါ ထင်မိပြန်တယ်.. မဟုတ်လောက်ပါဘူး.. မနေချင်သူ ထွက်သွားတာကို လိုက်တားခဲ့ရလောက်အောင်လဲ မာနတွေ မြေမှာ ဝပ်စင်းခဲ့ရတယ်.. သိရက်နဲ့ နင်းခြေချင်တာကလည်း ဝသီတစ်ခုဆိုတာကို သိနေခဲ့ပြန်တယ်.. မာန နဲ့ နောင်တ ဘယ်ပျောက်နေခဲ့လဲ.. လမိုက်နေခဲ့လား.. ဒီလိုနဲ့ တဖြည်းဖြည်း ထွက်ခွာ.. ချစ်ခြင်း၊ ပေးဆပ်ခြင်းတွေရဲ့ ဝေးရာ ပြေးမယ့် ဆန္ဒတစ်စုံကို မိုက်ရူးရဲစွာ ဖက်တွယ်ချင်သေးတယ်.. ဒါပေမဲ့ ဘာပဲပြောပြော.. စတင် ဝေးကွာခဲ့ပါပြီ...

ကြုံခဲ့ဖူးတဲ့ တစိမ်းသကောင့်သားတွေ

ညက တီဗီကနေ ကြော်ငြာတစ်ခုကြည့်ရတယ်.. Appeton Weight gain ကြော်ငြာတာ.. ကြော်ငြာထဲမှာတော့ ကောင်လေးက ကောင်မလေးကို မိုးပျံပူဖောင်းလေးတွေ လိုက်ပေးတာ.. လေတိုက်လိုက်တဲ့အချိန်ကျတော့ ပိန်လွန်းတဲ့ ကောင်လေး မိုးပျံပူဖောင်းနဲ့အတူ လေထဲလွင့်သွားရော.. အဲဒီကြော်ငြာကို ကြည့်ပြီး ဘာကို သတိရမိလဲဆိုတော့ ကျွန်မငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုကို သတိရမိသလို အဲဒီနောက် ဆက်လက်တွေးမိတာတွေ ဖြစ်လာတော့တာပဲ.. ငယ်ကတည်းက ပိန်တဲ့ ကျွန်မ .. ခုထက်ထိလဲ ခပ်ပိန်ပိန်ပါပဲ.. မှတ်မှတ်မိမိ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က ရည်းစားစကား လိုက်ပြောပါတယ်.. ဘာမှတောင် ပြန်စဉ်းစားဖို့ အချိန်မရဘူး.. နောက်တစ်နေ့ သူငယ်ချင်းတွေဆီကနေ သတင်းကြားရတယ်.. စကားလိုက်ပြောတဲ့ကောင်လေးရဲ့ သူငယ်ချင်းတွေက ကျွန်မ ပိန်လို့ စိတ်မ၀င်စားပါနဲ့တဲ့.. ခပ်ချောချော ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမှာမို့.. ကျွန်မကို မေ့လိုက်ပါတဲ့လေ.. ရီရပါတယ်.. ကျွန်မကရော.. အဲ့ကောင်လေးကို စိတ်ဝင်စားသေးလို့လား.. လုံးဝ စိတ်ထဲ မရှိသေးတာပါ.. မှတ်မှတ်ရရတစ်ယောက်ပါပဲ..

 နောက်တစ်ယောက်က.. အထက်တန်းတွေအောင်လို့ အပြင်လောကကို စ၀င်ခါစမှာ.. တက်ခဲ့တဲ့ သင်တန်းမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်.. ကျွန်မတို့အဖွဲ့မှာ ရုပ်ဆိုးဆိုး ခပ်၀၀ ကောင်မလေးတစ်ယောက်ပါပါတယ်.. သူငယ်ချင်းပေါင်းတာ စိတ်ချင်းတူတဲ့သူတွေ ပေါင်းတာမို့ ဘာညာတွေ ကြည့်ပေါင်းတာမှ မဟုတ်တာ.. အဲဒါကို ကျွန်မတို့အဖွဲ့ထဲ အသစ်ဝင်လာတဲ့ ကောင်လေးက ကျွန်မသူငယ်ချင်း ၀၀ ကောင်မလေးကို အပေါင်းအသင်းမလုပ်ပါနဲ့လို့ ကျွန်မတို့ကို ပြောလာပါတယ်.. ဘာကြောင့်လဲ မေးလိုက်တော့ ရုပ်ဆိုးလို့ပါတဲ့.. ကျွန်မတို့တဖွဲ့လုံး.. အဲဒီကောင်လေးကို လန်ချဉ်သွားပါတယ်.. သိပ်မကြာဘူး.. အဲဒီကောင်လေးလဲ ကျွန်မတို့အဖွဲ့က ထွက်သွားရပါတယ်..မှတ်မှတ်ရရ ယောကျာ်းတွေပါပဲ..

ဖေဖေသို့တမ်းချင်း

မထင်မှတ်တဲ့အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ခံစားခဲ့ရတာ ဒီနေ့ဆို နှစ်ပတ်လည်ခဲ့ပြီ... တစ်နေ့ လူသားတိုင်း သွားရမယ့်လမ်းဆိုတာ သိထားခဲ့ပေမဲ့ ဖြေမဆည်နိုင်ခဲ့တာလဲ အခုထက်ထိပါပဲ.. အခုထိ ခရီးသွားနေတယ်လို့ပဲ သတ်မှတ်ထားမိတယ်လေ.. ဘယ်တော့မှာ ပြန်မလာတော့မယ့်ခရီးဆိုတာ သိနေပေမဲ့ ဘယ်နေ့ပြန်လာမလဲဆိုတဲ့ မျှော်လင့်ချက်ကလဲ ခုထက်ထိ ရှိနေဆဲပါ ဖေဖေ.. ဟိုးအရင်တုန်းကတော့ ဖေဖေဆူပူသမျှကို အရွဲ့တိုက် ကန့်လန့်လုပ်တတ်ပေမဲ့ အခုတော့ အဲဒီလို ဖေဖေ့ရဲ့ဆူပူသံတွေကို ပြန်လည်ကြားချင်နေတဲ့ သမီးမိုက်တစ်ယောက်ကို ဖေဖေ ချန်ထားရစ်ခဲ့ပြီနော်..



တစ်မိသားစုလုံး အဆင်ပြေစေဖို့ ကြိုးစားရှာဖွေပေးခဲ့တဲ့ ဖေဖေ.. သူတပါးအလယ်မှာ  သားသမီးတွေ မျက်နှာမငယ်ရအောင် သမာအာဇီဝနဲ့ ရှာဖွေစုဆောင်းခဲ့တဲ့ ဖေဖေ.. ကိုယ်ကိုယ်တိုင် အငတ်ခံပြီး ရေရှည်ဘ၀အတွက် အဆင်ပြေစေဖို့ အားကြိုးမာန်တက် အလုပ်လုပ်ခဲ့တဲ့ ဖေဖေ.. သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်လို့ အမြဲဆူပူ ပူပန်နေတတ်တဲ့ ဖေဖေ.. လူတန်းစေ့အပြင် လူရာဝင်အောင် နေထိုင်နိုင်ဖို့ ဆိုဆုံးမမှုတွေကို အခု ပြန်ကြားချင်နေမိတာတော့ သမီးရဲ့ နောင်တတစ်ခုပဲ ထင်ပါတယ် ဖေဖေရယ်..



အသက်အရွယ် ရလာတာတောင် မိသားစုအဆင်ပြေနိုင်တဲ့ စီးပွားရေးတစ်ခုအတွက် အိမ်နဲ့ခွဲပြီး မနားမနေအလုပ်လုပ်ခဲ့တဲ့၊ သေဆုံးချိန်အထိ အလုပ်လုပ်ရင်း ကြိုးစားရင်း ဘ၀အဆုံးသတ်သွားခဲ့တဲ့ သမီးတို့ဖေဖေကို အခုထက်ထိ သမီးတို့ မောင်နှမတွေ လိုက်မမှီနိုင်သေးပါဘူး.. အခုချိန်မှာ ဖေဖေရှာဖွေစုဆောင်းခဲ့တာတွေနဲ့ သမီးတို့ဘ၀ကို အဆင်ပြေပြေ နေနိုင်နေပါတယ် ဖေဖေရယ်.. ဖေဖေ အခြေခိုင်အောင်၊ မယိုင်မလဲအောင် ကြိုးစားရှာဖွေခဲ့တာတွေနဲ့ သမီးတို့ မိသားစု အိနြေ္ဒမပျက်အောင် ဆက်လက်ကြိုးစား ရှင်သန်နေထိုင်နေပါတယ်... ဖေဖေ ရှာဖွေထားသမျှ မပျောက်ပျက်ပဲ တိုးပွားလာအောင်လဲ ကြိုးစားနေပါတယ် ဖေဖေ.. အခုအချိန်ထိတော့ အများအလယ်မှာ မျက်နှာမငယ်ရတဲ့ဘ၀နဲ့ နေထိုင်နိုင်နေပါတယ် ဖေဖေ..



ဒါပေမဲ့လဲလေ.. သမီးတစ်ယောက်ထဲပါတဲ့ဘ၀... ကျောင်းပြီးရင်း ကျောင်း.. ကျောင်းနဲ့ပဲ နပန်းလုံးခဲ့ရပြီး.. အလုပ်လုပ်ဖို့ မစဉ်းစားခဲ့တဲ့.. ဘ၀မှာ အပူအပင်ကင်းကင်း နေနိုင်ခဲ့တဲ့ဘ၀.. လိုအပ်သမျှ၊ လိုချင်သမျှကို မငြီးမငြူ ဖြည့်ဆည်းပေးမယ့် မိသားစု ရှိနေခဲ့တဲ့ဘ၀.. အဲလိုဘ၀တွေနဲ့ အသားကျနေထိုင်လာခဲ့တဲ့ သမီးအတွက် အရာရာအားလုံး ဖြည့်ဆည်းပေးခဲ့တဲ့၊ ပူဆာသမျှ လိုက်လျောပေးခဲ့တဲ့ ဖေဖေ့ကို အမြဲပဲ တမ်းတမိပါတယ် ဖေဖေ... နှစ်စဉ်နှစ်တိုင်း ကြုံနေကျ သမီးမွေးနေ့ရောက်ရင် ပိုလို့တောင် ဆိုးပါတယ် ဖေဖေရယ်... အမြဲတမ်း သမီးမွေးနေ့မှာ အဝေးရောက်နေရင်တောင် ဖုန်းနဲ့လှမ်းပြီး မွေးနေ့ဆုတောင်းတွေ လုပ်ပေးတဲ့ ဖေဖေ.. မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နိုင်ဖို့ မုန့်ဖိုးတွေပေးတဲ့ ဖေဖေ.. နှစ်တိုင်း နှစ်စဉ်မပျက် သတိတရ မွေးနေ့လက်ဆောင်ပေးတတ်တဲ့ ဖေဖေ.. အဲလိုမျိုး နေ့တွေ၊ အဖြစ်ပျက်တွေကိုလဲ နောက်ဘယ်တော့မှ မကြုံရတော့ဘူးဆိုတာကို သမီး မတွေးချင်ဘူး ဖေဖေ..



အသိမိတ်ဆွေတွေက သူတို့ရဲ့ သားသမီးတွေအတွက် အလိုလိုက် ဖြည့်ဆည်းပေးတာတွေ တွေ့ရရင် သမီးအတွက် အဲဒီလိုနေ့တွေ ကုန်ဆုံးသွားခဲ့တာကို ၀မ်းနည်းလို့ မဆုံးပါဘူး ဖေဖေရယ်.. လိုချင်တာ ရှိရင် ပူဆာတတ်တဲ့ သမီးရဲ့အကျင့်.. ပူဆာသမျှကို မေတ္တာမပျက် လိုက်လျောတတ်တဲ့ ဖေဖေ့ရဲ့စိတ်..  အဲဒါတွေကို သမီး ပြန်မရနိုင်တော့ဘူးဆိုတာလဲ သမီး သိနေခဲ့ပါပြီ ဖေဖေရယ်.. သမီးရဲ့ အ၀တ်အစားဘီဒိုကို ဖွင့်ကြည့်မိရင်တောင် ဖေဖေကိုယ်တိုင် ၀ယ်ပေးခဲ့တဲ့ အ၀တ်အစားတွေက ထက်ဝက်မက ရှိနေတာကို တွေ့ရတိုင်း သမီးအပေါ် အမြဲအလိုလိုက်ခဲ့တာတွေကို သတိရ တမ်းတမိတယ် ဖေဖေရယ်..



ကျောင်းစာ မလုပ်လို့ ဆူပူတတ်တဲ့ ဖေဖေရေ.. သမီးလေ.. အခု ဖေဖေ ဆက်တက်စေချင်တဲ့ အတန်းကျောင်းပညာကိုလဲ ဆက်လက်သင်ယူနေပါတယ်.. နောက်ပြီး သမီးဘ၀ လူရာဝင်အောင်လဲ အလုပ်တစ်နေရာ ၀င်လုပ်နေပါပြီ.. စီးပွားရေးအတွက်၊ ငွေရေးကြေးရေးအတွက် မပူပင်ရပေမဲ့ လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့၊ လူတစ်ယောက်အတွက် ဘ၀ပေးတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ သမီး အလုပ်ဝင်နေပါပြီ...အရင်ကလို လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဖေဖေ မရှိတော့တဲ့နောက်ပိုင်းမှာ သမီး အရာရာကို ဟောဟောဒိုင်းဒိုင်း မသုံးစွဲတော့ပါဘူး.. လိုအပ်တာနဲ့ လိုချင်တာကိုလဲ ခွဲခြားချင့်ချိန် တတ်အောင် ကြိုးစားနေပါပြီ.. လူတိုင်းအပေါ် ဗိုလ်ကျ အနိုင်ယူတတ်တဲ့ စိတ်ကို ရအောင်ဖြေဖျောက်နေပါပြီ.. တစ်ယောက်ထဲ ကျန်တော့တဲ့ မေမေ့ကို စိတ်မဆင်းရဲအောင် ထားနိုင်ဖို့ ကြိုးစားနေပါပြီ..



အခုနောက်ပိုင်း ဖေဖေ ဖတ်စေချင်တဲ့ စာတွေ၊ ဖေဖေလုပ်စေချင်တဲ့ ဘာသာရေးတွေ၊ ပရဟိတတွေ၊ အလှူအတန်းတွေကိုလဲ သမီး တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်နေပါပြီ.. ဒါပေမဲ့ ဖေဖေရယ်.. သမီးတို့ ဘယ်လောက်ကြိုးစား ကြိုးစား ဒီဘ၀အတွက် ဖေဖေ့ကို ပြန်လည်မတွေ့ရတော့တာတော့ အသေအချာဖြစ်နေခဲ့ပြီလေ.. နှောင်းနောင်တလို့ပဲ ဆိုချင်ဆိုပါတော့ ဖေဖေရယ်.. အခုမှသာ သမီးတို့ဘ၀အတွက် ဖေဖေဘယ်လောက်အရေးပါတယ်ဆိုတာ သိရှိခဲ့ရပါပြီ ဖေဖေရယ်... အခုလက်ရှိတော့ ဖေဖေဖြစ်စေချင်သလို ဘ၀မျိုးရောက်အောင် သမီးတို့ မောင်နှမတတွေ ကြိုးစားနေထိုင်ရင်း တစ်ယောက်ထဲ ကျန်တော့တဲ့ မေမေ့ကို ဂရုတစိုက်ပြုစုနေတယ်ဆိုတာ ဖေဖေ့ကို တမလွန်ကနေ မြင်စေချင်ပါတယ်.. ဖေဖေရယ်..

ရည်ရွယ်ရာမဲ့

လူတိုင်း လူတိုင်း အချစ်နှင့်တွေ့ကြုံဖူးကြမှာပါ.. ကျမကတော့ အချစ်ဆိုတာကို တွေ့ဖူးကြုံဖူးခဲ့ပါတယ်..ေ၀၀ါးဝါး အချစ်.. ပေါ့တော့တော့အချစ်များနှင့်သာကြုံခဲ့ရဖူးပါတယ်.. ကျမတွေ့ခဲ့တဲ့ယောက်ျားများကို ကျမ အစကတော့ ချစ်တယ်လို့ ထင်ခဲ့မိတယ်.. တွေ့ဖန်များလာသည့်တိုင်.. သူငယ်ချင်းဖြစ်လာသည့်တိုင် ကျမ သူတို့ရဲ့အပေါ်ယံအရေခွံကိုပဲ မြင်ခဲ့ပြီး .. ကျမ ရွေးချယ်ပြီးမှသာ သူတို့ကို စိတ်ပျက်လာတဲ့အခြေအနေတွေ ပေါ်ပေါ်လာတတ်တာ ကျမစိတ်ရဲ့သဘာဝတစ်ခုပေပဲလား မသိခဲ့ပါဘူး.. အချိန်တွေကြာလာလေ.. ကျမ စိတ်ပျက်လာလေ ဖြစ်လာခဲ့တဲ့ သူတို့ရဲပုံစံတွေ .. ကျမနဲ့ အံဝင်ဂွင်ကျ မဖြစ်ခဲ့ဘူး..

 ဒါပေမဲ့လည်းလေ.. ကျမမှာ .. အခု.. ကျမနဲ့ ဘာမှ မသက်ဆိုင်သော.. ကျမရဲ့ ချစ်သူတွေထဲက မဟုတ်သော ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းလေးတစ်ယောက်အပေါ် မှတ်မှတ်ထင်ထင် ချစ်ခင်လာခဲ့မိတယ်.. သူ့ကို ကျမ အွန်လိုင်းပေါ်ကနေ ခင်မိခဲ့တာပါ.. ဒါပေမဲ့ စ ခင်ကတည်းက မှတ်မှတ်ထင်ထင် ဖြစ်ချင်စရာ ကောင်းလောက်အောင်ကိုပဲ.. သူ့စိတ်ဓာတ်ကို ကျမ ချစ်ခဲ့တယ်.. သူနဲ့ကျမ သူများတွေထက်ပိုတဲ့သံယောဇဉ်တွေ ထားခဲ့မိကြတယ်.. တကယ်ပဲ သူနဲ့ကျမ နှစ်ကိုယ့်တစ်စိတ်တွေလို ဖြစ်ခဲ့တယ်.. အဲဒီကြားထဲကနေပဲ.. ကျမ .. သူသိတဲ့ သူတို့နားက အကိုတစ်ယောက်နဲ့လဲ ဇာတ်လမ်းတွေ ပတ်သတ်လို့နေခဲ့သေးတယ်.. ဒါကို သူလဲသိပါတယ်.. သူကိုယ်တိုင်ကကိုပဲ လိုလိုချင်ချင် အဲဒီလူအကြောင်း စုံစမ်းပေးခဲ့တယ်.. ကျမကိုလည်း.. အဲဒီလူကို သဘောကျလဲ သူဘက်က ဘာမှ မဖြစ်ပါဘူး.. သူ့ဘက်က ဒီတိုင်းလေး ချစ်နေရရင် တော်ပါပြီလို့ ပြောခဲ့တယ်.. အဲဒီတုန်းကတော့ ကျမ အမှုမဲ့အမှတ်မဲ့ ထားခဲ့မိလိုက်တယ်.. သူ ကိုယ့်ဘက်မှာ ရှိနေတယ်ဆိုပြီးပေါ့..

My Little Boy

ကျွန်မ ဒီအလုပ်ကလေးကို ရရှိတာ တစ်နှစ်ကျော်ကျော်ရှိပါပြီ.. အလုပ်ကလေးထဲမှာ ပျော်ရွှင်ရတဲ့ နေ့တွေရှိသလို စိတ်ညစ်ညူးရတဲ့ နေ့တွေလဲ တွေ့ကြုံခဲ့ရဖူးပါပြီ.. ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်ကျော်ကျော် သံယောဇဉ်ကြောင့်လည်း ဒီအလုပ်ကလေးကို ချစ်မြတ်နိုးရသလို သူဆိုတဲ့ လူကလေးတစ်ယောက်ကြောင့်လည်း ဒီအလုပ်ကလေးကို မက်မောခဲ့ရခြင်း ဖြစ်တယ်လေ.. ကျွန်မရဲ့သူကလေးနဲ့ဆုံဆည်းစေခဲ့ပုံက သူများတွေလို မဟုတ်ပဲ ထူးခြားလို့ နေခဲ့ပြန်တယ်...

ကျွန်မအလုပ်ကလေးက ရုံးဖယ်ရီရှိတာမို့ မနက်မနက်တွေဆိုရင် ရုံးဖယ်ရီစောင့်စီးရတာလဲ အလုပ်တစ်ခု ဖြစ်ခဲ့တယ်လေ.. မနက်စောစောထရတာကို မကြိုက်တဲ့ ခေတ်လူငယ်ပီပီ မနက်စောစော ထွက်စီးရတဲ့ ဖယ်ရီချိန်တွေကို မုန်းတီးမိခဲ့တယ်လေ.. လူသက်သက်သာသာစီးရလို့သာ လိုက်စီးတဲ့ ဖယ်ရီကားနဲ့ ဖယ်ရီချိန်တွေကို တစ်နေ့ ချစ်တတ်ခဲ့မယ်လို့ မထင်ခဲ့မိဘူးလေ...

တစ်မနက်မှာတော့ စီးဆင်းနေကျ ပုံစံခွက်အတိုင်း ဖယ်ရီကားပေါ် တက်လာတဲ့ ကျွန်မ.. ထိုင်နေကျနေရာမှာ ၀င်ထိုင်ရင်း.. ကားပေါ်မှာ ဖွင့်ထားခဲ့တဲ့ သီချင်းလေးတွေထဲမှာ စီးမျောလိုက်ပါလာခဲ့တယ်.. ဘာရယ်မဟုတ် ကားပြတင်းပေါက်အပြင်ကို လှမ်းငေးနေရာမှ တစ်နေရာအရောက် ကျွန်မရဲ့မျက်လုံးတွေ ရပ်တန့်သွားခဲ့တယါ.. မျက်လုံးများ ရပ်တန့်သွားခဲ့သလို ကျွန်မနှလုံးသားလေးလဲ ရပ်တန့်သွားခဲ့ပေမဲ့ ကျွန်မစီးလာတဲ့ ဖယ်ရီကြီးကတော့ အရှိန်မပျက် ဆက်လက်ထွက်ခွါလာခဲ့တယ်လေ...

သိုးမည်းမလေး

တခါက မြို့ကြီးတစ်မြို့ရဲ့ မြို့နယ်လေးတစ်ခုမှာ သိုးမည်းမလေးတစ်ကောင် နေထိုင်ခဲ့တယ်။ အဲဒီသိုးမည်းမလေးကို မိုးတွေရွာနေတဲ့ ဇူလိုင်လ မိုးတွင်းကြီးရဲ့ စနေ နေပူ မနက်တစ်မနက်မှာ မွေးဖွားခဲ့တယ်။ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ မိုးကာလကြီးထဲမှာမှ နေပူလွန်းလှစွာ ရှိနေတဲ့အချိန်လည်းဖြစ်၊ စနေ မနက်စောစောလဲ ဖြစ်တဲ့ အဲဒီလိုအချိန်မျိုးမှာ မွေးဖွားတဲ့ ဒီသိုးမည်းလေးဟာ မွေးပြီးကာစမှာပဲ လာခြင်း မကောင်းဘူးရယ်လို့ သတ်မှတ် ခံရမလို ဖြစ်ခဲ့ရတယ်။ မွေးလာခဲ့တာ သမီးဖြစ်ပေမဲ့ စနေနေ့ရဲ့ အယူတွေအတိုင်း အများက မီး မဖြစ်ပါစေနဲ့ရယ်လို့  စိုးရိမ်ခြင်းတွေကို ခံခဲ့ရတယ်။ အဲဒီလို ငယ်စဉ်ကတည်းက စိုးရိမ်ကြောင့်ကျမှုတွေနဲ့ စတင်ခဲ့ရတဲ့ သိုးမည်းလေးဟာ တဖြည်းဖြည်း အရွယ်ရောက် လာတာနဲ့အမျှ လူ့လောကကြီးနဲ့ အံချော်ခဲ့ရတယ်။

ဒီသိုးမည်းလေးရဲ့အထက်မှာ ရှိနေတဲ့ မွေးချင်းရော၊ နောက်မွေးတဲ့ မွေးချင်းကပါ ယောက်ျားလေးတွေ ဖြစ်နေခဲ့လို့ ရလာတဲ့ သမီးအပေါ် ချစ်ခင်စိတ်တွေနဲ့ ဖြစ်ခဲ့ရတဲ့ သိုးမည်းမလေးရဲ့ မိဘတွေကြောင့် နေရာတကာ အချုပ်အနှောင်နဲ့ နေခဲ့ရတယ်။ ပျော်စရာမဲ့ခဲ့ရသလို ဖြစ်ခဲ့ရတယ်။ ငယ်စဉ်ကတည်းက စည်းတွေကမ်းတွေနဲ့ နေထိုင်ခဲ့ရတယ်။   ဘာကိစ္စတွေပဲ ဖြစ်ဖြစ် စနေသမီးမို့ ဂြိုလ်မွှေတယ်ဆိုတဲ့ အသုံးအနှုန်းတွေကို ငယ်ကတည်းက နားထဲ ပြည့်လျှံစွာ ကြားခဲ့ရတာမျိုး မဖြစ်ရအောင် မိဘ အုပ်ထိန်းမှုအောက်မှာ သေဝပ်စွာ နေခဲ့ရတယ်။

မတတ်၊ တတတ်နဲ့ ရေးထားသော Physics စာလေးတစ်ပုဒ်.. ဟီးဟီး

proton နဲ့ electron ပေါင်းရင် Atom ဖြစ်သတဲ့.. အထက်တန်းတုန်းက သင်ခဲ့ဖူးတယ်..

ဒါပေမဲ့ ချစ်သူ..အဲဒီ Atom ထဲမှာ neutron ဆိုတဲ့ neutral လေးတစ်လုံးရှိနေသေးတယ်ဆိုတာ ငါ မေ့သွားခဲ့တယ်။ ခုတော့ မင်းရဲ့စိတ်တွေ ငါ့အပေါ် neutral သာသာ ပါပဲလား။ ငါတို့ တည်ဆောက်ခဲ့တဲ့ Atom လေး အမြဲတမ်း Ground State အနေနဲ့ တည်ငြိမ်နေမယ်လို့ ငါ ထင်နေခဲ့မိတယ်။

ဒါပေမဲ့ ချစ်သူအတွန်းအတိုက်များတဲ့ ဒီလောကကြီးထဲမှာ ဒြပ်စင်တွေလဲ ငြိမ်မနေရပါဘူး။ s, p, d, f shell တွေထဲကနေ တဆင့်ချင်း ခုန်ထွက်ချင်နေတဲ့ မင်းအခြေအနေတွေကို မြင်ရတော့ ငါလေ ဒီ Excited Stateကြီးတွေကို တခုချင်း ဆွဲခွာချင်မိပါရဲ့။

ငါ့ဆီက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ မင်းအတွက် တခြားအပြင်ဘက်မှာ ပေါင်းစည်းပေးမယ့် ဒြပ်စင်လေးတွေ အဆင်သင့် ရှိနေတယ်ဆိုတာ ငါ တွေးမိပြီးသားပါချစ်သူ။

ဒါပေမဲ့ ချစ်သူမင်းမှတ်ထားဖို့က မင်းထွက်သွားရင် ငါ့အတွက် ယိုယွင်းမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာနဲ့ ဒီလိုယိုယွင်းမှုတွေထဲက အမြင့်ဆုံး Beta Decay အထိ အရောက်သွားပြီး Nuclear Bomb တစ်လုံး အဖြစ် မင်းကို ပြန်လက်စား ချေပစ်မယ်ဆိုတာကိုပါပဲ..

အိုဘယ့်... လျှပ်စစ်မီး

တောက်..
ပျက်ပြန်ပြီ ဒီ$မီး
စာရေးကောင်းနေပါတယ်ဆိုမှ
မြည်လာတဲ့ UPS က အသံ

ကိုင်း..
ကွန်ပျူတာကို ထ ပိတ်
အပျင်းပြေ
သတင်းစာကို ကောက်ကိုင်

ဟမ်..
ဘာကြီးလဲ
နွေရာသီ ရေရှားလို့

ဘာကြောင့်လဲ..

သူငယ်ချင်းရေ.. ထားခဲ့တဲ့ ရည်းစားတွေထက်.. နင့်ကို ငါ သံယောဇဉ်တွေ ပိုခဲ့မိတယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ခင်မင်လှပါချည်လို့ ကြွေးကြော်ထားတဲ့ အပေါင်းအသင်းတွေထက်.. နင့်ကို ပိုတွယ်တာမိတယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. မိဘ၊ မောင်နှမတွေပြီးရင်.. နင့်ကို အရင်းနှီးဆုံး ဖြစ်ချင်ခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ငါ လိုအပ်တာရှိခဲ့ရင်တောင်.. နင့်အတွက် အရင်စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ချစ်လှပါချည်ရဲ့ဆိုတဲ့ နင့်ရည်းစားထက်.. ပိုမို ပေးဆပ်ချင်ခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. နေရာတကာ ဘုဂလန့်တိုက်တတ်တဲ့ ငါ့အတွက်.. နင့်အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေအောင် နေနိုင်ခဲ့တယ်..
အဲဒါ ဘာကြောင့်လဲ..
သူငယ်ချင်းရေ.. ဒီကမ္ဘာမှာ နင်မရှိရင် မဖြစ်ဘူးဆို မဟုတ်ပေမဲ့.. နင်သာ မရှိခဲ့ရင် ငါ့ဘ၀ ခြောက်ကပ်သွားနိုင်တယ်..
အဲဒါ ဘာကြောင့်လဲ..
ဘာကြောင့်လဲ.. ဘာကြောင့်လဲတွေနဲ့ ပုစ္ဆာထုတ်၊ အဖြေရှာစရာ မလိုခဲ့ပါဘူး..
အသေချာဆုံးအဖြေက ငါ့ရင်ထဲမှာ ရှိနေခဲ့ပြီးသားပါ..
အဲဒါဟာ.. နင့်ကို ချစ်လို့ ဆိုတာပါပဲ..
( 2012 Leap Year အမှတ်တရ)

MPT သို့ မရဲတရဲ အိတ်ဖွင့် ပေးစာ

မြန်မာ့ဆက်သွယ်ရေး MPT မှ အရာရှိကြီးများရှင့်... ကျွန်မသည် ခေတ်လူငယ်တစ်ဦးဖြစ်သည့် အားလျော်စွာ.. လူငယ်တိုင်း အသုံးပြုလျက်ရှိနေသော အွန်လိုင်းကမ္ဘာကြီးထဲသို့ ၀င်ရောက် မွေ့လျော်နေသော သူတစ်ဦးဖြစ်ပါတယ်..သို့သော် မြန်မာပြည်နေ ပြည်သူတစ်ဦး ဖြစ်သောကြောင့် မြန်မာပြည်ရဲ့အခြေအနေအတိုင်း ကိုယ့်ကိုယ်ပိုင် ငွေအားနဲ့ ကိုယ်ပိုင် အင်တာနက်လိုင်း
ဝယ်မသုံးနိုင်သောကြောင့် အလုပ်ထဲမှာသော်၎င်း.. ဆိုက်ဘာကဖေးဆိုသောဆိုင်တွေမှာသော်၎င်း သွားရောက် သုံးစွဲရပါတယ်ရှင့်.. မိန်းကလေး ဖြစ်တာကြောင့် ညမိုးချုပ်တွေဆို အပြင် မထွက်သင့်တာကတစ်ကြောင်း..နေထိုင်ရာ နေရာက ချောင်ကျလွန်းတာက တစ်ကြောင်းကြောင့် ဆိုင်တွေသို့ တစ်ပတ် တစ်ခေါက်မျှတောင် မရောက်ဖြစ်နိုင်ခဲ့ပါဘူး.. အိမ်ကလဲ လမ်းမနဲ့ဝေးကွာလွန်းတာကြောင့် အင်တာနက်ဆိုင်များရှိရာနဲ့ ဝေးလွန်းတာကြောင့် အခုလက်ရှိ အဆင်ပြေနေကြသော ဆိုင်ကနေ လိုင်းတစ်လိုင်း ချိတ်သုံးခြင်းဆိုတာ ကိုလည်း မလုပ်နိုင်သူတစ်ဦးဖြစ်ပါတယ်.. ဒါ့အပြင် အခုတလော ခေတ်စားနေတဲ့ Hire Purchase ဆိုတာကို စိတ်ဝင်စားမိသော်လည်း ပေးဆပ်ရမယ့် လစဉ်အကြွေးရယ်.. အင်တာနက်ရဲ့ လစဉ်ကြေးဆိုတာရယ်ကို..မတတ်နိုင်တာကြောင့် နောက်ဆုတ်ထားခဲ့ရသူလဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ဂျာနယ်တွေမှာ ပါလာတဲ့ GSM ဖုန်းတွေကို အင်တာနက်ပြန်လျှောက်ခွင့်ပြုပြီဆိုတဲ့ သတင်းကြောင့် အိမ်တွင် တစ်လုံးထဲ ရှိသော GSM ဖုန်းလေးကို EDGE ဆိုတဲ့စနစ်ကလေး ကျွန်မရဲ့ချွေးနည်းစာလေးနဲ့ အပြေးအလွှား သွားရောက် လျှောက်ထားမိပါတယ်.. လျှောက်ပြီး အပြန်မှာလဲ နောက်တစ်ရက် နှစ်ရက်ဆိုရင် အိမ်မှာ အေးအေးဆေးဆေးလေး သုံးနိုင်ပြီဆိုကာ တွေးမိရင် ၀မ်းသာကြည်နူး လာခဲ့မိပါတယ်..

ဗဟုသုတ ရစရာ စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး) သို့ တစ်ခေါက်..

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျမအတွက် ပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာ အတွေ့အကြုံတစ်ခုရရှိစေမဲ့ အလှူတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်.. အဲဒါကတော့ ကျမသူငယ်ချင်းလေးတစ်ယောက်ဖြစ်တဲ့ လှခိုင်က လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက သူ့မွေးနေ့ကျရင် အလှူတစ်ခုလုပ်မယ် ပါမလားလို့ ပြောလာခဲ့တယ်.. ဘာလုပ်မှာလဲ မေးကြည့်မိတော့ ရွာသာကြီးဖြစ်ဖြစ်.. ခ၀ဲခြံဖြစ်ဖြစ်မှာ သွားပြီးအလှူလုပ်မယ်တဲ့.. ကျမလဲ တက်ကြွစွာပဲ “ငါလိုက်မယ်” လို့ ကတိပေးခဲ့မိတယ်.. အဲဒီလိုနဲ့ မွေးနေ့တဖြေးဖြေး နီးကပ်လာတဲ့အထိ ဘယ်နေရာသွားမယ်ဆိုတာ အတည်မပြုနိုင်ခဲ့သေးဘူးလေ.. ဟိုးအရင်တစ်ခါကတည်းက လှခိုင်တို့နဲ့အတူတူ ပဲခူးဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူသွားလုပ်တာ လိုက်ဖူးပြီးကတည်းက နောက်ဆို သူတို့ အလှူလုပ်သမျှ ကိုယ်လဲ တတ်အားသရွေ့ ပါဝင်ကူညီမယ်လို့  အားခဲထားခဲ့မိတယ်လေ.. လှခိုင်တို့အုပ်စုကို သဘောကျတာက လုပ်သမျှ အလှူတိုင်းက ကိုယ့်ချွေးနဲစာ၊ ကိုယ့်မုန့်ဖိုး၊ ကိုယ့်လခလေးတွေထဲက တနိုင်တပိုင် စုလှူကြတာကိုပါပဲ.. ကိုယ်သုံးမယ့် ငွေကို အလှူအတွက်သီးသန့်ထားပြီး လှူတဲ့ ငယ်ရွယ်ပေမဲ့ အလှူအတန်း ဒါန မျိုးစေ့ကောင်းတဲ့ လှခိုင်လို သူငယ်ချင်းတွေကိုလဲ အရမ်းလေးစားမိတယ်..

ဒီလိုနဲ့ မွေးနေ့မတိုင်ခင် ၂ ပတ်လောက်ကျမှပဲ ဘယ်နေရာသွားဖြစ်တယ်ဆိုတာ အတည်ပြုမိခဲ့တယ်.. တကယ့်ကိုပါပဲ စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတစ်ခုကို ရွေးချယ်မိခဲ့တာပါပဲ.. “ရွာသာကြီး” တဲ့လေ.. လူတိုင်းပါးစပ်ဖျားမှာ ပေါ့ပေါ့လေး စနောက်နေတဲ့ နေရာလေးက ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းတဲ့နေရာလေး ဖြစ်မလဲဆိုတာကိုလဲ စိတ်ဝင်စားခဲ့မိတယ်..

အသဲကွဲတဲ့အကြောင်း ပြောကြစို့..

တစ်ခုလောက် မေးပါရစေ.. သင်တို့အသဲကွဲဖူးပါသလား... အသဲကွဲဖူးတယ်ဆိုရင် အသဲကွဲတာ ဘယ်လိုခံစားရတယ်ဆိုတာလေး သိချင်ပါရဲ့.. မေးတဲ့စကားမှာကိုက ရှင်းရှင်းလေးပါ.. အသဲကွဲဖူးပါသလားလို့.. ကျမကတော့ အသဲလဲ ခွဲဖူးတယ်.. အသဲလဲကွဲဖူးတယ်လေ.. အသဲခွဲတုန်းကတော့ ကိုယ့်ဘက်က ဘာမှ မပါထားလို့ သိပ်မခံစားရပါဘူး.. အဲ.. အခု အသဲလဲကွဲဖူးရော ကိုယ်အသဲခွဲခဲ့တဲ့သူတွေကို စာနာလာရောပဲလေ...အဲဒါပေါ့.. ကိုယ်ကိုယ်တိုင် ခံစားရမှ နားလည်တယ်ဆိုတာလေ.. ကျမ အသဲကွဲဖူးပါပြီ.. တော်တော်လေးကို ခံစားရပါတယ်.. တခြားပြောချင်တာ မဟုတ်ပါဘူး.. ကျမ အသဲကွဲတာကို ကြေညာချင်တာလဲ မဟုတ်ပါဘူး.. ကျမပြောပြချင်တာက အသဲကွဲရင် ဘယ်လိုခံစားရလဲဆိုတာလေးတွေပါ.. အသဲကွဲဖူးသူတိုင်း တနည်းမဟုတ် တနည်းတော့ ခံစားရမှာပါ.. ဆရာလုပ်တာလဲ မဟုတ်ပါဘူး.. ဘယ်လို ခံစားရလဲဆိုတာလေးတွေ တိုင်ပင်ချင်၊ ဝေမျှချင်တဲ့သဘောပါ.. ရှင်တို့ ဘယ်လိုခံစားရလဲတော့ မသိပါဘူး.. တကယ်ချစ်တဲ့သူတွေ ကျမလိုပဲ ခံစားရမယ်ထင်လို့.. အသဲကွဲဖူးသူတွေနဲ့အတူ ဝေမျှ ခံစားချင်လို့.. ကျမ ဒီပို့စ်လေးကို ရေးရခြင်းပါ..

မုန်းမရတဲ့ အချစ်..

ကိုကို့ကို ချစ်တယ်..
ကိုကို့ကို မုန်းတယ်..
ကိုကို့ကို..
ကိုကို့ကို...
ကိုကိုတဲ့ .. ကျမရင်ထဲက လှိုက်လှိုက်လှဲလှဲခေါ်တဲ့ အမည်လေးတစ်ခုပေါ့.. မထင်မှတ်ခဲ့ပါဘူး ကိုကို.. အသံလေးကြားရုံနဲ့ချစ်သွားလိမ့်မယ်လို့ မထင်မှတ်ခဲ့မိပါဘူး... ကိုကိုနဲ့ကျမ လူချင်း မတွေ့ဖူးကြဘူးနော်.. ဒါပေမဲ့လေ.. လူချင်းတွေ့တာထက်ကို ပိုမြဲတဲ့ သံယောဇဉ်တွေ ကျမဆီမှာရှိတယ်ဆိုတာ ကိုကိုမမြင်ဘူးလားဟင်.. ကိုကိုနဲ့ကျမ ကတိတွေထားခဲ့ကြတယ်.. လူချင်းမမြင်ဖူးပဲ ချစ်တဲ့အချစ်မို့ ယုံကြည်ချက်တွေ ခိုင်မြဲအောင် မနည်းတည်ဆောက်ထားရတဲ့ကြားထဲက ကိုကို လုပ်ရက်တယ်.. သတိရမိတယ် ကိုကိုနဲ့ကျမ စသိတဲ့အချိန်လေးတွေကို..

ကျမ ကတော့ ခေတ်လူငယ်ပီပီ အွန်လိုင်းဆိုတာကြီးမှာ ပျော်မွေ့နေကျလေ.. မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် ကျမအမည်နဲ့ လုပ်ထားတဲ့ ဂျီမေးလ်အကောင့်ကြောင့် ကျမဆီလာအက်သမျှ တော်တော်များများဟာ ယောကျာ်းလေးတွေချည်းပဲ ဖြစ်လို့နေတာ မထူးဆန်းတဲ့သဘာဝတစ်ခုပါပဲကိုကို.. အဲဒီအထဲမှာ ကိုကိုနဲ့ဆုံဆည်းရအောင် ကံကြမ္မာဖန်လာမယ့် သူငယ်ချင်းတွေ ပါလာလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့မိဘူးလေ.. ဒါပေမဲ့ တန်ဖိုးရှိလောက်အောင် သူငယ်ချင်းတစ်ယောက်နဲ့ စတင်သိကျွမ်းခင်မင်ခဲ့တယ်..

ငြင်းဆိုဆဲ..

မလာနဲ့.. မလာနဲ့
လုံးဝမလာနဲ့
တားဆီးစိတ်ထဲ
ခါးသီးစွာပဲ
ထိန်းချုပ်ထားလဲ
ကျိုးပေါက်ကာမြဲ
ခံစားနေဆဲ
ဘယ်မလဲ.. ဘယ်မလဲ
မင်းအချစ်တွေလဲ
ေ၀၀ါးစွာပဲ
ရှာဖွေမတွေ့ဆဲ
အခုထိကိုပဲ...

မျှော်လင့်ချက်တစ်ခုနဲ့

ငါ တ စ စီ လိုက်ကောက်နေတယ်..
မမောမပန်းနိုင်ပဲ..
မေးလိုက်စမ်းပါ..
ဘာတွေကောက်နေတာလဲလို့..
တပါးသူတွေကို ငါ မပြောချင်ဘူး..
နင့်တစ်ယောက်ထဲကိုပဲ...
((( တစ်စစီ ပျက်စီးယိုယွင်းနေတဲ့ အောက်တန်းကျတဲ့နင့်စိတ်တွေကို မြှင့်တင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ ငါလေ.. နင့်စိတ်အပိုင်းအစတွေကို အပြေးအလွှား လိုက်ကောက်နေမိတယ်)))

စိတ်တွေသေနေသူ

ဘာ !!!!!
 မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်တဲ့..
ဟုတ်ရဲ့လား...
ပေါက်ကရတွေ..
ဘယ်မှာလဲ ငါ့အတွက် နင့်ရဲ့မေတ္တာတွေ..
ငါကပဲ ကန်းလို့လား..
နင်ကပဲ မပေးလို့လား..
အဲဒီ မေတ္တာအရောင်တွေ ငါ ရှာမတွေ့ဘူး..
အခုတော့..
ငါသိလိုက်ပြီ..
ရှင်လျက်သေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို..
ရင်ခွင်တစ်ခုလုံး စုတ်ပြတ်သတ်သွားသလိုပဲ..
စိတ်ဓာတ်တွေချည့်နဲ့..
အားအင်တွေကုန်ခမ်း..
ဘယ်မှာလဲ ငါ့ရဲ့လမ်း..
သေဖို့တစ်ခုသာ ငါတွေးရရင်..
ငါ.. လူဖြစ်ရှုံးပြီမို့..
ငါလေ....
စိတ်တစ်ခုပဲ အသေခံလိုက်မယ် ချစ်သူ...

မုန်းတယ်...

နင်ဆိုတဲ့လူနဲ့အပေါင်းအသင်းဖြစ်ခဲ့ရတာကို ငါမုန်းတယ်
နင့်အသက်ရှူသံတေကွကို ငါမုန်းတယ်
နင့်စကားပြောသံတွေကို ငါမုန်းတယ်
နင့်ရယ်မောသံတွေကို ငါမုန်းတယ်
နင့်လှောင်ပြောင်သံတွေကို ငါမုန်းတယ်
နင့်အပြုအမူတွေကို ငါမုန်းတယ်
နင့်အကြင်နာတွေကို ငါမုန်းတယ်
နင့်ဥပေက္ခာတွေကို ငါမုန်းတယ်
နင့်အချစ်တုတွေကို ငါမုန်းတယ်
နင့်မိသားစုကို ငါမုန်းတယ်
နင့်ရည်းစားဟောင်းကို ငါမုန်းတယ်
နင့်အပေါင်းအသင်းတွေကို ငါမုန်းတယ်
နင့်ကိုချစ်မိတဲ့ငါ့စိတ်တွေကို ငါမုန်းတယ်
နင်နဲ့ပတ်သတ်မိတဲ့ ဖြစ်ပျက်တွေကို ငါမုန်းတယ်
နင်နဲ့ပတ်သတ်ရင် အရာရာ ငါမုန်းတယ်
အမုန်းလွန်ပြီး နောက်ထပ်ဖြစ်လာမယ့် အချစ်တွေကိုလဲ မုန်းတယ်...

သူခိုးခမျာ..သနားစရာ

ပြီးခဲ့တဲ့ စနေနေ့ညကပေါ့။ အဖေဆုံးပြီး ကျမတို့အိမ်မှာ အကိုနဲ့မောင်လေးကလဲ နယ်အဝေးမှာကြောင့်ရယ် မေနဲ့ကျမ နှစ်ယောက်ထဲ နေခဲ့တာ ၆ လလောက်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ည ၁း၃၀ လောက်က အိမ်က ခွေးတွေ စူးစူးဝါးဝါးဟောင်လွန်းတာကြောင့် အမေနဲ့ကျမ အိပ်နေရာက လန့်နိုးမိကြတယ်။ မထင်မှတ်ပဲ အမှောင်တွေကြားထဲက အရိပ်တစ်ခုကို မြင်မိကြ၍ အိမ်မှာရှိတဲ့ မီးတွေ အကုန်ထဖွင့်ပြီး အိမ်ထဲကနေ ခြံဝင်းထဲနဲ့ လမ်းမကြီးပေါ် ဟိုဒီလျှောက်ကြည့်ပြီး ခဏတဖြုတ် ထိုင်မိကြသည်။ နောက်ပိုင်း ခွေးတွေလဲ အသံတိတ် တခြားလည်း ဘာသံမှ မကြားရတော့တာနဲ့ ပြန်ပြီး အိပ်ရာဝင်ခဲ့ကြတယ်။ နောက်ပိုင်း တောက်လျှောက် ဘာသံမှ မကြားရတော့ပဲ ကျမတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတယ်။ မနက် မိုးလင်းတော့လဲ ညက ကိစ္စကို သတိမရပဲ လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ရင်း အချိန်ကုန်မိတယ်။ မနက် ၁၀း၀၀ နာရီသာသာလောက်ကျမှ အိမ်ထဲက အလုပ်တွေ ပြီးလို့  ခြံဝင်းသန့်ရှင်းရေး လုပ်တော့မှ မေက သမီး ဒီမှာလာကြည့်စမ်းဆို၍ ခြံပြင်ကို ထွက်ကြည့်ရာ.. ခြံဝင်းအပြင် အုတ်တံတိုင်းအနားမှာ  ယောက်ျားစီး ဖိနပ်တစ်ရံ တကယ်ပဲ ညက အိမ်ကို သူခိုးကပ်ခဲ့တာပါ။ ဒါပေမဲ့ အိမ်ကခွေးတွေရဲ့ကောင်းမှုကြောင့် သူခိုးခမျာ အိမ်ထဲ မပြောနဲ့ ခြံဝင်းထဲ ၀င်မရတဲ့အပြင် သူ့မှာပါလာတဲ့ ဖိနပ်တစ်ရံတောင် ဆုံးရှုံးရတဲ့အဖြစ် ရောက်ရလေတယ်လေ။ မြန်မာစကားပုံ  " ဖွတ် မရ ဓားမ ဆုံး " ဆိုတဲ့ စကားပုံကို သတိရမိရင်း ကျမအိမ်ကို ၀င်ခိုးတဲ့ သူခိုးကို သနားပြီးရင်း သနားမိပါတော့တယ်..

ဟိုးအရင်က သူ...

ဟိုတနေ့က နင့်ကိုတွေ့တယ်။ လမ်းထိပ်မှာပေါ့။ ဟိုအရင်ကအတိုင်း ဘာမှမပြောင်းလဲဘူး။ ဟိုရင်တုန်းကလိုပဲ ငါတို့တစိမ်းဆန်ဆန်ပါပဲ။ မြင်လဲ မမြင်ချင်ယောင်ဆောင်တတ်တဲ့ နင့်အကျင့်ကလည်း ခုထိ မပြောင်းလဲသေးပါဘူး။ ငါ့စိတ်တွေကလည်း နင့်အပေါ် ခုထိ ရင်ခုန်နေတုန်းပါပဲ။ အခွင့်အရေးရရင်လဲ စကားပြောချင်သေးတာပဲ။ ငါတို့ ပြေလည်ဖို့ကြိုးစားချင်သေးတာပဲ။ ငါ့ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ခွင့် ရချင်သေးတာပဲ။ တစ်နှစ်မှ တခါလောက်သာ မြင်ခွင့်ရတဲ့ နင့်မျက်နှာကို အကြာကြီးထိုင်ငေးချင်နေတုန်းပါပဲ။တခါမှ မရဖူးတဲ့ စကားလက်ဆုံ ကျခွင့်တွေ၊ ထမင်းအတူစားခွင့်တွေ၊ လမ်းအတူလျှောက်ခွင့်တွေ၊ ဘုရားအတူဖူးခွင့်တွေ လိုချင်မိတုန်းပါပဲ။ ဘယ်တုန်းကမှ မပြောင်းလဲဘူးတဲ့ငါ့ခံစားချက်တွေနဲ့ နင့်အပေါ် သိပ်ချစ်မိနေတုန်းပဲလေ။ ဒါပေမဲ့ နင်ကတော့ ဘယ်ဘ၀က အမုန်းတရားတွေကြောင့်ရယ်မသိ  ငါ့ကိုမြင်တာနဲ့ ခေါင်းလှည့် မျက်နှာလွှဲ၊ မမြင်ချင်ယောင်ဆောင်တတ်ခဲ့တာတွေ နှာခေါင်းရှုံ့ ဟားတိုက်ရယ်မောခဲ့တာတွေ၊ မထီတထီပြုမူတတ်တာတွေနဲ့ နှိပ်စက်နေတုန်းပါပဲ။ ငါကလဲ အမှတ်မရှိစွာ နင့်ကိုချစ်တုန်းပါပဲ။ ဒီတစ်သက် နင့်အချစ်နဲ့ဆုံဆည်းခွင့် မရခဲ့ရင်တောင် နင့်အပေါ် ငါ ဆက်ချစ်သွားဦးမှာပါပဲ။ တကယ်ပါ ငါ့အချစ်က နင့်အပေါ် Truly, Madly, Deeply ပါပဲ..ချစ်သူ

တို့အတူ....

တို့အတူ… လမ်းမတွေပေါ်လျှောက်ခဲ့ဖူးတယ်… တို့အတူ… လမ်းမထက်မှာ ဆော့ကစားခဲ့ဖူးတယ် … တို့အတူ… လက်ဘက်ရည်ဆိုင်တွေထိုင်ခဲ့ဖူးတယ် … တို့အတူ… ထမင်းတွေ အတူစားခဲ့ဖူးတယ်… တို့အတူ… ဘုရားတွေအတူ ဖူးခဲ့ဘူးတယ်… တို့အတူ… စာတွေအတူ ကျက်ခဲ့ဖူးတယ်… တို့အတူ… ရုပ်ရှင်အတူ ကြည့်ခဲ့ဖူးတယ်… တို့အတူ... စကားတွေအတူ ထိုင်ပြောခဲ့ဖူးတယ်… တို့အတူ… မုန့်လုစားခဲ့ဖူးတယ်… တို့အတူ… ရန်တွေဖြစ်ခဲ့ဖူးတယ်… တို့အတူ… အတင်းတွေအတူ ပြောခဲ့ဖူးတယ်… တို့အတူ… မိုးရွာထဲမှာ လျှောက်ခဲ့ဖူးတယ်… တို့အတူ… ကျောင်းဝင်းထဲမှာ ပြေးဆော့ဖူးတယ်… တို့အတူ… ငိုခဲ့ဖူးတယ်… တို့အတူ … ရယ်မောခဲ့ဖူးတယ်… တို့အတူ…ဂိမ်းတွေဆော့ခဲ့ဖူးတယ်… တို့အတူ… တို့အတူ…
(အတူ လက်တွဲခဲ့ဖူးတဲ့ အပေါင်းအသင်းများကို သတိရလျက်....)

ချစ်စဖွယ်..Valentine.. မြင်ကွင်းလေးတစ်ခု…

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကပေါ့….အဲဒီအချိန်တုန်းက Valentine Day ဆိုတာ ရှိသာရှိပေမဲ့ ခေတ်မစားသေးတဲ့အချိန်ပေါ့..ကိုယ့်အဖြစ်အပျက်မဟုတ်ပေမဲ့ ကိုယ်မြင်ခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုကို Valentine Day ရောက်တိုင်း ပြန်သတိရခဲ့တာမို့ …မှတ်မှတ်ရရ အဲဒီအချိန်က ကျွန်မ ဆယ်တန်းကျောင်းသူပဲ ရှိသေးတယ်လေ…အဲဒီနှစ်ရဲ့ ဖေဖော်ဝါရီ ၁၄ ကလည်း ထူးခြားစွာ ကျောင်းပိတ်ရက်ထဲမှာ ကျရောက်ခဲ့တယ်..ဆယ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာလဲ အိမ်မှာ မနေရပဲ ကျူရှင်၊ ကျူရှင်တွေနဲ့ပဲ နပန်းလုံးနေရတဲ့အချိန်ပေါ့… ကျွန်မတို့တက်တဲ့ကျူရှင်က ကျွန်မအိမ်ကနေ လိုင်းကား ၁၅ မှတ်တိုင်လောက် စီးရတယ်လေ.. လမ်းမှာ မီးရထားလမ်းတစ်ခုကို အမြဲဖြတ်နေကျပေါ့..အဲဒီနေ့က ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ကျူရှင်ကိုအသွား…ကျူရှင်ကလဲ မနက် ၇း၀၀ နာရီဆို တက်တာနဲ့..အိမ်ကနေ အစောကြီး ထွက်ခဲ့ရတယ်လေ… ပုံမှန်အတိုင်းကျူရှင်အသွား လိုင်းကားပေါ်မှာ သူငယ်ချင်းနဲ့ ရောက်တတ်ရာရာပြောရင်း…စိတ်တိုစွာပဲ ..ကျွန်မတို့ကား မီးရထားလမ်းနားအရောက်..မီးရထားလာနေသဖြင့် ကားရပ်ကာ စောင့်နေခဲ့ရသည်....ကျူရှင်နောက်ကျနေပြီမို့ ..စိတ်မကြည်လင်ခဲ့ပေမဲ့ ..လိုင်းကားပေါ်မှ မြင်လိုက်ရတဲ့ မြင်ကွင်းလေး တစ်ခုက မြင်ရတဲ့သူရဲ့ စိတ်ကို ချမ်းမြေ့ကြည်နူးစေခဲ့မိတယ်လေ.. အကိုကြီးတစ်ယောက်…သိပ်တော့ မချောပါဘူး.. ပြိုင်ဘီးလေးစီးရင်း…ပါးစပ်မှာလဲ နှင်းဆီပွင့်နီနီလေးတစ်ပွင့်ကို ကိုက်ရင်း… လက်ထဲမှာတော့ လက်ဆောင်အိတ်လေးတစ်ခုကို ကိုင်ကာ..စက်ဘီးနင်းသွားတာကို မြင်လိုက်ရတယ်လေ… မြင်ကွင်းလေးက မထူးဆန်းပေမဲ့ ..အလွန်လှပနေခဲ့တယ်.. မနက် ၆း၀၀ နာရီသာသာ မြူတွေ ခပ်ပါးပါးကြားမှာ ချစ်စရာကောင်းနေခဲ့တယ်လေ.. ဒီနေ့ဘာနေ့လဲ စဉ်းစားလိုက်တော့ …ဖေဖော်ဝါရီ ၁၄ … သိပ်ချစ်ရတဲ့ကောင်မလေးဆီ အရောက်သွားနေတဲ့ ချစ်စဖွယ်လူတစ်ယောက်… သူပေးချင်တဲ့ Valentine လက်ဆောင်လေးကို ချစ်ရတဲ့သူဆီ အပ်နှင်းဖို့ ပျော်ရွှင်မှုတွေအပြည့်နဲ့ ခရီးဆက်နေတဲ့မြင်ကွင်းလေးတစ်ခု..ထို့တူစွာပဲ ..ဒီလက်ဆောင်ကိုရရှိမဲ့ သူ့ချစ်သူရဲ့ စိတ်အစဉ်ကိုလဲ မှန်းမျှော်ရင်း… ကြည်နူးမိခဲ့တယ်… ချစ်ရတဲ့ချစ်သူဆီက တန်ဖိုးအထားရဆုံးသောအရာတစ်ခု.. လက်ဆောင်တွေ မဟုတ်ပဲ.. ချစ်ခြင်းအပြည့်တွေအတွက် ၀မ်းသာကြည်နူးနေမယ့် ချစ်သူကောင်မလေးရဲ့ မျက်နှာကို မှန်းမျှော်ရင်း…Romantic ဆန်တဲ့ မြင်ကွင်းလေးကို ..ကြည်နူးမိရင်း…
(မှတ်ချက်-ထိုအချိန်ကတော့ ချစ်စဖွယ်မြင်ကွင်းလေးကို ကလေးတစ်ယောက်ရဲ့အမြင်ဖြင့် ကြည်နူးမိရင်း….)