Pages

Sunday, 29 April 2012

သူခိုးခမျာ..သနားစရာ

ပြီးခဲ့တဲ့ စနေနေ့ညကပေါ့။ အဖေဆုံးပြီး ကျမတို့အိမ်မှာ အကိုနဲ့မောင်လေးကလဲ နယ်အဝေးမှာကြောင့်ရယ် မေနဲ့ကျမ နှစ်ယောက်ထဲ နေခဲ့တာ ၆ လလောက်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ည ၁း၃၀ လောက်က အိမ်က ခွေးတွေ စူးစူးဝါးဝါးဟောင်လွန်းတာကြောင့် အမေနဲ့ကျမ အိပ်နေရာက လန့်နိုးမိကြတယ်။ မထင်မှတ်ပဲ အမှောင်တွေကြားထဲက အရိပ်တစ်ခုကို မြင်မိကြ၍ အိမ်မှာရှိတဲ့ မီးတွေ အကုန်ထဖွင့်ပြီး အိမ်ထဲကနေ ခြံဝင်းထဲနဲ့ လမ်းမကြီးပေါ် ဟိုဒီလျှောက်ကြည့်ပြီး ခဏတဖြုတ် ထိုင်မိကြသည်။ နောက်ပိုင်း ခွေးတွေလဲ အသံတိတ် တခြားလည်း ဘာသံမှ မကြားရတော့တာနဲ့ ပြန်ပြီး အိပ်ရာဝင်ခဲ့ကြတယ်။ နောက်ပိုင်း တောက်လျှောက် ဘာသံမှ မကြားရတော့ပဲ ကျမတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတယ်။ မနက် မိုးလင်းတော့လဲ ညက ကိစ္စကို သတိမရပဲ လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ရင်း အချိန်ကုန်မိတယ်။ မနက် ၁၀း၀၀ နာရီသာသာလောက်ကျမှ အိမ်ထဲက အလုပ်တွေ ပြီးလို့  ခြံဝင်းသန့်ရှင်းရေး လုပ်တော့မှ မေက သမီး ဒီမှာလာကြည့်စမ်းဆို၍ ခြံပြင်ကို ထွက်ကြည့်ရာ.. ခြံဝင်းအပြင် အုတ်တံတိုင်းအနားမှာ  ယောက်ျားစီး ဖိနပ်တစ်ရံ တကယ်ပဲ ညက အိမ်ကို သူခိုးကပ်ခဲ့တာပါ။ ဒါပေမဲ့ အိမ်ကခွေးတွေရဲ့ကောင်းမှုကြောင့် သူခိုးခမျာ အိမ်ထဲ မပြောနဲ့ ခြံဝင်းထဲ ၀င်မရတဲ့အပြင် သူ့မှာပါလာတဲ့ ဖိနပ်တစ်ရံတောင် ဆုံးရှုံးရတဲ့အဖြစ် ရောက်ရလေတယ်လေ။ မြန်မာစကားပုံ  " ဖွတ် မရ ဓားမ ဆုံး " ဆိုတဲ့ စကားပုံကို သတိရမိရင်း ကျမအိမ်ကို ၀င်ခိုးတဲ့ သူခိုးကို သနားပြီးရင်း သနားမိပါတော့တယ်..

No comments:

Post a Comment