ဖြစ်ချင်တော့… အဲဒီနေ့တွေက အဟောက်ရွာလေးထဲမှာ ရှင်လောင်းပြုအလှူပွဲလေး
တစ်ခု ရှိလို့ နေပါသေးတယ်။ ထိုပွဲလေးကြောင့်.. အဟောက်ရွာလေးမှာ
မီးခိုးတိတ်ခဲ့တာ.. ၃၊ ၄ ရက်လောက် ရှိနေပြီ ဆိုတာလည်း သိရှိခဲ့ရပါတယ်။
ကျွန်မတို့အဖွဲ့လည်း.. ထိုအလှူလေးက ကျွေးတဲ့ ထမင်း၊ ဟင်းကို ၂ ရက်လောက်
စားခဲ့ကြသေးတယ်လေ။ ရန်ကုန်သူဖြစ်တဲ့ ကျွန်မအတွက် ထိုသို့ ၄၊ ၅ရက်လောက်
တစ်ရွာလုံးကို မီးခိုးတိတ် အလှူ ပေးတာမျိုး မမြင်ဖူးခဲ့ပေ.. နေ့စဉ်၊
ညတိုင်း ကျွေးမွေးနေတဲ့အပြင် တစ်နေကုန် သီကြွေးနေတဲ့ အလှူပွဲရဲ့
ဂီတဖျော်ဖြေပွဲ မဏ္ဍပ်ကိုလဲ သတိပြုမိစရာ တွေ့ခဲ့ရပါတယ်။ ထူးထူးခြားခြားကတော့
ရှင်လောင်းလှည့် မတိုင်ခင်ညကပါပဲ။ ရွာတွေ၊ ရွာတွေက ရှာထားတဲ့
မြင်းဖြူကလေးများကို က ခိုင်းတဲ့ပွဲပါပဲ။ ဖျော်ဖြေပွဲစင် က
သီချင်းမျိုးစုံဖွင့်ပြီး.. မြင်းဖြူကလေးများကို က ခိုင်းတာဟာလဲ
ထူးထူးခြားခြားပွဲတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမဲ့လည်း.. မြင်းကလေးတွေ က
နေတာကို ကြည့်ကောင်း နေပေမဲ့ ကျွန်မတို့သူငယ်ချင်းတွေရဲ့ စိတ်ထဲ မှာတော့..
အရိုက်အနှက် ခံပြီး ကနေရတဲ့ သူတို့လေးတွေကို သနားက မတရားဘူးလို့..
မှတ်ယူမိခဲ့တယ်။ အဲဒါကြောင့်လည်း ကြာကြာ မကြည့်တော့ပဲ.. ပွဲခင်းထဲက
ထွက်လာခဲ့ကြပါတော့တယ်။
နောက်တစ်နေ့မနက်မှာတော့.. ရွာထဲက ရှင်လောင်းလှည့်ပွဲလေး စတင်ပါတော့တယ်။
ကျွန်မတို့
အဟောက်ရွာလေး အပြင်.. နောက်ထပ် ရွာလေး ၂ရွာဖြစ်တဲ့.. ကျားဘိုရွာရယ်၊
အလတ်ရယ်ကို လှည့်လည်မယ်လို့ ပြောဆိုသံလည်း ကြားခဲ့ပါသေးတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမကနေဆို ကျွန်မတို့ရဲ့အဟောက်ရွာကို ရောက်ဖို့ ၁
နာရီသာသာ လောက် ကားစီးရပါတယ်။ အဲလိုပဲ ပင်လယ်ကမ်းနားအစွန်ရွာလေးဖြစ်တဲ့
အလတ်ရွာကိုဆို ခရီးတော်တော်ကြာ ကားစီး ရတယ်လို့ သိခဲ့ရတယ်။
အဲလိုခရီးအတော်လှမ်းတဲ့ ရွာလေးတွေဆီကို လမ်းလျှောက်ပြီး
ရှင်လောင်းလှည့်ကြမယ်လို့ ဆိုလာတဲ့အပြင် ကျွန်မတို့
ရှမ်းအိုးစည်အဖွဲ့ကိုပါ.. လိုက်ခဲ့ဖို့ ခေါ်လာပါတယ်။
ကျွန်မနဲ့နောက်သူငယ်ချင်း ၂ ယောက် ကတော့ ဝေးလွန်းလို့ မလိုက်ပဲ
နေခဲ့ကြပြီး.. ကျန်သူငယ်ချင်းတွေကတော့ အိုးစည်တီးရအောင် လိုက်သွားခဲ့ပါတယ်။
ကျွန်မသူငယ်ချင်းလေးတွေ
ဘယ်လောက်ပျော်တတ်လဲဆိုရင်.. ရှင်လောင်းလှည့်တဲ့ဆီမှာ ကတ်ဆတ်တွေ၊
စပီကာတွေနဲ့ ထော်လာဂျီပေါ် က နေတဲ့ မင်းသားပါတာတောင်.. မင်းသားမောလို့
ခဏထိုင်နားတုန်း.. သူတို့ ထော်လာဂျီပေါ်တက်ပြီး က ခဲ့ကြပါသေးသတဲ့။ ပြီးတော့
မင်းသားကို ဆုချထားတဲ့ ငါးထောင်တန် ၂ ရွက်ထဲက တစ်ရွက်ကို အတင်းလုခဲ့ပါသေး
ရောလားပဲတဲ့လေ။ ရှင်လောင်းလှည့်ရာက ပြန်ရောက်လာပြီး နောက်ပိုင်းတော့
ကျွန်မတို့ရဲ့ ရည်ရွယ်ရာ မီးပုံးပျံလွှတ်ဖို့ စတင်ပြင်ဆင်ပါတော့တယ်။
မီးပုံးပျံရဲ့အပေါ်ပိုင်းကိုတော့
အောင်ပန်းမှာ လုပ်ခဲ့ပြီး ဖြစ်တာကြောင့် ကျန်တဲ့အောက်ပိုင်းဖြစ်တဲ့
ယမ်းစင်လို့ခေါ်တဲ့ မီးကျည်ခွေအတွက်ကိုတော့ ဒီရွာမှာပဲ
စတင်ပြင်ဆင်ကြပါတော့တယ်။ ၀ါးတွေကို အချောသတ်ပြီး ညမီးကျီးမီးပုံးအတွက်
ယမ်းစင် စတင် ပြုလုပ်ကြပါတော့တယ်။ ယမ်းစင် ဆင်ပြီးတာနဲ့ ဆင်ထားတဲ့ စင်လေး
လှပအောင် ပန်းစက္ကူလေးတွေကို ၀ါးချောင်းလေး တွေမှာ လိုက်ပတ်ရပါတယ်။
ကိုယ်ကြိုက်ရာ အရောင်ကို ကပ်လို့ရပေမဲ့ ကျွန်မတို့အဖွဲ့ကတော့
အဖြူရောင်ကိုပဲ ရွေးကပ် ခဲ့ကြပါတယ်။
အဲလိုကပ်ပြီးတာနဲ့
မီးရှူးတွေ တပ်ဖို့ 2-way ကွင်းလေးတွေကို လိုက်တပ် ရပါတယ်။
သူငယ်ချင်းတွေ ပြောတာတော့ တကယ့်ပြိုင်ပွဲကြီးတွေမှာဆိုရင်
အဲလိုကွင်းလေးတွေကအစ ညီ၊ မညီ လိုက်စိစစ်တယ်လို့ သိခဲ့ရပြန် ပါတယ်။ ညီမှသာ
အမှတ်ရတယ်ဆိုတာလဲ ထပ်မံသိခဲ့ရတယ်။ အဲဒီနောက်မှာတော့ ယမ်းခွေတစ်ခွေလုံး
မီးကူးအောင် ပင်မစနစ်လို့ခေါ်တဲ့ ယမ်းကြိုးကို ယမ်းဆိုင်းကြီးတစ်ခုလုံးမှာ
လိုက်လံတပ်ဆင် ရပါတော့တယ်။ ပြီးမှ ရောင်စုံ မီးရှူးလေး တွေကို 2-way
ကွင်းလေးတွေမှာ လိုက်လံ တပ်ဆင်ခဲ့ကြတယ်။ အဲဒီမီးရှူးမီးပန်းလေးတွေ
မပြုတ်ထွက်အောင် မီးရှူး တစ်ခုစီတိုင်းကို အပ်ချည်ကြိုးနဲ့ ပြန်ပြီး
ပတ်ရပါသေးတယ်။ အဲဒီမီးရှူးလေးတွေက ယမ်းစင်ဘေးကနေ ဖြာထွက်ဖို့
အတွက်ဖြစ်ပြီး ငွေမှင်၊ အစိမ်း၊ အနီ၊ အ၀ါရယ်လို့ ရှိတယ်ဆိုတာ သိခဲ့ရတယ်။
အဲဒီအထဲမှာ ငွေမှင်ရောင်က အလှဆုံးလို့လဲ ထပ်သိခဲ့ရပြန်တယ်။ သူငယ်ချင်းတွေ
သင်ပေးလို့ ကျွန်မလဲ တတ်သလောက် မှတ်သလောက် ၀င်ရောက် နှမ်းဖြူးခဲ့ပါသေးတယ်။
အောက်အကျ မီးပန်းအတွက် တော့ လောက်ဆွဲ၊ ခိုပျံ၊ ဗျောက်ကဒ်၊
မိသားစုဆိုပြီးအမျိုးမျိုးရှိတဲ့ ယမ်းကဒ်တွေကိုသုံးတယ်လို့လဲ သိခဲ့ရပါတယ်။
အဲဒီမီးပန်းတွေကိုတော့ အောင်ပန်းမှာပဲ လုပ်လာခဲ့တာကြောင့် အမည်နဲ့
ပစ္စည်းတွေကိုပဲ မြင်ခွင့်ရခဲ့ပါတယ်။
ယမ်းခွေ
ဆင်ပြီးတဲ့နောက်မှာတော့ အမှတ်တရအနေနဲ့ ကျွန်မတို့ လို့ကိုဝ်မီးတစ်ဖွဲ့လုံး
အိုးစည်တွေတီး၊ ရှမ်းသီချင်းတွေဆို၊ ရှမ်းအကတွေ က နဲ့
အော်ဟစ်ပျော်ရွှင်ခဲ့ကြသလို တစ်ဖွဲ့လုံးစုပြီးတော့လဲ ဓာတ်ပုံရိုက်ခဲ့ကြတယ်။
ဒီတခါတော့ လို့ကိုဝ်က တူညီဝတ်စုံဆိုပြီး ရှမ်းဘောင်းဘီတွေ
ဆင်တူဝတ်ဖြစ်ကြတာမို့ ကျွန်မတို့ မိန်းကလေးတွေ မပါနိုင်ခဲ့တာတစ်ခုတော့
ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ ညနေခင်း ၂ နာရီသာသာလောက်မှာ ဘုရားကို ရေစက်ချ
လှူခဲ့ကြပြီး အလှူရှင်ဖြစ်တဲ့ လုံးလုံးတို့အဖေက ရေစက်ချ၊ သာဓု ခေါ်အပြီး
ကြေးစည်အတီးမှာ သြဘာသီး(ဗျောက်အိုး) ခွဲပေးပါဆိုလို့ သြဘာသီး ၅
လုံးဖောက်ပြီး အလှူကို ပြီးမြောက်စေခဲ့ပါသေးတယ်။ အဲဒီနောက်တော့
သူငယ်ချင်းလေးတွေ လှူတဲ့ ဘုရားရဲ့ရင်ပြင်တော် ပေါ်မှာ သံဃာအပါး ၂၀
ကျော်ကျော်လောက်က လက်ယာရစ် ပတ်ပြီး ဆွမ်းဆန်စိမ်းအလှူခံတာမို့ အဲဒီအလှူ
အတွက်လည်း ပီတိ ဖြစ်ခဲ့ရပြန်ပါတယ်။ ညနေစောင်းလောက်မှာတော့ ညဘက်
မီးပုံးပျံအတွက် မှိုင်းခံတိုင် ထပ်မံ လုပ်ကြပြန်ပါတယ်။
မှိုင်းခံတိုင်အတွက်ကတော့ အရမ်းကြီး အချိန်မကုန်ပဲ ထင်းရှူးဆီသားတွေကို
အနည်းငယ် ခွဲထားတဲ့ ၀ါးလုံးတိုင်ထဲကို ထည့်ရိုက်ပြီး ကြေးနန်းကြိုးတွေနဲ့
ပတ်ရတာပါပဲ။
ထင်းရှူးတိုင်လို့လဲ
ခေါ်တဲ့ မှိုင်းခံတိုင်လုပ်အပြီးမှာတော့ ခဏတဖြုတ် နားခွင့်ရခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ည မီပုံးပျံလွှတ်မှာမို့ စောစောစီးစီး ရေမိုးချိုး၊
ထမင်းစားသောက် ခဲ့ကြတယ်။ အဲဒီနေ့ည ထမင်းကိုတော့ ကျွန်မတို့
ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ အလှူရှင် လုံးလုံးတို့မိသားစုက တစ်ရွာလုံး ကို
မီးခိုးတိတ်ကျွေးခဲ့ကြတယ်လေ။
ဆက်ပါဦးမည်..
No comments:
Post a Comment