Pages

Sunday, 29 April 2012

ဝေးကွာခြင်း

အဆုံးမရှိ အစမရှိ သံသရာထဲမှာ ဝေးကွာဖို့ အကြောင်းဖန်လာပြန်ပြီလား.. ဒီလို ဝေးရမယ် ကြိုသိရင် နီးစပ်ဖို့ မကြိုးစားခဲ့ဖူးကွယ်.. အတိတ်က အရိပ်တွေထဲမှာ ပြေးလွှားဆော့ကစားရတာ ကျေနပ်နေတဲ့ အချိန်မှာ ပျော်ပျော်ကြီး ခွဲခွာဖို့ ကြံခဲ့ပြန်တာလား.. ဝေးတော့မယ်လို့ သိနေရက်နဲ့ ပစ္စုပ္ပန်ကို လက်မခံနိုင်ခဲ့တာဟာ အားနည်းချက်တစ်ခုပေါ့.. ဒီအားနည်းချက်ကို နင်းခြေရက်ပြန်တယ်နော်.. အနေဝေးလို့ အခြေအနေချင်း မနီးစပ်ခဲ့တောင်မှ ရင်မှာ ချစ်တယ်လို့ ထင်ထားခဲ့တာ မှားလား.. လျှောက်လှမ်းတဲ့လမ်းက ပြဒါးတစ်လမ်း၊ သံတစ်လမ်း မဟုတ်ခဲ့ပေမဲ့ ညှိယူမရခဲ့ဘူးနော်.. အနေဝေးရင် သွေးအေးသတဲ့ဆိုတဲ့ စကားပုံကို မျက်နှာလွှဲ ခဲနဲ့ပစ်လောက်အောင် ယုံကြည်ခဲ့မိတာ ရင်ဘတ်အခံရဲ့ ယုံကြည်မှုတစ်ခုကြောင့် ထင်ပါရဲ့.. ပေးထားတာတွေ များလို့များ တန်ဖိုး မရှိတော့တာလားလို့ တခါတခါ ထင်မိပြန်တယ်.. မဟုတ်လောက်ပါဘူး.. မနေချင်သူ ထွက်သွားတာကို လိုက်တားခဲ့ရလောက်အောင်လဲ မာနတွေ မြေမှာ ဝပ်စင်းခဲ့ရတယ်.. သိရက်နဲ့ နင်းခြေချင်တာကလည်း ဝသီတစ်ခုဆိုတာကို သိနေခဲ့ပြန်တယ်.. မာန နဲ့ နောင်တ ဘယ်ပျောက်နေခဲ့လဲ.. လမိုက်နေခဲ့လား.. ဒီလိုနဲ့ တဖြည်းဖြည်း ထွက်ခွာ.. ချစ်ခြင်း၊ ပေးဆပ်ခြင်းတွေရဲ့ ဝေးရာ ပြေးမယ့် ဆန္ဒတစ်စုံကို မိုက်ရူးရဲစွာ ဖက်တွယ်ချင်သေးတယ်.. ဒါပေမဲ့ ဘာပဲပြောပြော.. စတင် ဝေးကွာခဲ့ပါပြီ...

No comments:

Post a Comment