ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျမအတွက် ပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာ၊
ဗဟုသုတရစရာ အတွေ့အကြုံတစ်ခုရရှိစေမဲ့ အလှူတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်..
အဲဒါကတော့ ကျမသူငယ်ချင်းလေးတစ်ယောက်ဖြစ်တဲ့ လှခိုင်က
လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက သူ့မွေးနေ့ကျရင် အလှူတစ်ခုလုပ်မယ် ပါမလားလို့
ပြောလာခဲ့တယ်.. ဘာလုပ်မှာလဲ မေးကြည့်မိတော့ ရွာသာကြီးဖြစ်ဖြစ်..
ခ၀ဲခြံဖြစ်ဖြစ်မှာ သွားပြီးအလှူလုပ်မယ်တဲ့.. ကျမလဲ တက်ကြွစွာပဲ “ငါလိုက်မယ်” လို့
ကတိပေးခဲ့မိတယ်.. အဲဒီလိုနဲ့ မွေးနေ့တဖြေးဖြေး နီးကပ်လာတဲ့အထိ
ဘယ်နေရာသွားမယ်ဆိုတာ အတည်မပြုနိုင်ခဲ့သေးဘူးလေ.. ဟိုးအရင်တစ်ခါကတည်းက
လှခိုင်တို့နဲ့အတူတူ ပဲခူးဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူသွားလုပ်တာ
လိုက်ဖူးပြီးကတည်းက နောက်ဆို သူတို့ အလှူလုပ်သမျှ ကိုယ်လဲ တတ်အားသရွေ့
ပါဝင်ကူညီမယ်လို့ အားခဲထားခဲ့မိတယ်လေ.. လှခိုင်တို့အုပ်စုကို သဘောကျတာက
လုပ်သမျှ အလှူတိုင်းက ကိုယ့်ချွေးနဲစာ၊ ကိုယ့်မုန့်ဖိုး၊ ကိုယ့်လခလေးတွေထဲက
တနိုင်တပိုင် စုလှူကြတာကိုပါပဲ.. ကိုယ်သုံးမယ့် ငွေကို
အလှူအတွက်သီးသန့်ထားပြီး လှူတဲ့ ငယ်ရွယ်ပေမဲ့ အလှူအတန်း ဒါန
မျိုးစေ့ကောင်းတဲ့ လှခိုင်လို သူငယ်ချင်းတွေကိုလဲ အရမ်းလေးစားမိတယ်..
ဒီလိုနဲ့
မွေးနေ့မတိုင်ခင် ၂ ပတ်လောက်ကျမှပဲ ဘယ်နေရာသွားဖြစ်တယ်ဆိုတာ
အတည်ပြုမိခဲ့တယ်.. တကယ့်ကိုပါပဲ စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတစ်ခုကို
ရွေးချယ်မိခဲ့တာပါပဲ.. “ရွာသာကြီး” တဲ့လေ..
လူတိုင်းပါးစပ်ဖျားမှာ ပေါ့ပေါ့လေး စနောက်နေတဲ့ နေရာလေးက
ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းတဲ့နေရာလေး ဖြစ်မလဲဆိုတာကိုလဲ
စိတ်ဝင်စားခဲ့မိတယ်..
လူပေါင်းစုံတွေကြားထဲမှာမှ စိတ်ဒဏ်ရာရှိတဲ့သူတွေ၊
ပုံမှန်မဟုတ်တဲ့သူတွေ၊ မူးယစ်ဆေးဝါးဖြတ်တဲ့သူတွေကိုသာ ကုသပေးတဲ့
စိတ်ကျန်းမာရေးဆေးရုံတစ်ခုဖြစ်တဲ့ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကို
သွားဖို့ အတည်ပြုခဲ့ကြတယ်.. ကျမကတော့ အလုပ်တစ်ဖက်နဲ့ရော.. နေတဲ့ နေရပ်က
ဝေးတာကြောင့်ရော သွားမယ့်နေ့မှသာ ကျမဆီ ၀င်လှည့်ခေါ်ဖို့ မှာခဲ့မိပြီး တခြား
ဘာကိစ္စမှလဲ ၀ိုင်းဝန်း မကူညီအားခဲ့ဘူးလေ.. လှခိုင်ကတော့ အမ
လိုက်လာရင်တော်ပါပြီဆိုတဲ့ စကားကြောင့်.. ကျမအတွက် ဗဟုသုတလဲ
ရစေနိုင်တာရယ်.. အဲဒီနေ့ကျမှ တတ်နိုင်သလောက်လေး လှူမယ်ဆိုတဲ့
စိတ်ရယ်ကြောင့် ကျမ လိုက်ဖြစ်သွားခဲ့ပါတယ်.. ကျမ သူငယ်ချင်းကတော့
သူ့မွေးနေ့အလှူဆိုတာရော.. လှူတန်းချင်တဲ့ သူ့စိတ်ကြောင့်ရော
တက်တက်ကြွကြွရှိနေခဲ့တာကို အဲဒီနေ့မှာ မြင်ခဲ့ရတယ်.. အဲဒီလိုပဲ
သူ့သူငယ်ချင်းတွေဖြစ်တဲ့ ထွဋ်ထွဋ်၊ ညွန့်ညွန့်နဲ့ ကိုတင်ထူးတို့ကိုလဲ
လှုပ်ရှားပျော်ရွှင်နေတာကို မြင်ခဲ့ရတယ်လေ..
အဲဒီနေ့
မတိုင်ခင်ကပဲ.. အဲဒီနေ့ နေ့လည် ၁၁း၃၀ လောက် သူတို့ စုရပ်ကနေထွက်လာမယ်ဆိုတာ
ကျမ ဖုန်းရခဲ့တယ်လေ.. စုရပ်ကနေ စထွက်လာတယ်ဆိုရင်ပဲ ကျမဆီကို
လှမ်းဖုန်းခေါ်ပြီး.. “ အမ ကျနော်တို့ထွက်လာပြီ”
လို့ လှမ်းဖုန်းဆက်တယ်.. ကျမဆီကိုတော့ ၁၂း၀၀ သာသာမှာ ရောက်လာကြတယ်..
ဖြစ်ချင်တော့ ကျမဆီရောက်တဲ့အချိန်မှာ မိုးက သည်းသည်းမဲမဲ ရွာလှက်ရှိတယ်လေ..
ကျမစိတ်ထဲမှာတော့ “ ငါတို့အလှူလေးကို မိုးက ဖျက်ပြီ”
လို့တောင် တွေးထင်မိခဲ့တယ်..ကားပေါ်မှာတော့ ကျမသူငယ်ချင်း လှခိုင်အပြင်
ထွဋ်ထွဋ်ရယ် ကိုတင်ထူးရယ် နောက် ကျမ မသိတဲ့လူ ၈ ယောက်လောက်ကိုလဲ
တွေ့လိုက်ရတယ်လေ.. ဒီလိုနဲ့ ကားပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်း
စိတ်ကျန်းမာရေးဆေးရုံသို့ ဆက်ထွက်လာခဲ့ကြတယ်.. အချင်းချင်းတွေ
စိတ်ချရောက်တာနဲ့ ဆေးတိုက်မယ် ဘာညာနဲ့ ပျော်ရွှင်စွာ စနောက်လာခဲ့ပေမဲ့..
ရယ်ချင်လှစွာပဲ တစ်ဦးတစ်ယောက်မှ အဲဒီဆေးရုံကို ရောက်ဖူးတဲ့သူ မရှိဘူးလေ..
ဘယ်က ဘယ်လိုသွားရမယ်ဆိုတာ တစ်ယောက်မှ မသိခဲ့ပါဘူး.. ကျမကတော့ အဲဒီဘက်ကနေ
ဟိုင်းဝေးခရီးသွားဖူးတာကြောင့်.. ရှေ့နားဆိုရင် လမ်းခွဲရှိတယ်ဆိုတာ
သိတာမို့ ပြောပြတယ်ဆိုရင်ပဲ အမ ရောက်ဖူးတယ်ပေါ့ ဘာညာနဲ့
စနောက်ခံလိုက်ရသေးတယ်လေ..မိုးကတော့ အလှူကို မဖျက်ချင်လို့လား မသိပါဘူး..
သိပ်မကြာဘူးတိတ်သွားလေရဲ့လေ..
သွားရင်းလာရင်းနဲ့မှ
သတိထားလိုက်မိတာက သူငယ်ချင်း ညွန့်ညွန့်တစ်ကောင်ကို မတွေ့မိတာပါပဲ..
မေးကြည့်တော့ ညွန့်ညွန့် အဲဒီကို အရင်သွားနှင့်ပြီဆိုတာပါပဲ..
သိပ်မကြာပါဘူး .. ညွန့်ညွန့်ဆီက ဖုန်းလာတယ်လေ..
သူရောက်နေပြီဆိုတဲ့အကြောင်းပေါ့.. ဒီလိုနဲ့ ကျမတို့ကားလဲ မကြာခင်မှာ
စိတ်ကျန်းမာရေးဆေးရုံသို့ဆိုတဲ့ လမ်းခွဲဆီကိုရောက်လာခဲ့ကြတယ်..
အဲဒီလမ်းခွဲကနေ ၀င်လာလိုက်တာ ၅ မိနစ် ၁၀ မိနစ်လောက်
မောင်းလိုက်တယ်ဆိုရင်ပဲ.. ကျမတို့ဦးတည်ရာ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ
ဆီသို့ ရောက်လာခဲ့ကြတယ်လေ.. ညွန့်ညွန့်တို့ကားကိုလဲ ဆေးရုံဝင်း အပြင်ဘက်မှာ
တွေ့လိုက်မိတယ်.. ကျမတို့ အုပ်စု လူစုံပြီပေါ့လေ.. ဆေးရုံထဲရောက်တော့လဲ
တစ်ခါမှ မရောက်ဖူးတဲ့သူတွေမို့ စမ်းတ၀ါးဝါးနဲ့ပေါ့လေ.. ဆေးရုံထဲ ရောက်တာနဲ့
တကယ်ပါ.. အလှူလာလုပ်တာ ဆိုလို့ ဆေးရုံဝန်ထမ်းတွေက ဆေးရုံအုပ်ကြီး
အခန်းဆီကို လမ်းညွှန်ပေးတယ်လေ.. ဆေးရုံအုပ်ကြီးအခန်းရှေ့မှာတော့
ဆိုင်းဘုတ်ကြီးနဲ့ရေးထားတာက လူနာများအတွက် အလှူငွေထည့်ဝင်နိုင်ရန်
နေ့လည်ထမင်းတစ်နပ်စာဘယ်လောက်နှုန်း၊ မနက်စောစောစာ ဘယ်လောက်နှုန်းတွေကို
တွေ့ခဲ့ရသလို လူနာပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကိုလဲ တွေ့ခဲ့ရတယ်..
အဲဒီနေ့မှာ မနက်စောစောစာကို ဆန်ပြုတ်၊ နေ့လည်စာကို ကြက်သားဟင်းနဲ့ ညနေစာကို
ဝက်သားဟင်း အလှူရှင်တွေ ရှိတယ်ဆိုတာလဲ တွေ့ခဲ့ရတယ်လေ.. ဒါ့အပြင်
ဆေးရုံနံရံတိုင်းမှာလဲ လူနာများကို ကြင်နာပါဆိုတဲ့ ဆိုင်းဘုတ်တွေကို
တွေ့ရှိခဲ့ရတယ်..
လှခိုင်က ဆေးရုံအုပ်ကြီးနဲ့ ၀င်တွေ့ပြီး
ပါလာတဲ့ အလှူပစ္စည်းတွေကို ဆေးရုံအလုပ်သမားတွေ အကူအညီနဲ့
သွားသယ်ဆောင်ကြတယ်လေ.. ကျမတို့ မိန်းကလေးအုပ်စုကတော့ ဆေးရုံအုပ်ကြီး
အခန်းဝက ထိုင်ခုံတွေမှာ ထိုင်စောင့်နေခဲ့တယ်..သိပ်မကြာလိုက်ပါဘူး..
လှူမယ့်ပစ္စည်းတွေကို တွန်းလှဲတွေနဲ့တွန်းလာကြတာတွေ့ရတယ်လေ.. ကျမကတော့ ဘာမှ
မကူညီနိုင်ခဲ့တော့ ဘာပစ္စည်းတွေပါတယ်ဆိုတာ မသိခဲ့လို့ ပစ္စည်းတွေ
ထုတ်ရေတော့မှပဲ ဘာတွေလဲဆိုတာ သိခဲ့တယ်.. အချိုရေဗူးတွေရယ်..
ပေါင်မုန့်ထုပ်တွေရယ်ပေါ့.. ဆေးရုံအလုပ်သမားတွေက ပါလာတဲ့ အလှူပစ္စည်းတွေကို
ရေနေတုန်း ကျမတို့ အုပ်စုကတော့ စပ်စုလှစွာပဲ..
ကျမတို့ရောက်နေတဲ့အဆောင်ရဲ့အနီးဆုံးမှာရှိတဲ့ လူနာဆောင်ကို
သွားလေ့လာမိတယ်လေ.. လူလူချင်းတူတူတွေပေမဲ့ ပုံမှန်မဟုတ်တဲ့သဘာဝနဲ့
လူတွေကြောင့်ရယ်.. ကျမတို့ရဲ့ အရွံ့စိတ်ကြောင့်ရယ်ကြောင့် ခပ်နီးနီး
မသွားရဲ.. မျက်လုံးချင်းဆုံမကြည့်ရဲပဲ.. ခပ်လှမ်းလှမ်းကသာ
သွားရောက်လေ့လာမိတယ်လေ.. အဲဒီနောက်မှာ ပစ္စည်းတွေကို ဝေပုံကျ
ခွဲပြီးနောက်မှာ ဆေးရုံအုပ်ကြီးက အလုပ်သမားတွေကို သွားခေါ်ချေ.. လာယူလို့
ဘာညာပြောတဲ့ အသံကို ကြားလိုက်ပါတယ်.. သိပ်မကြာဘူး .. တွန်းလှဲတွေနဲ့
လာရောက်သယ်ယူကြတာကို တွေ့လိုက်ကြတယ်.. သေချာကြည့်မိတော့ လာသယ်တဲ့သူတွေက
လူနာတွေကိုယ်တိုင်ဖြစ်နေတာကို တွေ့လိုက်မိတယ်လေ..
ဒီလိုနဲ့
သူတို့ယူသွားပြီး မကြာခင်မှာပဲ ဆေးရုံအုပ်ကြီးနဲ့ အမျိုးသမီးတစ်ယောက်က
အလှူရှင်တွေ ကိုယ်တိုင်ကိုယ်ကျ လူနာတွေကို အလှူပစ္စည်းတွေကို သွားရောက်ရမှာ
ဖြစ်ကြောင်း လာပြောပါတယ်.. ကျမတို့အုပ်စု ရင်ထဲမှာ တမျိုးတော့
ဖြစ်သွားကြတယ်လေ.. လှူသာလှူချင်ကြတာ.. ကြောက်တာကလဲ ကြောက်တတ်သေးတာမို့..
မရဲတရဲရှိနေတဲ့စိတ်တွေကြောင့်ပေါ့.. ဒါပေမဲ့ ကိုယ့်အလှူလဲ အထမြောက်အောင်..
လူနာတွေစိတ်ထဲမှာလဲ အလှူရှင်တွေဟာ ငါတို့အပေါ်နွေးထွေးပါလားဆိုတာ
သိရအောင်ဆိုတဲ့ အမြုံစိတ်ကလေးတွေနဲ့ပဲ ကျမတို့အုပ်စု နာ့စ်မတစ်ယောက်
ခေါ်ဆောင်ရာ.. အဆောင် ၄ အမျိုးသမီးဆောင်ကို အရင်ထွက်လာကြတယ်လေ..
အဆောင်ရှေ့ရောက်တယ်ဆိုရင်ပဲ.. တစ်ယောက်နဲ့တစ်ယောက် နင်အရင်ဝင် ငါအရင်ဝင်နဲ့
တွန်းလားတိုက်လား လုပ်ကာ မရဲတရဲနဲ့ပင် အဆောင်ထဲသို့ ၀င်လာခဲ့ကြတယ်..
အဆောင်ထဲရောက်တော့ .. နာ့စ်မ ဆရာမတွေက လူနာတွေကို အခန်းအပြင်မှာ
ထုတ်ပြီးထိုင်ခိုင်းထားတာကို တွေ့လိုက်ရပါတယ်.. လူနာတွေစီတန်းထားတဲ့
အရှေ့ဆုံးမှာတော့ ကျမတို့ လှူမယ့် အချိုရည်တွေ မုန့်တွေကို တောင်းတွေ
တောင်းတွေနဲက ထည့်ထားပြီး ခုံတန်းလျားတစ်ခုပေါ်မှာ တင်ထားတာကိုလဲ
တွေ့လိုက်ရပါတယ်.. နာ့စ်မဆရာမလေးတွေက အမတို့ကိုယ်တိုင်
လှူပါဆိုပြီးလာပြောတယ်လေ.. အလှူပစ္စည်းတွေ မဝေခင်မှာ နာ့စ်မလေးတစ်ယောက်က
လူနာတွေထဲက တစ်ယောက်ကို ထခိုင်းပါတယ်.. အဲဒီနောက်မှာ ထလာတဲ့ လူနာ
အန်တီကြီးက.. ကျမတို့ဘက်ကို လှည့်ပြီး .. ယနေ့ကြွလာသော အလှူရှင်များ
ချမ်းသာပါစေ.. ကျန်းမာပါစေ.. သိန်းတစ်ထောင်ဆုကြီးများလဲ ပေါက်ပါစေ.. ခဏ
ခဏလဲ လာလှူနိုင်ပါစေ ဆိုပြီး ကျမတို့တတွေကို ဆုတွေပေးပါတယ်.. အဲဒီနောက်မှာ
မုန့်တွေ ဝေမယ်လုပ်တော့ ဆရာမက ခဏလေးဆိုပြီး .. ဆုတွေပေးတဲ့ အန်တီကြီးကို
သီချင်းတစ်ပုဒ်ဆိုခိုင်းပါတယ်.. အန်တီကြီးက “တံတားအို” ဆိုတဲ့ သီချင်းကို ဆိုပြတယ်လေ..
ကျမလေ..
အရင်ကတော့ အဲဒီလို စိတ်ဝေဒနာသည်တွေကို တွေးကြောက်မိတယ်.. ဒါပေမဲ့.. အခုလို
ပုံစံတွေကိုလဲ တွေ့လိုက်မိရော.. မကြောက်တဲ့အပြင် သူတို့ကို ပိုချစ်လာတယ်..
လူချင်းတူတူတောင်မှ ဘ၀ ဘ၀တွေမှာ ဘာတွေများ ကုသိုလ်မှားခဲ့မိလို့
အဲလိုဘ၀ရောက်ခဲ့ရတာလဲလို့လည်း တွေးမိလာတယ်.. ဖြစ်နိုင်ရင် တတ်နိုင်သမျှ
ဖေးမ ကူညီချင်တယ်.. ထားပါတော့.. အဲလို မုန့်တွေကို ဝေတော့လဲ.. သဘောကျစရာ
အချက်ကလေးတွေ ထပ်တွေ့တယ်လေ.. တချို့ တချို့ လူနာတွေက မုန့်ရပြီးတာနဲ့ ကျေးဇူးတင်ပါတယ်.. God bless you
.. စသည်ဖြင့် ပြောကြသလို.. တချို့ တချို့ကျတော့လဲ.. ပေးတဲ့ခွဲတမ်းကို
မကျေနပ်ပဲ ထပ်တောင်းတာမျိုးတွေလဲ တွေ့ရတယ်လေ.. ဘာပဲပြောပြော ကျမကတော့
ကြည်နူးကျေနပ်မိတယ်.. သူတို့ကို ကြည့်ရတာ ကလေးလေးတွေလိုပဲလို့လည်း
ခံစားမိတယ်.. အဲလို တန်းစီနေတဲ့လူနာတွေ အပြီးမှာ နာ့စ်မဆရာမလေးက
အမျိုးသားတွေ နေခဲ့ပြီး အမျိုးသမီးတွေ သူနဲ့လိုက်ခဲ့ဖို့ ပြောပါတယ်..
အဲဒါနဲ့ ကျမတို့ အမျိုးသမီးအုပ်စုလဲ နာ့စ်မလေးနောက် မုန့်တွေ၊
အချိုရည်တွေသယ်ပြီး လိုက်လာခဲ့တယ်လေ.. နာ့စ်မလေးက ပြောတာတော့ တချို့
တချို့တွေကျတော့ အသိစိတ်ပျောက်နေလို့.. အမျိုးသားတွေကို မမြင်စေချင်လို့
မခေါ်လာရတာဖြစ်ကြောင်း ရှင်းပြပါတယ်.. ဒါပေမဲ့.. ကျမတို့
မုန့်လိုက်ဝေသမျှမှာတော့ အရမ်းကို အခြေအနေဆိုးဆိုးတွေ မတွေ့ခဲ့ရပါဘူး..
တစ်ခုပါပဲ.. တချို့တွေကိုတော့ ကျမတို့ မမြင်ခဲ့ရလောက်အောင် အခန်းတွေ
ပိတ်ထားတာမို့လေ..
အဲဒီလိုနဲ့ အမျိုးသမီးအဆောင်လဲ ပြီးရော
အဲဒီက အလုပ်သမားအမကြီးကပဲ ကျမတို့ကို နောက်ထပ်အဆောင်တစ်ဆောင်ကို
ခေါ်သွားပါတယ်.. ဒီတခါတော့ အမျိုးသားအဆောင်ပါ.. ဒီလိုပါပဲ.. ကျမတို့
ဝင်ခါစမှာ နည်းနည်းလေးတော့ ကြောက်တာပဲလေ.. အမျိုးသမီးဆောင်လိုပါပဲ..
ကျမတို့ ၀င်အလာမှာ လူနာတွေကို တန်းစီထိုင်စောင့်ခိုင်းထားတာတွေ့ရပါတယ်..
အမျိုးသမီးဆောင်လိုပါပဲ.. ကျမတို့အုပ်စု စ ၀င်လာတာနဲ့..
အမျိုးသားတစ်ယောက်ကို ဦးဆောင်စေပြီး ဆုတွေပေးတယ်.. အဲဒီလိုနဲ့.. ကျမတို့
အုပ်စု မုန့်တွေဝေတော့လဲ ယူတဲ့သူက ယူတယ် .. မယူတဲ့သူက မယူလို့..
နာ့စ်မလေးတွေက အတင်းယူခိုင်းရတယ်လေ..တစ်ခု တွေ့မိတာက အဲလို တန်းစီယူတဲ့
လူနာတွေကို မုန့်ယူပြီးတာနဲ့ အခန်းတစ်ခန်းထဲကို သွင်းပြီး နေခိုင်းတာပါပဲ..
မုန့်စားလို့ ကုန်လောက်တဲ့အချိန်ကျမှ.. အခန်းထဲက လူနာတွေကို
အပြင်ထွက်စေပြီး သူ့အခန်း သူပြန်ခိုင်းတာပါပဲ.. အဲဒီလိုပါပဲ..
အမျိုးသားအဆောင်ကျတော့ ကျမတို့ မိန်းကလေးတွေကို မလိုက်လာခိုင်းပါဘူး..
နောက်ပြီး တချို့အခန်းတွေဆိုရင် လူနာတွေက မုန့်ဝေလို့ မရပဲ လိုက်လုတာမို့
အပြင်မထုတ်ရဲဘူးလို့လဲ သိရပါတယ်.. အဲလိုပဲ.. ဒီတိုင်းလွှတ်ထားလို့ မရလို့
အခန်းထဲ တံခါးပိတ်ထားရတာတွေရယ်.. သံကြိုးတွေနဲ့ချည်ထားရတာတွေကိုလဲ
ကြားသိခဲ့ရသေးပါတယ်.. ကျမကတော့ လူနာတွေထဲမှာ. ဘုန်ကြီးလူနာတွေကိုပါ
တွေ့မြင်ရတာမို့ အံ့အားတောင် သင့်မိသေးခဲ့တယ်လေ.. သိပ်မကြာလိုက်ပါဘူး..
လှခိုင်တို့ ယောကျာ်းလေးအုပ်စု ပြန်ထွက်လာကြတယ်လေ.. အဲဒီမှာ ထွဋ်ထွဋ်က
သူ့အတွေ့အကြုံတစ်ခုတောင် ပြောပြသေးပါတယ်.. သူ မုန့်တွေ ဝေနေတုန်းမှာ
လူနာတစ်ယောက်က သူ့ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးတယ်တဲ့.. သူ ရင်တွေတောင်
တုန်သွားတယ်တဲ့လေ.. ဒါပေမဲ့ သူ ပြန်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်တဲ့လေ..
တကယ့်ကို ချစ်ဖို့ကောင်းတဲ့ ကျမ သူငယ်ချင်းတွေပါပဲလေ..
အဲဒီအဆောင်ပြီးတော့
နောက်တစ်ဆောင်သွားဖို့ အချိန်ကြည့်တော့ တော်တော်လေးလဲ နောက်ကျနေပြီမို့..
နောက်အဆောင်တွေကို လူကိုယ်တိုင် မဝေတော့ပဲ.. ဆရာ၊ ဆရာမတွေကိုပဲ ဝေပေးဖို့
ဆရာဝန်ကြီးကို တောင်းဆိုလိုက်ရပါတယ်.. အဲဒီနောက်မှာတော့
ကျမတို့သူငယ်ချင်းတစ်စု ကိုယ်တတ်နိုင်သလောက် စုဆောင်းပြီး ထပ်မံ၍ အလှူငွေ
ထည့်ခဲ့ကြပါသေးတယ်.. အဲဒီနောက်မှာတော့ ကျမတို့ အဖွဲ့
စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး) ဆီမှ ပြန်လည်ထွက်ခွာလာကြပါတယ်..
အပြန်လမ်းတစ်လျှောက်လုံးမှာလဲ အချင်းချင်း စနောက်ပြီး ပျော်ရွှင်စွာ
ပြန်လာခဲ့ကြသလို.. ညွန့်ညွန့်ကလဲ သူ့မွေးနေ့ကျရင်
ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှာ လှူနိုင်အောင် ကြိုးစားမယ်လို့
ပြောပါတယ်.. ဘာပဲပြောပြောလေ.. ကျမရဲ့သူငယ်ချင်းလေးတွေရဲ့
လှူချင်တန်းချင်တဲ့ ဒါနစိတ်ကလေးတွေကို ချစ်စဖွယ်တွေ့မြင်ခဲ့ရပါတယ်..
လူငယ်သဘာဝ ပျော်ချင်ပါးချင်တာတွေကြားထဲက အလှူအတန်းအတွက် သီးသန့်ထားတတ်တဲ့
ကျမသူငယ်ချင်းလေးတွေရဲ့ ချစ်စဖွယ်စိတ်ကလေးတွေကို လေးစားအားကျရင်း
ဒီပို့စ်လေးကို ရေးမိခြင်းဖြစ်ပါတယ်..
(တစ်ခုဝမ်းနည်းမိတာက
လူနာတွေရဲ့ လူမှုရေးပိုင်းကြောင့် ဓာတ်ပုံရိုက်ခွင့်မပြုတာပါပဲ.. အဲဒီအတွက်
ကျမ ဓာတ်ပုံတင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး..)
No comments:
Post a Comment