Pages

Wednesday 19 December 2012

လှမ်းလို့ လာခဲ့ပြီ...


ကျွန်မမှာ ချစ်သူရှိတယ်.. ကျွန်မချစ်သူကို သူများတကာချစ်သူစုံတွဲတွေ နည်းတူ.. သိပ်ချစ်တယ်.. တစ်နေ့က ကျွန်မချစ်သူက.. ကျွန်မကို စကားတစ်ခွန်း ပြောခဲ့တယ်..


လက်ထပ်ချင်ပြီ   တဲ့


ရင်ခုန်ရမှာလား၊ ကြည်နူးရမှာလား၊ စိုးထိတ်ရမှာလား….


သေချာမသိခဲ့ဘူး…


တကယ် သေချာသိခဲ့တာတော့.. ကျွန်မ မဝံ့ရဲဘူး.. ကျွန်မ ကြောက်တတ်သေးတယ်… ဒါပေမဲ့လည်း…..


                                                ………………………………………………………………



ချစ်သူနဲ့ ကျွန်မ စိတ်တူကိုယ်တူ ချစ်သူဘဝ ရောက်ခဲ့တာ.. ၃ နှစ်ရှိခဲ့ပြီ.. ပြန်စဉ်းစားကြည့်တော့.. ဟိုစဉ်အတိတ်ဟောင်းကလေးတွေ  လွမ်းစရာ…


စ တွေ့စအချိန်က ရင်ခုန်ကြည်နူးမှုမျိုး.. ခုအချိန် ကျွန်မမှာ ရှိသလားဆို.. သေချာတာတော့ ကျွန်မ သစ်ရွက်လှုပ်တိုင်း မရီတတ်တော့တာပါပဲ…


စဉ်းစားချင့်ချိန်တတ်တယ်လို့တော့ မသတ်မှတ်ချင်ခဲ့ပေမဲ့.. ဘဝမှာ အချစ်ထက် အရေးကြီးတာတွေ တပုံတပင်ဆိုတာ.. တွက်တတ်၊ ချက်တတ်လာခဲ့တယ်…



ဦးနှောက်မရှိတဲ့ မိန်းမလို့ အပြောခံရမှာ သိပ်ကြောက်တဲ့ ကျွန်မ.. ချစ်သူကို ချစ်ခဲ့စဉ်က.. ခေါင်းမသုံးခဲ့ပါဘူး.. ဒါပေမဲ့လည်း.. တဖြည်းဖြည်း သတိထားမိလာတာက..
ကျွန်မ ရွေးချယ်မှု (ရွေးချယ်မှုလို့ပဲ ပြောပါရစေ).. မှန်ကန်ခဲ့တယ် ဆိုတာပါပဲ..


မွေးစ ကနေ.. ခုအချိန်ထိ.. ကိုယ့်မြင်းကိုယ်စိုင်း၊ ကိုယ့်လှေကိုယ်ထိုးခဲ့တဲ့ ကျွန်မ.. ချစ်သူ၊ ရည်းစား မရှားပါးခဲ့ပေမဲ့.. တွေ့ခဲ့သမျှ ကြင်ရာတွေအပေါ် ဘဝင်မကျ ဖြစ်ခဲ့ရဖူးတယ်..


ဟော.. လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်ကျမှ.. ငါတော့ လူလိမ္မာလုပ်ပါတော့မယ်လို့ စဉ်းစားမိတဲ့အချိန်ကျမှ ဘဝထဲကို ဝင်ရောက်လာခဲ့တာက.. လူလိမ္မာလေးတစ်ယောက်..


အချစ်ဆိုတာကို ကြောက်လို့ ဝေးဝေးပြေးနေခဲ့တဲ့ လူငယ်လေးက.. ကျွန်မရဲ့ ဖူးစာရှင်တဲ့လား.. မထင်မှတ်ခဲ့ဘူးလေ.. သာမန်မျှသာ သဘောထားခဲ့တဲ့.. အဝေးက ဒီလူငယ်လေး.. ကျွန်မအပါး ရောက်လာတာကတော့.. ကံကြမ္မာရဲ့ သတ်မှတ်ချက်တစ်ခုပဲ နေပါလိမ့်မယ်..


                                                          …………………………………………..



ဒီလိုနဲ့.. ဒီလူငယ်လေးနဲ့ ကျွန်မ .. မထင်မှတ်ပဲ နီးစပ်ခဲ့တယ်.. ကံစီမံတဲ့အတိုင်းပေါ့.. ရင်မခုန်အောင် ထိန်းတော့မယ်ဆိုပြီး လေကျယ်ခဲ့တဲ့ ကျွန်မနဲ့.. အချစ်ကို ကြောက်လို့ ရှောင်ပြေးနေတဲ့ သူတို့ရဲ့ ချစ်ခရီးအစက မဝံ့မရဲ ရယ်ချင်စရာ များခဲ့တယ်..


ကိုယ်နဲ့ သဘောမတွေ့ရင် ချန်ထားတတ်ခဲ့တဲ့.. ပြတ်သားတဲ့စိတ်နဲ့ ကျွန်မ.. အချစ်ဆိုတာကို ခုတွေ့၊ ခုကြုံ၊ ခုမှ တန်ဖိုးထားတတ်ခဲ့တဲ့ ဤလူသားလေး လက်မှာ.. အရာရာ ဆွံ့အ နေခဲ့ပြန်တယ်..


နစ်နစ်နာနာ၊ နင့်နင့်သီးသီး ပြောဆိုဖို့ရာထက်ကို.. ကိုယ့်စိတ်နဲ့ မတွေ့တိုင်း လှည့်မကြည့်တတ်ချင်ခဲ့တဲ့ ကျွန်မ စိတ်ဓာတ်တွေ.. သူ့ရဲ့ ချစ်ခင်မှုတွေ၊ အလျှော့ပေးမှုတွေ၊ အလိုလိုက်မှုတွေအောက်မှာ  မှေးမှေးမှိန်လို့  ပျောက်ကွယ်ခဲ့ရတယ်..


ဒီလိုနဲ့ ကြိမ်းသေလာတာကတော့.. သူနဲ့နေရင် ပျော်မယ်ဆိုတဲ့ ခံယူချက်လေးတစ်ခုပါပဲ.. အရာရာ ကိုယ့်သဘောတစ်ခုတည်းဆိုတာ မဟုတ်ခဲ့ပေမဲ့.. ကျွန်မရတဲ့ ကျွန်မရဲ့ အဖိုးတန်ကလေးက.. အချစ်ကို မရှာခဲ့ပါဘူး.. အလိုလိုတွေ့လာခဲ့ရင်လည်း.. ဘယ်တော့မှ သူ့ကြောင့် မပျက်စီးစေအောင် အသက်နဲ့လဲ ကာကွယ်မယ်ဆိုတဲ့ ခံယူချက်ကလေးတစ်ခု ပိုင်ဆိုင်ထားခဲ့တဲ့သူတစ်ဦးပေါ့..


                                                                   ……………………………..



အစမှာ ဘာရယ်မဟုတ်.. ကျွန်မစိတ်ဓာတ်အတိုင်း ခဏနဲ့ ပြီးသွားမယ့် ဇာတ်လမ်းတစ်ခုလို့ ထင်မှတ်ခဲ့ပေမဲ့.. ကြာလေလေ.. ပိုခိုင်မြဲလေလေ.. ဖြစ်လာရသလို.. နားခိုရာအစစ်ဖြစ်တယ်လို့လည်း ထင်မှတ်ယူလာခဲ့ပါတယ်..


ဒီလိုနဲ့ လျှောက်ခဲ့တဲ့ ခရီးလမ်း.. လွတ်လပ်ပေါ့ပါးစွာ နေတတ်ခဲ့တဲ့ ကျွန်မအတွက်.. တခါတရံမှာ ပျော်ရွှင်ကြည်နူးမှုတွေ ရတတ်ခဲ့ပေမဲ့.. တခါတလေကျပြန်တော့လည်း စိတ်ကျဉ်းကျပ်မှုတွေ ကြုံဆုံခဲ့ရတယ်..


သက်တမ်းရင့်လို့.. အရွယ်ရောက်လာတဲ့အချိန်မှာ.. သေချာတာက.. ကျွန်မ.. ကျွန်မရဲ့ သူကလေးကို မချစ်တော့တာလည်း မဟုတ်.. ချစ်နေသေးတာလည်း မဟုတ်.. သည်းသည်းလှုပ် မဖြစ်တော့တာ သေချာပေမဲ့.. ရင်မှာ သေချာ ဖြစ်ထွန်းခဲ့တာက.. လက်တွဲဖော်ကောင်းဆိုတဲ့ ခံစားချက်ကလေးတစ်ခုပါပဲ..


ချစ်သူရေ… စဉ်းစားတတ်တဲ့ ဦးနှောက်တွေ ကြီးရင့်လာတဲ့အချိန်မှာ.. ရင်ခုန်ခံစားမှုဆိုတာ သေးသိမ်သွားတတ်တယ်တဲ့.. ကျွန်မလေ.. ဒီလိုဦးနှောက်တွေ အလုပ်လုပ်လာနိုင်တဲ့ အရွယ်ရောက်လို့.. ယှဉ်ထိုး၊ ချင့်ချိန် စဉ်းစားကြည့်လိုက်တိုင်း.. မမှားဘူးလို့ ထင်မှတ်ခဲ့တဲ့ အရာတစ်ခုကို လက်ဝယ်ရရှိခဲ့ပါတယ်..


အဲဒါကတော့.. ကျွန်မချစ်သူကို .. သိပ်ချစ်၊ သိပ်အားကိုးတယ် ဆိုတာပါပဲ..

                                                          ………………………………………..




ဒီတော့ မမှားနိုင်တဲ့ ပုစ္ဆာ.. အဖြေထွက်နှင့်ပြီးသား ပြဿနာတစ်ရပ်ဖြစ်တဲ့.. ဒီအကြောင်းအရာတစ်ရပ်ကို.. ကျွန်မ ..


ဘာအကြောင်းပြချက်နဲ့ ငြင်းဆန်ရမှာတဲ့လဲ.. သေချာခဲ့ပါတယ်.. ကျွန်မတွေးသမျှ၊ ကျွန်မဆွေးသမျှ၊ ကျွန်မငေးသမျှ… အရာရာ… အဖြေထွက်နှင့်ပြီးသား ပုစ္ဆာတစ်ခုလို.. ခေါင်းခါးခြေလက်.. ခါပစ်စရာကို မလိုလောက်အောင်.. ရှိနှင့်ပြီးသား အခြေအနေတစ်ရပ်.. ကျွန်မ နှုတ်က ထွက်ဖို့ အဆင်သင့် ဖြစ်ခဲ့ပြီးခဲ့ပြီလေ…


ဒီတော့ ဘာအခြေအနေတွေကို ကြည့်လို့.. ဘယ်လိုအချိန်ဆိုင်းနေရတော့မှာတဲ့လဲ.. သေချာတဲ့အဖြေကို.. ရင်ကရော၊ နှုတ်ကပါ.. ပိုက်လို့.. ချစ်သူ ပျော်ရွှင်ဖို့ .. ကျွန်မ.. ချစ်သူရှိရာ.. အနီးဆုံးနေရာကို လှမ်းလာဖို့ ပြင်ဆင်ပါတော့မယ်.. ကျွန်မချစ်တဲ့သူရေ…

(စိတ်ကူးယဉ်သက်သက်သာ)





ကေပိုး
8:45 PM.
19.12.2012

https://www.facebook.com/notes/kay-poe/%E1%80%9C%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%9C%E1%80%AC%E1%80%81%E1%80%B2%E1%80%B7%E1%81%BF%E1%80%95%E1%80%AE/477190448990513

6 comments:

  1. သိပါဘူးနော် ဂယ်ပဲလက်ထပ်ခွင့်တောင်းနေပြီလားလို့ စိတ်ပူသွားတယ်

    ReplyDelete
  2. စိတ်ပူပါဘူးဗျာကွန်ကရက်ကျူယေးရှင်းမလို့ စိတ်ကူးယဉ်သက်သက်ဆိုတော့ဘာပြောရမလဲဗျာ

    ReplyDelete
  3. အမ်..တကယ့် real တွေလားဆိုပြီး ကွန်ဂရက်လုပ်မလို့ဟာကိုကွာ...
    ဒါပေသိ..ပုံဖော်ထားတာလေး အားကြီးကောင်းတယ်.....အရမ်းကိုပြေပြစ်ညက်ညောတာပဲ
    စကားလုံးသုံးနှုန်းထားတာလေးတွေလဲ အံဝင်ဂွင်ကျရှိတယ်...သိပ်သဘောကျမိတယ်ပိုးရေ...
    ဆက်ရေးထားနော်.....အမြဲအားပေးနေမဲ့
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  4. ခိခိ.. ပေါက်ကရတွေ.. လျှောက်ထင်ကုန်ကြပီ..
    စိတ်ကူးသက်သက်ပါရှင်..
    တခြား ဘာမှ မဟုတ်ပါဘူး.. :)

    ReplyDelete
  5. ဖတ်ကောင်းကောင်းနဲ့ ဖတ်လာလိုက်တာ ပြီးကာမှ
    စိတ်ကူး သက်သက်တဲ့ ယုံဘူး :p။

    ReplyDelete
  6. မယုံနေအေ့.. အာ့ စိတ်ကူးယဉ်.. :P

    ReplyDelete