Pages

Sunday 9 December 2012

မလွတ်မြောက်သေးသော အတိတ်ဟောင်း


“လင်း.. မြလင်း”

ရုတ်တရက် ခေါ်လိုက်သံကြောင့် အလုပ်ထဲ အာရုံရောက်နေသော လင်းတစ်ယောက် ဆတ်ခနဲ ခေါင်းမော့ကြည့်မိလိုက်သည်..

“နွယ်နီ”

အာမေဋိတ်သံနဲ့အတူ လင်းရဲ့ အံ့သြစိတ်က စိတ်ရှုပ်ထွေးမှုပါ ရောနှောသွားခဲ့ပြန်တယ်.. လင်းရဲ့ စကားသံနဲ့အတူ နွယ်နီတစ်ယောက် လင်းအနား ရောက်ရှိလို့ လာခဲ့တယ်..

“မင်း.. ရှောင်ပုန်းလှချည်လား .. လင်းရယ်”

နွယ်နီ့ဆီက မှတ်ချက်ချသံကို ဖြေရှင်းမှုဝေးစွာ ခေါင်းငုံ့နေခဲ့ရပြန်သည်။ ဒီလိုတွေ မဖြေရှင်းချင်၊ ဖြေရှင်းချက်တွေ မကြားချင်လို့ အားလုံးနဲ့ ဝေးရာ လင်း ပြေးထွက်ခဲ့တယ်ဆိုတာ နွယ်နီတစ်ယောက် သိမှသိပါ့မလား။ သိအောင်လဲ လင်း မပြောပြချင်တော့ပေ။ ပြီးခဲ့ပြီပဲ..


“တို့တစ်တွေ မတွေ့ရတာ .. ၂ နှစ်တောင် ရှိခဲ့ပါပေါ့လား.. လင်းရယ်..”

                                                                                    …………



ဘွဲ့ရပြီဆိုတာနဲ့  ဖေဖေရဲ့ ..
 
“ကဲ.. သမီး.. လူရိုသေ၊ ရှင်ရိုသေ ဘွဲ့လည်းတစ်ခု ရခဲ့ပြီ.. အဲဒီတော့ လူဆိုတာ အလုပ်လုပ်ရမယ်.. ငါ့သမီး အလုပ်တစ်ခု ရှာဝင်တော့.. ဘာအလုပ်ဖြစ်ဖြစ်.. အလုပ်ရှိရင်ကိုပဲ.. ဂုဏ်ရှိတယ်.. အရောင်းစာရေးပဲ ရရ.. ရုံးစာရေးပဲ ရရ.. အလုပ်တစ်ခု ရှာတော့..”

ဆိုတဲ့ ဖေဖေ့စကားကြောင့်.. ဘွဲ့လက်မှတ်တစ်ခုနဲ့ ဆာတီဖီကိတ်လက်မှတ်အချို့ကို ကိုင်ပြီး လင်းတစ်ယောက် အလုပ်ရှာလိုက်တာ.. အခု .. လူရိုသေ၊ ရှင်ရိုသေ..  အလုပ်တစ်ခု ရရှိခဲ့ပါပြီ..

ရုံးစတက်ရတဲ့နေ့က.. အူလည်လည်နဲ့ ရုံးရောက်လာတဲ့ လင်းအနားကို .. ချစ်စရာကောင်မလေးတစ်ယောက် ရောက်လာပြီး.. မင်းရော ဝန်ထမ်းအသစ်ပဲလား.. ဆိုတဲ့စကားနဲ့အတူ နှုတ်ဆက်လာခဲ့တယ်.. 

“ဟုတ်ကဲ့”

ဆိုတဲ့ စကားအဆုံးမှာ..

“ကိုယ့်အမည် နွယ်နီသွေး.. ကိုယ်လဲ ဝန်ထမ်းအသစ်ပဲ.. မင်းအမည်က..”

ဆိုတဲ့ နှုတ်ဆက်အမေးစကားကြောင့်

“ကျွန်မအမည်.. မြလင်းခြည်ပါ..”

လို့ ဖြေကြားရင်း လင်းနဲ့ နွယ်နီ စတင် သိကျွမ်းခဲ့ရတယ်။

အဲဒီနောက်တော့ ကုသိုလ်ကံကပဲ လင်းတို့နှစ်ယောက်ကို နီးစပ်စေခဲ့တယ် ထင်ပါရဲ့.. အလုပ်ခန့်တဲ့ ဝန်ထမ်းတွေ အများကြီးထဲမှာမှ လင်းနဲ့ နွယ်နီ.. တစ်ဌာနထဲ တာဝန်ချထားခြင်း ခံခဲ့ရတယ်..
                                                                                    ……….



လင်း လို့ လင်းကိုယ်လင်း ပြောတတ်တာကို ကြည့်ရင်း.. 

“ကိုယ်.. မင်းကို .. လင်း လို့ပဲ ခေါ်မယ်နော်.. မြလင်းခြည်”

လို့ ဆိုလာတဲ့ စကားသံနဲ့အတူ

“ကိုယ့်ကိုတော့ နွယ်နီလို့ပဲ မင်းခေါ်ပါ.. ကိုယ့်အမည်ထဲက နောက်ဆုံး သွေးဆိုတဲ့ စကားကို ကိုယ် မုန်းလို့..”

ဟု သူကိုယ်တိုင်ပဲ သူ့အမည်ကို ရွေးပေးခဲ့ကတည်းက နွယ်နီဟာ လင်းရဲ့ စိတ်ကို၊ လင်းရဲ့ဘဝကို နိုင်စားတော့မယ့်သူလို့ လင်း သတ်မှတ်ခဲ့သင့်တယ်လေ.. ဒါပေမဲ့လည်း…


ဒီလိုနဲ့ လင်းတို့ ခင်မင်ကျွမ်းဝင်ခဲ့ကြတယ်.. သက်တူရွယ်တူ.. ရာထူးတူ သူငယ်ချင်းနှစ်ယောက်.. စားအတူသွားအတူလောက် မဟုတ်ခဲ့ပေမဲ့ ညီအမတွေလို ဖြစ်ခဲ့ရတယ်..


ရုံးက အပေါင်းအသင်းတွေကတော့ ပုံသဏ္ဍာန်မတူတဲ့.. ရဲတင်းတဲ့ပုံစံနဲ့ ချောမောလှပတဲ့ နွယ်နီနဲ့ ရိုးရိုးရှင်းရှင်း ပုံတုံးတုံးနဲ့ လင်းတို့နှစ်ယောက် ဘာလို့ အဲဒီလောက်တောင် ရင်းနှီးကြတာလဲလို့ အမြဲ အံ့အားသင့်ခဲ့တယ်.. 


ဘာကြောင့်ရယ်တော့ မသိခဲ့ပေမဲ့.. မရွံ့တရွံ့ လူကြောက်လိုပုံစံနဲ့ လင်းအတွက် အမြဲ ရှေ့က မားမားမတ်မတ် နွယ်နီ ရပ်ပေးခဲ့သလို.. နွယ်နီလိုအပ်သမျှကို မညီးမညူ လုပ်ပေးတတ်ခဲ့တဲ့ လင်းတို့.. ညီအမတွေလို ရင်းနှီးချစ်ခင်ခဲ့ကြတယ်.. အဲဒါတွေဟာ လေမုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ ရာသီဥတုအခြေအနေတွေလိုပါပဲလို့.. ခုအချိန်မှာ လင်း သိခဲ့ရပြီလေ.. 


တဖြည်းဖြည်းအနေကြာလာတဲ့အချိန်မှာ နွယ်နီနဲ့ ပတ်သတ်သမျှကို လင်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်.. အပြင်ကမ္ဘာက နွယ်နီ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း လင်းတစ်ယောက် ရင်းနှီးခဲ့တယ်လေ.. အဲဒီက စတာပဲပေါ့..


နွယ်နီ့အပေါင်းအသင်းတွေထဲမှာ နွယ်နီသိပ်ချစ်၊ သိပ်အားကိုးရတဲ့ ကိုကိုတစ်ယောက်.. ပါဝင်နေမှန်း၊ လင်းအတွက်.. မဟာဒုက္ခကြီး ပါဝင်လာမယ်မှန်း လင်း.. ဘယ်လိုလုပ် ကြိုသိနိုင်ခဲ့မှာတဲ့လဲ.. 

                                                                                                ………….



“လင်း… ဒါ ငါပြောပြောနေတဲ့ ကိုကိုလေ..”
 
ဆိုတဲ့ စကားသံနဲ့အတူ အတူထိုင်နေကျ လက်ဖက်ရည်ဆိုင်ထဲ နွယ်နီနဲ့အတူ လူတစ်ယောက် လှမ်းဝင်လာခဲ့တယ်.. သားနားသပ်ရပ်တဲ့ ပုံစံမဟုတ်ပေမဲ့… ကြည့်လိုက်တာနဲ့တင်.. အားကိုးဖော်၊ တိုင်ပင်ဖော်တစ်ယောက်အဖြစ် တည်ရှိနေတဲ့ သူ့သဏ္ဍာန်က နွယ်နီပြောပြောနေတဲ့ ပုံစံတွေနဲ့ ကိုက်ညီလို့ နေခဲ့ပြန်တယ်.. 


လွင်နော်.. ခွန်လွင်နော်.. ထိုအမည်ကို လင်း စိတ်ထဲ အကြိမ်ကြိမ် ရေရွတ်မိရင်း.. အပြင်လက်ရှိအခြေအနေမှာတော့ ထိုသူဆီသို့ ပြုံးပြမိခဲ့သည်.. ဒီလိုနဲ့ လင်း.. နွယ်နီ့ကိုကိုနဲ့ ရင်းနှီးခဲ့တယ်..


နွယ်နီ့နည်းတူ.. ကိုကိုလို့ ခေါ်ရင်း.. ကိုကိုတစ်ယောက် လင်းအနားသို့ ရောက်ရှိခဲ့တယ်.. နွယ်နီဆိုးသမျှတွေ.. နွယ်နီအနိုင်ကျင့်သမျှတွေကို ဝေမျှပြောဆိုရင်း.. နွယ်နီ့အပေါ် ခွင့်လွှတ်သည်းခံဖို့ အကြိမ်ကြိမ်နားချရင်း.. ကိုကိုနဲ့ လင်း ရင်းနှီးခဲ့ရတယ်..


တစ်နေ့…

“လင်း.. ကိုယ် ချစ်သူရပြီ..”

ဆိုတဲ့ နွယ်နီ့စကားနဲ့အတူ.. လင်းတစ်ယောက် ခေါင်းချာချာလည်သွားတော့သည်..  

“ဒါဆို ကိုကိုကရော…”

ဆိုတဲ့ လင်းရဲ့စကားနောက်မှာ နွယ်နီ့ရဲ့ ရီမောသံက ကပ်ပါလာခဲ့လေသည်..

“လင်းက .. ကိုယ့်ကို .. ကိုကိုနဲ့လို့ ထင်နေတာလား..”

“မဟုတ်ပါဘူး လင်းရယ်.. ကိုကိုဆိုတာ.. ကိုယ့်အတွက် တိုင်ပင်ဖော်၊ တိုင်ပင်ဖက် အကိုလိုနေရာကပါ..”

ဆိုတဲ့ စကားအဆုံးမှာတော့.. သြော်.. ဆိုတဲ့ အံ့အားသင့်သံနဲ့အတူ လင်း ခေါင်းငြိမ့်မိပါတော့သည်.. အဲဒီနောက်တော့ နွယ်နီတစ်ယောက်.. သူ့ချစ်သူအကြောင်း ရေပက်မဝင်အောင် ပြောဆိုရင်း.. ကိုကိုဆိုတဲ့ ကိုခွန်လွင်နော်ကို မေ့ပစ်တဲ့အထိ ဖြစ်သွားပါတော့သည်..


ဒီလိုနဲ့ ကိုခွန်လွင်နော်ဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပြီလို့ လင်း ထင်မိခဲ့တယ်.. ဒါပေမဲ့ အထင်နဲ့အမြင်ဆိုတာ လွဲတတ်မှန်း စနေတစ်ညနေမှာ သိခဲ့ရပြန်တယ်.. 

                                                                         ……………………….



 
မရောက်တာကြာတဲ့ ရွှေတိဂုံဘုရားကို ဖေဖေ၊ မေမေတို့နဲ့အတူ သွားမိတာက လင်းအတွက် ကံကို ကြိုမမြင်နိုင်ခဲ့တာတစ်ခုပါပဲ.. ဘုရားရင်ပြင်တော်ပေါ်မှာ ဝတ်ပြုဦးချနေတဲ့ လင်းရဲ့နံဘေးက ချွတ်ကနဲအသံကြောင့် ဘုရားရှိခိုးအပြီး ငဲ့စောင်းကြည့်မိတော့.. 

“လင်း.. ဘုရားလာတာလား..” 

ဆိုပြီး ပြုံးရယ်နှုတ်ဆက်နေတဲ့ သူ့ကို တွေ့မိလိုက်လေသည်.. သူ့အမေးကို ခေါင်းငြိမ့်ဖြေဆိုရင်း ဘေးမှာ ရှိမနေတဲ့ ဖေဖေနဲ့မေမေ့ကို အလျင်အမြန် လိုက်ရှာကြည့်မိပြန်သည်.. 


“လင်းမိဘတွေလား.. ဟိုနားမှာ ကိုယ်တွေ့လိုက်တယ်..” 

ဆိုတဲ့ စကားသံအပြင်

“မတွေ့တာတောင် ကြာပြီ.. အဆင်ပြေရဲ့လား.. နွယ်နီရော .. လင်းကို နှိပ်စက်တုန်းလား..”

ဆိုတဲ့ မေးခွန်းတွေ တသီတတန်းကြီး လင်းဆီ ဝင်ရောက်လာပါတော့တယ်.. မေးသမျှကို ဖြေဆိုရင်း.. လျှာရှည်မိတာက.. 

“ကိုကို .. နွယ်နီနဲ့ မတွေ့ဖြစ်ဘူးလား..” 

ဆိုတဲ့ အလိုက်မသိတတ်တော့ လင်းရဲ့စကားတစ်ခွန်းကို .. ပြုံးရယ်ကာ ကိုကို ဖြေခဲ့တယ်..


“အင်း.. တစ်ခါတစ်ခါတော့လဲ တွေ့ဖြစ်ပါတယ် .. လင်းရယ်.. အရင်က ကိစ္စတော်တော်များများ ကိုကို့ကို တိုင်ပင်ခဲ့ပေမဲ့.. အခုတော့ သူ့ချစ်သူ၊ သူ့ရည်းစားသာ သူ့အတွက် ကိုးကွယ်ရာဖြစ်ပြီ ထင်ပါရဲ့.. ကိုယ်က အဖြည့်ခံရယ်ပေါ့လေ.. နွယ်နီက အဲလိုပဲ လင်းရဲ့.. လင်းလဲ သိမှာပါ..” 


မချိပြုံး ပြုံးရင်း ကိုကို ပြောတော့ .. မေးမိသွားတာကိုပဲ လင်း အားနာလို့ မဆုံးဖြစ်ခဲ့ရပြန်တယ်.. အဲဒီနောက်တော့ ကိုကိုနှင့် ဖေဖေတို့ကို မိတ်ဆက်ပေးရင်း.. ကိုကိုတစ်ယောက် နွယ်နီ့ဆီကနေ လင်း ဘဝထဲ ဝင်လာခဲ့ပါတော့တယ်…


                                                                              ……………………




ညတိုင်းနီးပါး ဖုန်းဆက်စကားပြောခဲ့ရာက စလို့.. ကိုကိုတစ်ယောက် .. လင်းဘေးကို အလျှင်အမြန် ရောက်ရှိလို့ လာခဲ့တယ်.. 

“လိုအပ်တာရှိရင် ကိုကို့ကို ပြောနော်.. လင်းရဲ့ ဘေးမှာ.. ကိုကို ရှိနေမယ်"
 
ဆိုတဲ့ ဂရုစိုက် စကားတွေထဲမှာ လင်းတစ်ယောက် နစ်မြုပ်လု ဖြစ်ခဲ့ရပြန်တယ်.. ကုန်ကုန်ပြောရရင်.. နွယ်နီ့ကိုတောင် .. ကိုကိုနဲ့ ဆက်သွယ်ဖြစ်နေတယ်ဆိုတာ မပြောနိုင်အောင် .. လင်းတစ်ယောက်.. ကိုကို့အညုအချွဲမှာ အာစေးမိခဲ့သလို ဖြစ်ခဲ့ရတယ်..

ဒီလိုနဲ့ သိပ်မကြာတဲ့ ကာလမှာပဲ.. စိတ်နုတဲ့ လင်းတစ်ယောက်.. ကိုကို့ ဟန်ဆောင်လိမ်ညာမှုတွေအောက် ယုံကြည်ထင်မှတ်လို့ ဝပ်စင်းရောက်ခဲ့ရတယ်.. 

ဘာပဲပြောပြော.. ဘယ်လောက်ပဲ ခိုးကြောင်ခိုးဝှက် လုပ်လုပ်.. မကြာခင် ပေါ်တတ်တာမို့.. သိပ်မကြာခင်မှာပဲ.. နွယ်နီတစ်ယောက်.. ကိုကိုနဲ့ လင်းအကြောင်းကို သိခဲ့တယ်..

“မဆိုးပါဘူး.. လိုက်ပါတယ်” 

ဆိုတဲ့ ပြတ်တောင်းတောင်း နွယ်နီ့စကားတွေထဲမှာ ရွေးချယ်မှု မှန်ကန်တယ်လို့.. လင်း ထင်ခဲ့မိတယ်..


                                                                      ……………………




ဒါပေမဲ့လည်း.. လင်း ထင်မှတ်ခဲ့တာတွေ.. ပျော်ရွှင်ခဲ့တာတွေဟာ.. ၃ လ တောင် မခံခဲ့ပါလားလို့.. မကြာခင် အချိန်အတွင်းမှာ သိခဲ့ရတယ်.. လုယူခဲ့တာလဲ မဟုတ်ပါပဲနဲ့.. ကုသိုလ်ကံကပဲ ခေတာလား.. သံယောဇဉ်ဆိုတဲ့ ကြိုးကိုပဲ မဖြတ်နိုင်ခဲ့တာလား မသိ.. မကြာခင် အချိန်အတွင်းမှာ.. ကိုကိုတစ်ယောက် အချိုးပြောင်းလို့ လာခဲ့ပါတယ်..


ချိန်းလိုက်တိုင်း အကြောင်းအမျိုးမျိုးပြလို့ နေခဲ့ရုံတင်မက.. ဘယ်က ဘယ်လိုပေါ်လာတဲ့ လုပ်ငန်းတွေရယ် မသိ.. တွေ့ဖို့ ဝေးစွ.. ဖုန်းကလေး ပြောဖို့တောင် အကြိမ်ကြိမ် ကြိုးစားလို့ နေခဲ့ရပြန်တယ်..


နောက်ပိုင်းမှာ သိလာတာကတော့.. ကိုကိုတစ်ယောက်.. လင်းနဲ့ ဝေးရာ ပြေးလို့.. နွယ်နီ့ရင်ခွင်ဆီ ခြေပြန်လှမ်းနေတယ်ဆိုတာပါပဲ.. သိပ်ချစ်ပါတယ်.. သိပ်ခင်ပါတယ်ဆိုတဲ့ နွယ်နီ့ဆီကလည်း.. လင်း မသိရလောက်အောင်ကိုပဲ.. ဒီအကြောင်းတွေ တိတ်ဆိတ်ငြိမ်သက်လို့.. လင်းကို ဥပေက္ခာ ပြုလို့ နေခဲ့ပြန်တယ်..


နေ့တိုင်းနီးပါး.. စားအတူ၊ သွားအတူ ပျော်ရွှင်ခဲ့တဲ့ လင်းတို့နှစ်ယောက်ရဲ့.. အခြေအနေကလဲ.. လူမြင်မကောင်းလောက်အောင်ကိုပဲ.. ဆွံ့အနေခဲ့ပြန်တယ်.. အပေါင်းဖော်တွေရဲ့ကြားမှာ .. လင်းနဲ့ နွယ်နီ.. ရန်များဖြစ်ထားကြသလားလို့.. မေးရလောက်အောင်ကို.. သွေးအေးသွားခဲ့တယ်..


                                                                      …………………………..




အဲဒီနောက်ပိုင်းတော့.. ရှက်တတ်သော၊ စိတ်နုသော၊ အားငယ်တတ်သော လင်းတစ်ယောက် .. ဘယ်သူ့ကိုမှ အပြစ်မပြောတော့ပဲ.. အချိုးပြောင်းက ပစ်ခွာထားတဲ့ ကိုကို့ရဲ့ ဆက်သွယ်မှုကိုပဲ လူမသိ၊ သူမသိ စောင့်မျှော်လို့သာ နေခဲ့ပါတော့တယ်.. နွယ်နီနဲ့ ကိုကိုရဲ့ နောက်ကွယ်က ဆက်သွယ်မှုတွေကိုလည်း.. ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်နိုင်တော့ပဲ.. အဖြစ်အပျက်တွေကို အတတ်နိုင်ဆုံး မေ့ထားလို့.. အလုပ်ထဲနဲ့ ဘုရား၊တရားဘက်ကိုသာ အာရုံပြုလို့ နေခဲ့ရပြန်တော့တယ်..


ဒါပေမဲ့လည်း.. တခါတခါတော့လည်း ဘာတွေ ဘယ်လိုစိတ်ညစ်တာကြောင့်လည်း မသိ.. စိတ်လိုလက်ရ ဆက်သွယ်မှုတွေကို.. ဝေဒနာအပွားခံလို့ .. လင်း ကြုံခဲ့ရပြန်တယ်.. အဲဒါတွေကို စိတ်နာပါသလားဆိုရင်တော့.. မနာနိုင်ပဲ ဖြစ်ခဲ့ရပြန်တယ်.. ဒီလိုနဲ့ လင်းတစ်ယောက်.. အဖြေဆိုတာ သေချာ မသိတဲ့.. မပြတ်မသား ဘဝကြီးနဲ့ .. ရက်အတော်ကြာကြာ နေခဲ့ရပြီးနောက်.. တစ်နေ့မှာ..


“လင်း.. ငါ တောင်းပန်ပါတယ်.. နင်.. ကိုကို့ကို မေ့လိုက်ပါတော့”

ဆိုတဲ့ စကားသံနဲ့အတူ.. နွယ်နီတစ်ယောက်.. လင်းစိတ်ကို ဇောက်ထိုးမှောက်ခုံ လုပ်ခဲ့ပါတော့တယ်..

“ငါနဲ့ ကိုကို… လွန်ခဲ့ပြီ”

ဆိုတဲ့ နွယ်နီ့နှုတ်က တီးတိုးသံက.. လင်းရင်ထဲတော့.. ကျယ်လောင်မြည်ဟီးသွားခဲ့ပါတော့တယ်..

အဲဒီနောက်တော့ ဆောက်တည်ရာ မရတဲ့ လင်းတစ်ယောက်.. နွယ်နီနဲ့ ဝေးရာ ပြေးထွက်ခဲ့ပါတော့တယ်.. ဘယ်လောက်ဝေးဝေး.. ဝေးပါစေဆိုတဲ့ စိတ်နဲ့… လျှောက်လို့ရသမျှ .. နယ်တိုင်းကို လျှောက်လို့ ပြောင်းရင်း.. နွယ်နီနဲ့ ကိုကို့အကြောင်း.. မကြားနိုင်လောက်တဲ့.. နယ်တကာကို လှည့်ခဲ့တာ.. ၂ နှစ်တောင် ပြည့်ခဲ့ပြီတဲ့လား.. အခုတော့.. အဲဒီလို ပြေးပုန်းနေတဲ့ လင်းကို.. မရမက လိုက်ရှာလို့ ဝေဒနာတွေ အသစ် ပြန်ဖြစ်စေခဲ့ပြန်ပြီလေ..


ဘယ်လိုအကြောင်းနဲ့ပဲ ရောက်ရောက်.. လင်းရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တဲ့.. နွယ်နီ့ကို.. မချိပြုံး.. ပြုံးပြကြိုဆိုရင်း.. နောက်ထပ် ကြုံလာမယ့်.. အခြေအနေတွေကို တွေးကြောက်လို့.. လင်း တစ်ယောက်.. ရင်မောလို့ နေပါတော့တယ်.. … ……


                                                                           .....................



 ကေပိုး
9:00 PM.
9.12.2012.
(ကိုယ်တိုင်ရေး ဝတ္ထုပိစိတို)



2 comments:

  1. ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ် အဲလိုသူငယ်ချင်မျိုးမလိုချင်ဘူးကွယ်

    ReplyDelete
  2. စိတ်ထဲမကောင်းလိုက်တာ ။

    ReplyDelete