Pages

Monday 10 December 2012

ဆောင်းလွမ်းပန်းချီ

ကတိုက်ကရိုက်.. ကသောကမျော.. မနက်ခင်းတိုင်းက ကျွန်မအတွက်တော့ ထူးဆန်းမှုမရှိ .. အသားကျ လို့ နေပြန်သည်.. ဒီနေ့လည်း.. အရင်နေ့တွေအတိုင်း .. မိုးလင်းတာနဲ့ ရုံးသွားဖို့ ပြင်ဆင်လို့.. ဖယ်ရီရောက် ချိန် မနက်ခင်း.. ဖယ်ရီမှီဖို့.. အိမ်က အလျင်အမြန် ပြေးထွက်ခဲ့ပြန်ပါသည်.. အိမ်ဝကအထွက်.. လမ်းဘေး ဆီက မြက်ခင်းတစ်ချို့ကို နင်းမိစဉ်ခဏ.. စိုရွှဲသွားတဲ့ ဖိနပ်ကို ကြည့်မိရင်း.. ဒေါသက ထစ်ခနဲ ထွက်သွားခဲ့ ရပြန်သည်.. ဖိနပ်ရေစိုတာကို.. မုန်းတာကြောင့်ကိုး...


ဒေါသနဲ့ ကြည့်မိတဲ့ မြက်ခင်းပြင်.. အို.. အလွန့်ကို လှပလို့ နေခဲ့ပြန်တယ်.. မြက်ပင်ကလေးတွေကို ကြည့်ရင်း ခေါင်းထဲ လက်ကနဲ သတိရသွားတာက သီချင်းတစ်ပုဒ်..

တိုးတိုးလေး တဖန်.. ညည်းမိပြန်သည်..
ဆောင်းပန်းချီ.. ခြုံလွမ်းလို့  ချမ်းလှပြီတကယ်
နှင်းရည်.. စိုလူးလို့  ဖျန်းပက်ကျီစယ်

 
ဖွေးဖွေးဖြူတယ်.. နှင်းကလေးတွေရယ်
သတင်းစကားပြောလို့ .. ဖြစ်နိုင်ရင်တကယ်
ချစ်သူလေးထံ.. ပြန်လာခဲ့ ဖို့ ပြောပေးပါကွယ်

ဆိုလား.. စာသားတွေ မှန် မမှန်တော့ ကျွန်မ မသိ.. ဒါပေမဲ့ မှတ်မှတ်ရရ.. အဲဒီသီချင်းကို ညည်းဆိုမိ
ခဲ့ပြန်သည်.. အော်.. ဘာလိုလိုနဲ့ .. ဆောင်းရောက်ပြန်ပြီပေါ့..


ဆယ့်နှစ်လရာသီရဲ့ နွေ၊ မိုး၊ ဆောင်း သတ်မှတ်ပုံက တစ်မျိုးတော့ ထူးလှပြန်သည်.. နွေမရောက်ခင် ပူပြင်းလှသလို.. မိုးမရောက်ခင် မိုးရွာသွန်းတာကလည်း.. အလွန်အကျွံပင်.. အဲ.. ဆောင်းကျပြန်တော့လည်း.. ဆောင်းဦးဆို ပူလို့.. ဆောင်းကုန်ခါနီး အချိန်လောက်မှ လှိမ့်အေးတတ် တာက.. မြန်မာ့သဘာဝ တစ်ခုလို ဖြစ်လို့နေပြန်သည်.. အခုလည်း.. ဆောင်းဦး မဟုတ်တဲ့ ဆောင်းလယ်၊ ဆောင်းနှောင်းမှ.. လှိမ့်လို့ အေးတာ ကြုံရပြန်လေသည်.. ဒါပေမဲ့.. လူတော်တော်များများကို လိုက်လံစစ်တမ်းကောက်ကြည့်မယ်ဆိုရင်.. ဆောင်းဆိုတဲ့ ဥတုရာသီကိုမှ.. ကြိုက်ပါတယ်ဆိုတဲ့ သူတွေ လှိမ့်လို့ ထွက်လာမှာ ကြိမ်းသေလို့ပင်.. ပို၍ ကြိမ်းသေတာက.. မိုး မှာမွေးတဲ့ ကျွန်မ .. မိုးတွင်းသာမက.. ဆောင်းကိုပါ ကြိုက်နှစ်သက် ပြန်သတဲ့..


ဖယ်ရီကားဆိုက်ရာ.. ဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်.. ဘေးမြက်ပင်ရိုင်းတွေမှာ ခိုသီးနေတဲ့ နှင်းရည် စိုမြမြကလေးတွေကို ကြည့်မိရင်း.. ကျွန်မ.. ငယ်ဘဝကို သတိရမိပြန်သည်.. ဖြူစင်လွန်းတဲ့ ငယ်ဘဝ ရဲ့.. ပျော်ရွှင်ရာ အချိန်တွေထဲမှာ ကျောင်းသွားဖော်လမ်းမတွေလဲ ပါလို့ နေခဲ့ပြန်တယ် .. ဆောင်းမနက်စောစောစီးစီး.. ကျောင်းအသွားလမ်းဘေးက.. နှင်းရည်စိုရွှဲနေတဲ့ ထိကရုန်းလေးတွေကို တို့ထိဆော့ကစားခဲ့တာတွေက.. အခုအချိန် ပြန်စဉ်းစားမိရင်.. တစ်ချိန်က မြတ်ဝင်းထိန်ကာတွန်း ဇာတ်လမ်းတွေလိုပင်.. သူငယ်ချင်းအပေါင်းအသင်းတွေနဲ့.. အော်ဟစ်ပြေးလွှားလို့.. ကုလားမကောင် ဆိုတဲ့.. အကောင်မဲမဲလေးတွေကိုလည်း.. လက်ခုပ်ထဲ ရောက်ရေး.. အပြေးအလွှား.. ဖမ်းကစားခဲ့ဖူး တာတွေ.. ဘာရယ်မဟုတ်. ရိပ်ကနဲ.. အတွေးထဲ ခဏ ပြန်မြင်ယောင်လာခဲ့ပြန်သည်..


ဟော.. အရွယ်လေး ရလာပြန်တော့.. ဆောင်းတွင်းအလွမ်းက.. နောက်တစ်မျိုး ဖန်ရပြန်သည်.. မှတ်မှတ်ရရ.. ၉၉ / ၂၀၀၀ ပတ်ချာလည်နှစ်တွေက.. ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်က.. ရင်ထဲ အမြဲ စွဲမှတ်ထင်စေပြန်သည်.. ကလေးသာသာအရွယ်ပေမဲ့.. မျက်လုံးထဲ မြင်ယောင်စေတာက.. တူညီ ထရက်ဆုအဖြူလေးတွေနဲ့ .. ပြေးလွှားနေတဲ့.. သရုပ်ဆောင်ကလေးနှစ်ယောက်.. အဲဒီနောက်က လှပတဲ့ ရှုခင်း.. ကြည့်ခဲ့တဲ့ ရုပ်မြင်သံကြားက ထွက်လာတဲ့ သီချင်းသံက..

မနက်ခင်းတိုင်း.. မနက်တွေတိုင်း
တို့နှစ်ဦး.. ပျော်ဖူးခဲ့တယ်
အခိုင်မြဲဆုံး.. အရိုးသားဆုံး
ရင်မှာ.. သံယောဇဉ်ကြိုး ငြိတွယ်..

သရုပ်ဆောင် ၂ယောက်ကို ကြည့်ရင်း.. အားကျတာရယ်တော့ မဟုတ်.. ဒါပေမဲ့လည်း.. သရုပ်ဖော်ပုံလေးတွေက ကြည်နူးစရာ.. သီချင်းလေးကလည်း.. နစ်မြောခံစားစရာ.. ဆောင်းတွင်းသရုပ်.. ပီပြင်လွန်းလို့ နေခဲ့ပြန်သည်.. ဘာရယ်မဟုတ်ပေါင်းများစွာနဲ့ပဲ.. ဆောင်းတွင်းရောက်ရင်..
ဒီသီချင်းလေးကို အလိုလို သတိရမိပြန်သည်..


ဆောင်းဆိုသည်က အေးမြခြင်းကို အဓိပ္ပါယ်ဆောင်တယ်.. ဆိုတာ.. တကယ်လား၊ ဟုတ်ရဲ့လားလို့ မေး ရလောက်အောင်.. ဆောင်းခိုးအလွမ်းတွေ ဝေခဲ့ဖူးပြန်သည်.. မေမေ့ကို.. လိုက်ခဲ့ပါ.. လိုက်ခဲ့ပါ .. အခါခါ ခေါ်တာ မရတာကြောင့် .. အမြဲလိုလိုဆောင်းမနက်ခင်းတိုင်း သွေးပူလေ့ကျင့်ခန်း လုပ်မိတာက.. စိတ်တူကိုယ်တူ သားအဖနှစ်ယောက်တည်းရယ်ပါ.. အနွေးထည်ထူထူတွေဝတ်လို့.. သိုးမွှေးဦးထုပ် 
တွေ ဆောင်းရင်း.. နေမထွက်ခင် မနက်ခင်းတိုင်း.. ပြေးလွှားလေ့ကျင့်ခဲ့တာတွေက.. ဒီအဖေနဲ့ ဒီသမီး.. လိုက်လို့ နေပြန်သည်.. ဒါပေမဲ့.. ဒီလိုအခြေအနေတွေ.. ဒီတစ်သက်ပြန်မရနိုင်တော့တာက လည်း.. ဆွေးမြည့်စုတ်ပြဲသွားတဲ့.. ထုရက်ဆုဝတ်စုံတွေလိုပင်..


ဒါတင်ပဲလားဆိုတော့.. မဟုတ်ပြန်ပေ.. ငယ်ဘဝက သားအဖနှစ်ယောက်.. ပြေးလွှားလေ့ကျင့်ခဲ့ကြပေမဲ့.. အချိန်တန်အရွယ်ရောက်လို့.. လောကကြီးကို ခေါင်းပြူဖို့.. စာသင်ကျောင်းတွေက ထွက်လို့.. အသုံးချဖို့ရာ... သင်တန်းတွေ တက်တော့.. သင်တန်းချိန်က မနက် ၆ နာရီဆိုပဲ.. မနက်စောစော တက်ရမယ့် သင်တန်းအတွက်.. မိုးမလင်းမီ ထ ပြင်ဆင်လို့.. ကားဂိတ်လိုက်ပို့ပေးသူက.. သမီးကို ချစ်လှစွာသော ဖခင်.. နှင်းတွေ ဝေတဲ့ ဆောင်းမနက်ခင်းတိုင်း.. အနွေးထည် ထူထူဝတ် ... ခြေအိတ်လက်အိတ်တွေ စွပ်လို့.. ခေါင်းပေါ်မှာ သိုးမွှေးဦးထုပ်လေး တစ်လုံးနဲ့.. နှင်းတောတိုး ကျောင်းတက်ရတဲ့ သမီးကို.. ချမ်းစီးနေတဲ့ ရာသီကြီး.. ကားဂိတ်အရောက် လိုက်ပို့ပေးတာက.. ဖခင်မေတ္တာကို လှစ်ကာ ပြနေသလိုပင်.. ဘာပဲပြောပြော.. အဲဒီအချိန်တွေက.. ဇန်နဝါရီ၊ ဖေဖော်ဝါရီတွေတဲ့.. ဒီလိုနဲ့ တဆောင်းသစ်ခဲ့ပြန်ပြီလေ..


အချိန်တွေ ကုန်လို့.. ရက်တွေ ပြောင်းတော့.. တဆောင်းပြီး တဆောင်း.. ရောက်လာခဲ့ပြန်ပေါ့..​ မနှစ်က 
ဆောင်းက ဒီနှစ်ဆောင်းထက်.. အေးသတဲ့.. ပညတ်ချက်တွေလိုလို.. သတ်မှတ်ချက်တွေလိုလို.. သေချာ တာကတော့ .. ဆောင်းတွင်း အေးတာပါပဲ.. ပူလောင်တဲ့ ခံစားချက်ဆိုတာ.. မည်သူတစ်ဦးတစ်ယောက်မှ သဘောကျတာ မဟုတ်တာမို့.. အေးချမ်းလှတဲ့ ဆောင်းသဘာဝကို နှစ်သက်သူ ပေါများလွန်းလှပေသည်.. ဘယ်လိုပဲဖြစ်ဖြစ်.. အေးမြတဲ့ ဆောင်းရာသီရဲ့.. ခိုက်ခိုက်တုန်အောင် ချမ်းတတ်တဲ့ မြောက်ပြန်လေက.. ရူးသွပ်လောက်အောင် ကျောထဲ စိမ့်အေးတာမို့.. ဒီတစ်ဆောင်းလဲ အလိုလို လွမ်းခဲ့ရပြန်ပြီလေ...




ကေပိုး
11:00 PM.
10.12.2012.

4 comments:

  1. ပိုးလေးရေ.....
    ဖတ်ပြီးလွမ်းလိုက်တာနော်
    မေမေနဲ့ဖုန်းပြောဖြစ်တော့ အေးတယ်အရမ်းပဲတဲ့ မခံနိုင်လို့ညနေရောက်ရင်
    မီးလှုံနေကြတယ်တဲ့ ငယ်ဘ၀လေးတွေကိုလဲပြန်သတိရမိတယ်........
    မကြာခင်ချယ်ရီတွေပွင့်တော့မယ် ပွင့်တောင်နေပြီထင်တာပဲ...
    မလေးရှာမှာတော့ အဲလိုမအေးဘူး.ပူတယ် အခုထိမိုးကရွာတုန်းပဲ..

    ReplyDelete
  2. ဆောင်းလွမ်းပန်းချီ ပုံဖော်ထားတာ အရမ်းလှတယ် ။

    ReplyDelete
  3. ဒါဆို ပိုးက တောင်ကြီးမှာနေတာလားဟင်..ချစ်မကြီးတို့ ချစ်ကိုကြီးတို့ (မမစံပယ်နဲ့အကိုလွင်ပြင်)
    နဲ့ တမြေထဲကပေါ့နော်...ကောင်းထှာ...မိုးနတ်လဲ ဆောင်းရာသီကို အရမ်းကြိုက်တယ်..
    ဆောင်းကို အရမ်းချစ်တယ်...ဒီမှာလဲအရမ်းအေးတယ်..ရှမ်းပြည်ကိုတော့ မှီဘူးပေါ့...:)
    ခင်တဲ့...မိုးနတ်

    ReplyDelete
    Replies
    1. တောင်ကြီးသူ မဟုတ်ပါဘူးရှင်.. တောင်ပေါ်ဒေသကို ချစ်တဲ့သူ တစ်ယောက်ပါ မိုးနတ်ရေ... လာလည်တဲ့အတွက် ကျေးဇူးပါနော်..

      Delete