Pages

Sunday 21 July 2013

အိမ်



နွေးထွေးရာ .. အေးမြရာ.. နားခိုရာ... ပျော်ရွှင်ရာတွေ အားလုံး စုထားတဲ့ နေရာလေးတစ်ခုက.. အိမ် တဲ့... ကျနော့်မှာ.. အဲဒီလို အိမ်ကလေးတစ်လုံး ရှိပါတယ်.. ရှိခဲ့ပါတယ်.. ရှိနေပါတယ်.. ဒါပေမဲ့.. အဲဒီ အိမ်ကလေးဟာ.. ကျနော့်အပိုင် မဟုတ်ခဲ့ပါဘူး.. စည်းစနစ်နဲ့  အနွေးထွေးဆုံး အပမ်းပြေနားခိုရာဖြစ်ဖို့.. ရှိစုမဲ့စုတွေ ခြစ်ချုပ်လို့.. တည်ဆောက်ခဲ့တဲ့.. ကျနော့်မိဘရဲ့ အိမ်ကလေးပါ..


ဟိုး.. ငယ်ငယ်တုန်းက.. ကျနော် မှတ်မိနေသေးတယ်.. သူများအိမ်မှာ.. ငှားရမ်းနေခဲ့ရတုန်းကပေါ့.. ကိုယ်က ဘယ်လောက်၊ ဘယ်လို ပိုက်ဆံတွေ ပေးပြီး.. ငှားနေဦးပစေ.. အိမ်ရှင်ဆိုတဲ့ မျက်နှာက.. ကျနော်တို့လို အိမ်ငှားတွေအတွက်.. ဘုရားတစ်ဆူနီးနီး ကိုးကွယ်ခဲ့ရတယ်.. ကိုယ်တွေ တွေ့ခဲ့တဲ့ အိမ်ရှင်တွေက.. ဆိုးဆိုးရွားရွား တစ်ယောက်မှ မပါခဲ့ပေမဲ့.. ကျနော့်အချစ်ဆုံးဖခင်ကတော့.. ငါ့အတွက်.. ငါ့မိသားစုအတွက်.. နားခိုရာ အနွေးထွေးဆုံး အိမ်ကလေးတစ်လုံး အပိုင် ရှိသင့်တယ်လို့.. တွက်ချက် ခဲ့တယ်.. တွက်ချက်ခဲ့သလိုပဲ.. အပင်ပန်းးခံ၊ အဆင်းရဲခံ.. ရှာဖွေရသမျှကို စုဆောင်းခဲ့တယ်..



ဒီလိုနဲ့.. ၁၉၉၂ လောက်မှာ.. အခုနေတဲ့ .. ကျနော်တို့အပိုင် အိမ်ကလေးဆီကို .. ကျနော်တို့ မိသားစုပြောင်းလာခဲ့ကြတယ်.. မပြောင်းလာခင်.. တစ်ခေါက်လောက်.. အလည်အပတ်သဘောနဲ့ လာကြည့်မိစဉ်က.. ကလေးပိစိလေး ကျနော်.. နေရာသစ်မှာ.. ပျော်ရွှင်မယ် ထင်ခဲ့တယ်... တကယ်တမ်း ပြောင်းလာတော့မှပဲ.. ရန်ကုန်မြို့ရဲ့ လူနေအထူထပ်ဆုံး၊ အစည်ကားဆုံးအရပ်ကနေ..  မြို့သစ်ဆိုတဲ့ အရပ်ဟာ.. ဘယ်လောက်တောင် စိတ်ညစ်စရာအတိဆိုတာ.. သေချာ သိခဲ့ရတယ်... ဒါပေမဲ့.. အဖေ့အပြောတစ်ခွန်းနဲ့တင်.. ကျနော်တို့မောင်နှမ.. နေရပ်အသစ်မှာ ပျော်အောင် နေနိုင်ခဲ့တယ် ..   အဖေ့စကားက... ဒါ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတဲ့.. ငါတို့အပိုင်အိမ် တဲ့..


လက်ချည်းဗလာဘဝက စ ရုန်းခဲ့တဲ့. ကျနော့်မိဘအတွက်.. ကျနော်တို့အိမ်ဟာ.. ပြောင်းသာ လာနေရ တယ်.. ခြေတံရှည်ချိနဲ့နဲ့သာသာပေါ့.. အပေါ်ထပ်တစ်ခုသာ နေလို့ရသေးတဲ့.. ဒီခြေတံရှည်အိမ်ကြီးမှာ.. ချက်ပြုတ်တော့လည်း.. အပေါ်ထပ်၊ ဆေးကြောတော့လည်း အပေါ်ထပ်၊ အိပ်စရာကလည်း အပေါ်ထပ်နဲ့.. ဒီအပေါ်ထပ်ကလေးမှာ မိသားစု ငါးယောက် ကျပ်တည်းစွာ နေခဲ့ရတာတွေကလည်း.. ကျနော့် အတွက်တော့.. အမြဲ သတိရစရာတွေ ဖြစ်ခဲ့တယ်.. တဖြည်းဖြည်း တတိတိနဲ့ နေထိုင်နေရင်းမှ ထပ်တိုးတက်လာတဲ့.. အိမ်ပီသမှုဟာ.. ကျနော်တို့မိသားစုအတွက်တော့.. ပီတိဖြစ်စရာပါပဲ..


အဲဒီကတည်းက.. အိမ်ဆိုတာကို.. ကျနော် သိပ်ချစ်မြတ်နိုးတတ်ခဲ့တယ်.. အိမ်လှလှလေးတွေ မြင်ရင် လိုချင်စိတ်၊ နေချင်စိတ် .. အပိုင်ရချင်စိတ်တွေ ဖြစ်ခဲ့မိတယ်.. ကျနော်သိတတ်စအရွယ်မှာ.. ကျနော့်မိဘရဲ့ အလုပ်ထဲကို တခါတလေ လိုက်သွားမိရင်း.. လူကြီးအိမ်တွေ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ လုပ်ကိုင်ရတဲ့ အခါမျိုးနဲ့ ကြုံရင်.. မလှပေမဲ့.. အရှိန်အဝါကြီးမားသော.. အဆင့်အတန်းဆိုတဲ့.. အရာတစ်ခု သတ်မှတ်ခြင်းခံရသော.. ဧည့်ခန်းကြီးတွေ၊ အိပ်ခန်းကြီးတွေကို.. ငေးမောသွားရည် ကျဖူးခဲ့တယ်...


အင်ဂျင်နီယာမိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးတွေ.. တစ်ယောက်မှ အင်ဂျင်နီယာဆိုတာ မဖြစ်လာခဲ့ပေမဲ့.. ဘာလို့များ ကျနော် အိမ်တွေကို သိပ်ကြိုက်မိတာလဲလို့.. အခါခါ စဉ်းစားမိခဲ့တယ်.. ဘာကြောင့်မှန်းမသိ.. အိမ်လှလှလေးတွေ.. အိမ်ခန်းလှလှလေးတွေ တွေ့ရင်.. လည်ပြန် ငေးမောတတ်တဲ့.. ကျနော့်အတွက်.. အိမ်ဆိုတဲ့အရာဟာ.. အဓိပ္ပါယ် အမြဲပြည့်ဝနေခဲ့တယ်.. ကျနော့်အတွက်တော့.. အိမ်ဆိုတာဟာ. လှပရုံတင်မှ မဟုတ်တာ.. ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ.. နွေးထွေးမှု အရှိဆုံးနေရာလည်း ဖြစ်တယ်ဆိုတာ.. သိနေနှင့်ခဲ့ပြီးပြီလေ..


မိသားစုတွေ ဆုံညီကြတုန်းက.. ဒီမိသားစု၊ ဒီအိမ်ဂေဟာလေးကို.. အမြဲ နွေးထွေးအောင် ကြိုးစားခဲ့ကြတဲ့.. ကျနော်တို့တတွေ.. သေကွဲ၊ ရှင်ကွဲတွေကို တွေ့ကြုံ ခံစားရပြီးတဲ့နောက်ပိုင်း.. အိမ်ဆိုတဲ့ အရာကို.. ဖယ်ခွာပြီး.. ကိုယ့်လမ်း ကိုယ်လျှောက်ခဲ့ကြပေမဲ့လည်း... ဘယ်တော့မဆို.. နားခိုရာအဖြစ်.. နွေးထွေးနေဆဲက.. မိဘအိမ်ပါပဲ.. တစ်သက်လုံးအတွက် တန်ဖိုးအထားရဆုံး.. အပမ်းပြေရာ နေရာအဖြစ်.. ကျနော်တို့ မောင်နှမတတွေ..  ဒုက္ခတွေ ဝေနေဦးတော့ .. မိဘအိမ်လေးဆီကို.. အပြေးပြန်တတ်တာက.. အကျင့်တစ်ခုလိုပင်.. စွဲမြဲနေခဲ့တယ်..


အခုလက်ရှိမှာလည်း.. လုပ်ငန်းခွင်မှာ အလုပ်ပြီးပြီဆိုတာနဲ့.. အပြေး ပြန်တတ်တဲ့ ကျနော့်အကျင့်က.. သမီး ပြန်အလာကို တနေကုန် တစ်ဦးတည်း စောင့်မျှော်နေတတ်တဲ့.. အမေရှိရာ.. အိမ်ကလေးဆီကိုပါပဲ... ကျနော့်အတွက်တော့.. ကျနော့်မိဘ တန်ဖိုးထား တည်ဆောက်ခဲ့တဲ့.. အနွေးထွေးဆုံး၊ အဖိုးတန်ဆုံးသော.. ဒီအိမ်ကလေးမှာ.. တစ်ဦးတည်း ကျန်တော့တဲ့.. အမေနဲ့အတူ... နေထိုင်ရင်း.. .. .....




ကေပိုး
3:45 PM.
21.7.2013.

(စိတ်ထဲရှိရာ ရေးသည်)


2 comments:

  1. အိမ်.......
    နွေးထွေးခြင်း ချမ်းမြေ့ခြင်းဖြင့်
    ကုံလုံပါသော အိမ်ကလေးကို ဖတ်သွားတယ်ဗျာ ။

    ReplyDelete
  2. ကျေးဇူး တင်ဘာဒယ်ချင့်

    ReplyDelete