Pages

Sunday 28 July 2013

ဘွန်ဇိုင်းရေ..



ဘွန်ဇိုင်းရေ...

လူတွေ အမြင်မှာ.. ငါဟာ နင့်ကို သတ်သူတဲ့..
စွပ်စွဲလိုက်ကြတာဟာ..
တကယ်တော့..
ငါက နင့်အတွက် ပေးဆပ်သူပါ.. ။

သူတို့အတွေးက..
အလှဆုံးဖူးပွင့်မယ်..
အမြင့်ဆုံး ထိုးထွက်မယ်တဲ့..
သိပ်မှန်တဲ့ စကားပါ.. ။


ဒါပေမဲ့လေ..
သူတို့ သေချာ မသိတဲ့
ငါ့စိတ်၊ ငါ့ခံယူချက်..
နင် သိလိုက်စမ်းပါ ဘွန်ဇိုင်းရယ်.. ။


ရွက်ကျပင်ပေါက်သာသာ.. မင်းတို့အတွက်
အချိန်ကုန်ခံ.. ပြုစုသူဟာ.. ဘယ်သူလဲလို့..
ဒါဟာ.. သင်းသတ်ခြင်း.. မဟုတ်ရဘူးဆိုတာ..
မင်းတို့ ယုံပါ.. ဘွန်ဇိုင်းရယ်.. ။


မင်းစဉ်းစားကြည့်လိုက်စမ်းကွာ..
ဒီတိုင်း ရှင်သန် ကြီးရင့်တော့ရော..
မင်းကို တန်ဖိုးထားသူ..
ရှိနိုင်မယ် ထင်သတဲ့လား.. ။


တစ်ရာ တစ်ယောက် ..
လှည့်မကြည့်တတ်သူကြား..
လှပစွာ  ဖူးပွင့်..
မင်း ရှင်သန်လို့ ထူးမှာတဲ့လား.. ။


ရေမြင့် ကြာတင့်တဲ့လေ..
တစ်ခုလိုချင် တစ်ခု ပေးဆပ်ရမှာ..
လောကသဘာဝမို့..
မင်း တိုးတက်ရာ ရှာဖွေမိတာ.. မှားသတဲ့လား.. ။


ရေလေးလောင်း ပေါင်းလေးသင်ရုံနဲ့သာ
မင်းတို့ဘဝ  လှမယ်ဆို..
ဘယ်မှာလာ.. တန်ဖိုးထားသူ
ရှာတွေ့နိုင်မှာတဲ့လဲ.. ။


ငါ့အတွက် ငါ ကြည့်တာလား..
မေးတဲ့ စကားတွေ .. ပြန်ဖြေချင်ပါ့ကွယ်..
ဝါသနာ မပါ အလုပ်တစ်ခုကို..
အချိန်ကုန်ခံ ဇွတ်လုပ်မနေတတ်သူလို့.. ။


ကေသရာဇာ ခြင်္သေ့ဆီဟာ..
သိ င်္ဂီရွှေခွက်နဲ့မှ ထိုက်တန်သတဲ့..
ဒီတိုင်း ဘဝ .. မင်းနေကြည့်စမ်း..
တစ်ချက် ငဲ့စောင်းကြည့်သူ.. ရှားလိမ့်မှာပေါ့.. ။


မင်းသိရဲ့လား.. ဘွန်ဇိုင်းရယ်..
လူတွေမှာတောင်..
တန်ဖိုးအလိုက်.. နေရာရကြတယ်တဲ့..
ဒါကို.. သူတို့ မေ့နေကြတယ်.. ဘွန်ဇိုင်းရေ.. ။


တိုက်ပွဲတိုင်းမှာ အနိုင်ရဖို့ဆိုတာ..
တိုက်ခိုက်ရေး အရည်အချင်းနဲ့
အပင်ပန်း အဆင်းရဲခံနိုင်မှသာ ဖြစ်နိုင်လိမ့်မယ်..
ဘွန်ဇိုင်းရယ်.. ။


ဒီလိုပါပဲ..
လူတောထဲ တိုးဆန့်ဖို့ဟာလည်း..
မက်မောစရာ ..အရည်အချင်းတွေ
ပြည့်နေမှသာ ဖြစ်လိမ့်မယ်.. ။


တန်ဖိုးနဲ့ အရောင်ဆင်းမဲ့သူကို..
ဘယ်လိုလူမျိုးကမှ.. အဖိုးမထားဘူးတဲ့..
တစ်ဘဝလုံး လှပသာယာဖို့ဆိုရင်..
အရင်ဆုံးတော့.. အပင်ပန်းခံ ဘဝကို တည်ဆောက်ရမှာပေါ့.. ။


နှိပ်စက်တာတော့ မဟုတ်ရပဲ..
အလှပဆုံး ပြုံးနိုင်ဖို့..
အဖိုးထိုက်ဆုံးနေရာကို..
အပင်ပန်းခံ ရွေးချယ်လိုက်စမ်းပါ.. ဘွန်ဇိုင်းရယ်.. ။


ခဏတာမျှ..
ပင်ပန်းဆင်းရဲရုံနဲ့..
တစ်ဘဝလုံး သာယာလှပဖို့..
ကြိုးစားသူကို.. မင်း နားလည်စေချင်တယ်.. ဘွန်ဇိုင်းရယ်..။




ကေပိုး
6:00 PM.
28.7.2013.

(မရေးတတ် ရေးတတ်နှင့် ရေးသော ကဗျာ)


2 comments:

  1. ကဗျာကောင်းလေးပဲ...ဘွန်ဆိုင်းပုံကိုကြည့်ရင်း စဉ်းစားစရာတွေပေးတယ်...

    ReplyDelete
    Replies
    1. လာရောက်.. ဖတ်ရှုတဲ့ အတွက်.. ကျေးဇူးပါ ဦးဟန်ကြည်..

      Delete