Pages

Sunday 29 April 2012

ရှမ်းပြည်နယ်ကို လွမ်းတယ်.. သူငယ်ချင်းတွေကို လွမ်းတယ်.. Loe' Kaing ကို လွမ်းတယ်...


ခုတလော တိုက်ဆိုင်တာပဲလား မှတ်မှတ်ရရ ရှိနေလို့ပဲလား မသိပါဘူး။ ကြားလိုက်သမျှ သီချင်းတွေတိုင်းလိုလို ရှမ်းပြည်နယ်နဲ့ ပတ်သတ်နေတာတွေပဲ ဖြစ်ဖြစ်နေတတ်တယ်။ မနက် မနက် ရုံးအသွား ဖယ်ရီပေါ်မှာဆိုလဲ နားထောင်မိတာ အမြဲ Cherry FM။ လာလိုက်ရင်လဲ ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းပါ အစုံနှံ့နေအောင်ပါပဲ.. သွားရင်းလာရင်း ဘေးပတ်ဝန်းကျင်က ပျံ့လွင့်လာတဲ့ သီချင်းသံတွေကလဲ အခြားသီချင်းတွေ ဖြစ်မနေပဲ ရှမ်းသီချင်းတွေချည်းပဲ ဖြစ်နေခဲ့ပြန်တယ်.. ကြာလာတော့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လာမိတယ်.. ငါ ရှမ်းပြည်နယ်ကို စွဲလန်းစိတ်များနေပြီလို့..


ကျွန်မနဲ့ မောရှမ်းမြေဟာ အရင်က သိပ်ကွာဝေးလွန်းပါတယ်.. မောရှမ်းလို့ ပြောလိုက်ရင် ဒီနေ့ထက်ထိ ကျွန်မရောက်ဖူးတာ.. တောင်ကြီး၊ အင်းလေးဆိုတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတစ်နေရာပဲ ရှိပါသေးတယ်.. တောင်ကြီး၊ အင်းလေးကို လွန်ခဲ့တဲ့ နှစ်၂၀လောက်က တစ်ခါရောက်ခဲ့ဖူးပါတယ်.. အရမ်းနေချင်စရာ ကောင်းတဲ့ အရပ်ကလေးတစ်ခု ဆိုတာ သိခဲ့ရသလို နေချင်စိတ်လဲ ဖြစ်ခဲ့ရပါတယ်.. ဒါပေမဲ့ အဲဒီတုန်းက အရမ်းငယ်သေးတာကြောင့် တချို့နေရာတွေပဲ မှတ်မိခဲ့ရတယ်.. အဲဒီနောက်ပိုင်း တောင်ပေါ်ဆိုတဲ့ ဝေါဟာရနဲ့ ဝေးလံလှစွာပဲ မွေးရပ်မြေ ရန်ကုန်ရွှေမြို့တော်ကြီးမှာပဲ ကျင်လည်ခဲ့တယ်.. လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်မှာမှ ကျွန်မရဲ့ နားစည်အတွင်းမှာ သတိထားမိစရာ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲဆိုတာကို.. မှတ်မှတ်ထင်ထင်ကြားမိလာခဲ့တယ်.. သူများအပြောနဲ့တင် ရောက်ဖူးချင်ခဲ့တယ်.. ဒါပေမဲ့လည်း စိတ်ထဲမှာပဲရှိခဲ့တဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်.. လက်တွေ့မှာ အကောင်အထည်ပေါ်မလာခဲ့ပါဘူးလေ..


ဒါပေမဲ့ လူ့ကံဆိုတာ ကြိုမမြင်နိုင်ဘူးဆိုတာ ယုံကြည်စရာပေါ်လာခဲ့တယ်.. ခေတ်လူငယ်ပီပီ အင်တာနက် အွန်လိုင်းကို အသုံးပြုရင်း အောင်ပန်းမြို့မှ တောင်ပေါ်သားတစ်ယောက်နဲ့ ခင်မင်ခဲ့ရတယ်.. အဲဒီအချိန်လောက်ထိကို ရှမ်းပြည်နယ်ဆိုတာ စိတ်ကူးထဲမှာပဲရှိခဲ့တယ်.. လက်တွေ့ဆိုတာ အဝေးမှာပဲ ဖြစ်ခဲ့ရတယ်.. ဒါပေမဲ့.. ကုသိုလ်ကံက ကျွန်မဘက်မှာ ရှိနေခဲ့ပြန်တယ်လေ.. ယောင်းမလောင်းက တောင်ကြီးမှာမို့ အကိုမင်္ဂလာဆောင်ကို တောင်ကြီးမှာ လုပ်ဖြစ်တာကြောင့် လွန်ခဲ့တဲ့အနှစ်၂၀ လောက်က မြို့တော်လေးဆီ နောက်တစ်ခေါက်ထပ်ရောက်ခဲ့ရတယ်.. ဒီတခါတော့.. နောက်တစ်ခါ ထပ်လာဖို့ မကြိမ်းသေတာကြောင့် လမ်းခရီးရှုခင်းတွေကို မငြီးမငြူ စိတ်ဝင်စားစွာ လိုက်လံငေးမောကြည့်ရှုခဲ့တယ်.. ငါတော့ နင်တို့ရှိရာ အရပ်ဆီကို လာခဲ့ပြီလို့ အောင်ပန်းက သူငယ်ချင်းဆီ ဖုန်းကြိုဆက်ထားသလို ဘယ်နေရာရောက်ရောက်လဲ ဘယ်ရောက်နေပြီဆိုပြီး အကြောင်းကြားမိခဲ့တယ်..






စိတ်ဝင်စားတဲ့အရပ်ကို သွားရမှာမို့လားမသိ.. လမ်းခရီးတစ်လျှောက်မှာရှိတဲ့ မြို့တွေအကုန်လုံးလိုလိုကို လိုက်မှတ်ထားမိခဲ့တယ်.. ပျော်ဘွယ်ကနေ လမ်းခွဲပြီးတာနဲ့ ဘုရားငါးဆူ၊ ယင်းမာပင် စသည်ကနေတဆင့် အေးချမ်းလှတဲ့ ရှမ်းမြေရဲ့ပထမဦးဆုံးသော ကလောမြို့လေးကို ရောက်ရှိလို့လာခဲ့တယ်.. ကလောကနေတဆင့်.. အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ အေးသာယာမြို့များကို ဖြတ်ကျော်လာပြီးနောက်..အနှစ်၂၀နေမှတစ်ခါပြန်ရောက်ရတဲ့   တောင်ကြီးမြို့ဆီသို့
နောက်တစ်ခေါက် ခြေချမိခဲ့ပြန်ပါတယ်.. ဟိုတုန်းကတော့ တောင်ကြီး၊ အင်းလေး၊ ရပ်စောက်မြို့တို့ကို ရောက်ခဲ့ဖူးခဲ့ပေမဲ့ အမှတ်ရစရာ သိပ်နည်းပါးခဲ့တယ်.. အခုတစ်ခေါက်တော့ အသက်အရွယ်လဲရလာပြီမို့ သွားသမျှ လမ်းခရီးကို တော်တော်များများ မှတ်မိလာခဲ့တယ်လေ.. မှတ်မှတ်ရရ.. တခြားလည်စရာတွေတင်မကပဲ.. ပင်းပက်သံမဏိစက်ရုံတို့.. ဟတ္ထိပါလ ဟိုပုံးကိုရင်လေးဂူတို့ကိုလည်း ရောက်ခဲ့ရတယ်..


တောင်ကြီးမှာ ၃ ၄ ရက်လောက်နေပြီး ကိုယ့်မြို့ကိုယ့်နယ်ကို ပြန်ခဲ့ကြတယ်.. ပြန်အဆင်း အောင်ပန်းမြို့မရောက်ခင်မှာ နာမည်ကြီးလှတဲ့ ဘ၀သံသရာတံတားကိုလည်း ကားပေါ်မှ လှမ်းမြင်ခဲ့ရတယ်.. ငယ်စဉ်က တောင်ကြီးမှ ပြန်အဆင်းကို ရထားနဲ့ ပြန်ဆင်းခဲ့ဖူးတာမို့ အဲဒီတုန်းက ဖြတ်ခဲ့ရတာကိုလဲ သတိရခဲ့ပြန်ပါသေးတယ်..ဘ၀သံသရာတံတားရယ် ရထားကိုလွန်းထိုး သွားရတာတွေရယ်၊ ထူးခြားလှတဲ့အမည်နဲ့ ရှိနေတဲ့ ခွေးရုပ်ဘူတာရယ်၊ လှိုဏ်ခေါင်း ၃ ခုကို ဖြတ်ခဲ့ရတာတွေရယ်ကိုတော့ အခုအချိန်ထိ အမှတ်ရတုန်းပါပဲ.. ဘ၀သံသရာမှ ဆက်ထွက်လာတာနဲ့ကျွန်မသူငယ်ချင်းရှိရာ အောင်ပန်းမြို့သို့ ရောက်လာခဲ့တယ်.. အောင်ပန်းသား ကျွန်မသူငယ်ချင်းက လမ်းမှာထွက်ပြီး ရန်ကုန်အပြန်အတွက် လက်ဆောင်တွေ ထည့်ပေးတာမို့ ဆင်းယူဖြစ်ခဲ့တယ်.. အင်တာနက်ပေါ်က ခင်ခဲ့ရပေမဲ့ တောင်ပေါ်သူ တောင်ပေါ်သားတွေရဲ့ ခင်မင်စရာကောင်းလှတဲ့စိတ်ရင်းစေတနာလေးကို ကျွန်မသူငယ်ချင်းကနေတဆင့် တွေ့မြင်ခဲ့ရသလို သူ့အပေါ်လဲ တော်တော်လေး ခင်မင်ခဲ့မိတယ်.. စိတ်ရင်းနဲ့လဲ ခင်မင်ခဲ့မိတယ်.. ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်သွားခဲ့တယ်.. အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်ကို နောက်တစ်ခေါက်ထပ်ရောက်ဖို့ရာ အလှမ်းဝေးဦးမယ်လို့ ထင်မြင်ခဲ့ရသလို.. သူငယ်ချင်းလေးနဲ့လဲ နောက် ဘယ်တော့မှများ တွေ့ဆုံရဦးမလဲလို့ တွေးမိခဲ့ပြန်တယ်..


 အဲဒီနောက်ပိုင်းမှာတော့ အောင်ပန်းသား ကျွန်မသူငယ်ချင်းလေးရဲ့ ကောင်းမှုကြောင့် သူ့အပြင် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းလေးတွေဖြစ်တဲ့ အောင်ပန်းသား အောင်ပန်းသူလေးတွေနဲ့ ဖေ့ဘုတ် group လေးတစ်ခုဖြစ်တဲ့ My Friends Group လေးထဲမှာ ထပ်မံဆုံဆည်းခဲ့ရတယ်.. တောင်ပေါ်သူ တောင်ပေါ်သားတွေ ဖြစ်သောကြောင့် အသောက်အစားနဲ့ မကင်းပေမဲ့ ဖြူစင်လှတဲ့ စိတ်ထား၊ အချင်းချင်း အနစ်နာခံတတ်တဲ့ စိတ်ဓာတ်လေးတွေကြောင့် လူမမြင်ဖူးပေမဲ့ သူတို့ကို အရမ်းခင်မင်ခဲ့တယ်.. အဲဒီလိုနဲ့ပဲ.. သူတို့ရဲ့ နောက်ထပ်အဖွဲ့လေးတစ်ခုဖြစ်တဲ့ Loe' Kaing ဆိုတဲ့ မီးပုံးပျံအဖွဲ့လေးနဲ့လဲ အကျွမ်းတ၀င် ဖြစ်ခဲ့ရတယ်.. Loe' Kaing ရဲ့အဓိပ္ပါယ်ကတော့ လူပေါ်ကလူ.. လူကဲ လို့ အဓိပ္ပါယ်ရကြောင်း.. သိရှိခဲ့ရပါတယ်.. ကျွန်မလိုပဲ နောက်ထပ် သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ရန်ကုန်နေ မန္တလေးသားတစ်ယောက်နဲ့လဲ ထပ်မံ ခင်မင်ခဲ့ရပြန်တယ်.. တဖွဲ့လုံးက အောင်ပန်းမှာရှိနေပြီး ရန်ကုန်မှာတော့ ကျွန်မနဲ့ သူ နှစ်ယောက်ထဲရှိတာမို့လဲ.. ကျွန်မတို့နှစ်ယောက် တစ်ဖွဲ့လို ဖြစ်ခဲ့ရပြန်တယ်လေ.. အောင်ပန်းမှာ ဘာလုပ်လုပ် သူတို့ပြောပြသလို ရန်ကုန်မှနေ၍လည်း အောင်ပန်းကို သွားချင်စိတ် ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ဖြစ်ပေါ်ရတာတွေ မနာလိုရတာတွေ အမော ဖြစ်ခဲ့ရတယ်.. အတူတူတစ်သားတည်း ဖြစ်နေတဲ့အဖွဲ့လေးနဲ့ အတူတူရှိချင်စိတ်လဲ ဖြစ်မိတယ်...


သီတင်းကျွတ်မီးပုံးပျံလွှတ်ပွဲအတွက်လည်း Loe' Kaing အဖွဲ့ကို ကျွန်မတို့သူငယ်ချင်းတွေ အတူတူ အလှူငွေထည့်ခဲ့သလိုပဲ ကျွန်မတို့တတွေ Loe' Kaing အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာမှန်း မသိ ဖြစ်လာခဲ့တယ်.. Loe' Kaing အဖွဲ့ဝင်တွေကိုမှ ပေးတဲ့ အမှတ်တရအင်္ကျီကိုလဲ ၀မ်းပန်းတသာ လက်ခံရရှိခဲ့တယ်.. အဲဒီလိုပဲ အဲဒီက ဘယ်သူမဆို ရန်ကုန်ဆင်းလာတယ် ကြားတာနဲ့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း သွားရောက်တွေ့ဆုံရတာလဲ အမောပင်... အောင်ပန်းက အဖွဲ့ တစ်ခုခု လုပ်တော့မည်ဆိုတိုင်းလဲ အဝေးရောက်နေတဲ့ ကျွန်မတို့ သတင်းစကားလေးနဲ့တင် ပျော်ရွှင်ခဲ့ရပြီး အတူတူ တသားတည်းဖြစ်နေတဲ့ အဖွဲ့လေးနဲ့ ဝေးနေရတာကိုလဲ ၀မ်းနည်းမိပြန်တယ်..


သိပ်မကြာပါဘူး... ကံကြမ္မာက တစ်ဖွဲ့လုံးနဲ့ ဆုံအောင်ဖန်တီးပေးမယ့် အခြေအနေလေးတစ်ခု ကျွန်မအတွက် ဖြစ်လာခဲ့ပါတယ်.. သူများတွေ သွားခွင့်ရတဲ့ တောင်ကြီးတန်ဆောင်တိုင်ကို ရောက်နိုင်မယ်လို့မထင်ခဲ့ပေမယ့် ရန်ကုန်မှာ အတူရှိတဲ့ သူငယ်ချင်းလေးက သူ့ဝန်ထမ်းတွေကို တောင်ကြီးမီးပုံးပျံပွဲ လိုက်ပို့မှာမို့ နင်လိုက်ချင်ရင် လိုက်ခဲ့ပါလားလို့ ဆိုလာတဲ့စကားကြောင့်ရယ်.. သူကိုယ်တိုင်ကလဲ Loe' Kaing အဖွဲ့ဆီ သွားချင်တာကြောင့်ရယ်.. လာလည်ဖို့အခွင့်အရေးရှိနေတယ်လို့ ကြားလိုက်တဲ့ Loe' Kaing အဖွဲ့က သူငယ်ချင်းတွေရဲ့ မရမက  အိမ်ကို ပြောပေးမှုတွေရယ်ကြောင့် မကြာခင်က ရောက်ခဲ့ရတဲ့   တောင်ပေါ်မြေကို  နောက်တစ်ခေါက် ထပ်မံရောက်ခဲ့ရပြန်တယ်.. ဒီတစ်ခါအသွားမှာတော့ ကိုယ်က ဆရာကြီး ဖြစ်နေခဲ့ရတယ်လေ.. ဘာပြီးရင် ဘာလာမယ်ဆိုတာကိုလဲ ကြိုလို့ပင် သိနေခဲ့ရပြီလေ.. ညမိုးချုပ်က ထွက်လာတဲ့ ကျွန်မတို့ကား လမ်းမှာ ကားပျက်တာကြောင့် ရောက်ချင်လှတဲ့အရပ်ဆီသို့ ၂ နာရီ ၃ နာရီလောက် နောက်ကျပြီးမှ ရောက်ခဲ့ရတယ်..


မိုးလင်းပြီဆိုတာနဲ့ မြင်ရတဲ့အရပ်ဟာ ဘယ်နေရာရောက်ပြီလဲဆိုတာ တန်းသိနိုင်လောက်အောင် အရင်တစ်ခေါက်ရဲ့မှတ်ညဏ်တွေက ပြောပြနေခဲ့တယ်.. ရေယားရောက်တာနဲ့ အိပ်ပျော်နေတဲ့သူငယ်ချင်းကို လှမ်းနှိုးပြီး ကလောရောက်တော့မယ်ဆိုတဲ့အကြောင်း.. ကလောနဲ့အောင်ပန်း ၁၅ မိနစ်လောက်ပဲ မောင်းရမှာဆိုတဲ့အကြောင်း.. ဆင်းဖို့အသင့်ပြင်ထားရန် ပြောမိတယ်.. သူကလဲ သူ့ဝန်ထမ်းတွေကို တောင်ကြီးကို လွှတ်လိုက်ပြီး သူကိုယ်တိုင် အောင်ပန်းဆင်းနေမှာမို့ ကျွန်မတို့နှစ်ယောက် အောင်ပန်းအရောက်မှာ ကိုယ့်အိတ်ကိုယ်ဆွဲကာ ဆင်းလာခဲ့ကြတယ်.. အဲဒီနောက် လက်ဘက်ရည်ဆိုင် ၀င်ထိုင်ပြီး လာကြိုမယ့် သူငယ်ချင်းတွေကို စောင့်နေမိတယ်.. မကြာပါဘူး... ကျွန်မရဲ့အချစ်ဆုံး တောင်ပေါ်သားသူငယ်ချင်းလေးနဲ့ ရန်ကုန်သားကျွန်မသူငယ်ချင်းရဲ့အချစ်ဆုံးသူငယ်ချင်းမလေး လာကြိုကြတယ်.. ရန်ကုန်သားကျွန်မသူငယ်ချင်းကတော့ သူ့အစီအစဉ်အတိုင်း မြတ်မနောမှာ တည်းမယ်ဆိုလို့ မြတ်မနောကို လိုက်ပို့ကြပြီး ကျွန်မကတော့ ကျွန်မတို့အဖွဲ့ထဲက ညီမငယ်လေးတစ်ယောက်ဆီမှာ တည်းမှာမို့ ထိုညီမလေးဆီ ဆက်ထွက်လာခဲ့ကြတယ်.. အဲဒီနောက်မှာတော့ ကျွန်မရယ်၊ အောင်ပန်းသားသူငယ်ချင်းလေးရယ်၊ ထိုညီမငယ်လေးရယ်.. အတူတူ လက်ဘက်ရည်ဆိုင်ထိုင်မိကြတယ်.. စောသေးတာကတစ်ကြောင်း.. လပြည့်နေ့ဖြစ်တာကြောင့်မို့ပါ သူငယ်ချင်းတွေ မဆုံဖြစ်ကြသေးဘူးလေ.. ကျွန်မကတော့ တွေ့ချင်လွန်းလို့လာတဲ့သူမို့ သူငယ်ချင်းတွေအားလုံးကို တပြိုင်နက်ထဲ တွေ့ချင်နေမိတယ်လေ...


ဘာပဲပြောပြော ကျွန်မအရောက်ချင်ဆုံး မြို့လေးကို ရောက်ပြီဆိုတဲ့အသိက ကျွန်မရင်ကို ကြည်နူးစေခဲ့တာ အမှန်ပါ.. အဲဒီနေ့က လပြည့်နေ့ဖြစ်တာကြောင့်..တန်ဆောင်မုန်းလပြည့်နေ့ရဲ့ပွဲတော်တစ်ခုဖြစ်တဲ့ ကထိန်ပွဲတော်ကိုလဲ ကျွန်မ မြင်တွေ့ခဲ့ရတယ်.. တခြားမြို့တွေရဲ့ကထိန်ပွဲတော်တွေလို မဟုတ်ပဲ.. ထူးခြားလှစွာ မြို့လုံးကျွတ်ကထိန်ကိုလဲ မှတ်မှတ်ရရ တွေ့မြင်ခဲ့ရတယ်.. တစ်မူးရလို့ တစ်ပဲလှူ.. တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတဲ့စကားအတိုင်း မြို့လုံးကျွတ် လှူတန်းတဲ့ကထိန်ပဒေသာပင်ပေါင်း ၂၀၀ ကျော်တာကိုလဲ ကြည်နူးဖွယ်တွေ့မြင်ခဲ့ရပါတယ်.. လှူတန်းတာတွေကိုလဲ အောင်ပန်းမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲက တစ်နှစ်လျှင်တစ်ကျောင်း မဲနှိုက်ကာ မဲပေါက်သောကျောင်းကို လှူတန်းခြင်းဖြစ်ကြောင်း ကြားသိခဲ့ရတယ်လေ... နည်းနည်းလေး နေမြင့်လာပြီဆိုတာနဲ့ ကျွန်မတို့အဖွဲ့လေး လူနည်းနည်းစုံလို့ လာပါပြီလေ.. ကျွန်မမြင်ချင်တွေ့ချင်သော ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းများကိုလဲ တော်တော်များများတွေ့လာရပါပြီ.. သူတို့ရဲ့ ဖော်ရွေလှတဲ့ အပြုံးတွေ.. ချစ်စရာကောင်းလှတဲ့ဟန်ပန်တွေ.. နားထောင်ချင်စရာ စကားသံဝဲ၀ဲတွေဟာ ကျွန်မအတွက်တော့ အရမ်းကို ပြီးပြည့်စုံလှတဲ့ ခင်မင်မှုကို ရရှိခံစားခဲ့မိပါပြီ.. တကယ့်ကို တစ်သားတည်း၊ တသွေးတည်းသော.. သူငယ်ချင်းတွေ ဖြစ်ခဲ့ရပါပြီ..









မြေပြန့်တောင်ပေါ် မခွဲခြားသော စိတ်ထား.. ပြည်ထောင်စုသားချင်းတွေဆိုတဲ့ စိတ်ထားတွေဟာ.. သူများတွေအတွက်တော့ မသိပါဘူး.. ကျွန်မအတွက်တော့ တကယ့်ကို အမှန်ဖြစ်ခဲ့ရပါသည်.. ဝေးကွာလှတဲ့ နေရာဒေသတွေကပေမဲ့ စိတ်ထားတူညီသော .. ရဲဘော်ရဲဘက်စိတ်ထားသော သူငယ်ချင်းများနဲ့ ဆုံဆည်းခဲ့ရတဲ့အတွက် အရမ်းလဲ ကျေနပ်ဝမ်းမြောက်မိပါတယ်.. အဲဒီနေ့ရဲ့ အချိန်တော်တော်များများကိုတော့ အောင်ပန်းမြို့ရဲ့ ကထိန်ကို ကြည့်ရှုရင်း အချိန်ကုန်ခဲ့ပါတယ်.. နေ့လည် ထမင်းစားဖို့အတွက်ကိုတော့ ကျွန်မတို့ မီးပုံးပျံအဖွဲ့ရဲ့ ဥက္ကဌ မအားသေးတာကြောင့် အချိန်တော်တော်ကြာကြာ စောင့်ခဲ့ရပါတယ်.. ကျွန်မတို့ရဲ့ဥက္ကဌက မီးပုံပျံအဖွဲ့မှာတင် မဟုတ်ပဲ ပဒေသာပင်တစ်ခုကိုလဲ တာဝန်ယူထားရတာမို့.. ထိုပဒေသာပင်ကို ကျောင်းအရောက် ပို့ဆောင်ပေးရတာကြောင့် သူ့အလာကို ဆာဆာနဲ့ စောင့်ခဲ့ ရပါသေးတယ်... နေ့လည် ၂နာရီကျော်ကျော်မှာတော့ လူစုံပြီမို့ သူတို့အဖွဲ့ဆုံနေကျ နေရာဖြစ်တဲ့ ယူနန်စားသောက်ဆိုင်သို့ လူစုံ ချီတက်ခဲ့ပါတယ်... အဲဒီကျမှပဲ ကျွန်မအတွက်တော့ ကျွန်မတို့အဖွဲ့လေးကို လူစုံ မြင်ဖူးခဲ့ရပါပြီ.. အဲဒီနောက် ညဘက် တောင်ကြီးတန်ဆောင်တိုင်ကို သွားဖို့ ကားစီစဉ်ဖြစ်ကြတယ်လေ.. စစတော့ အဆင်မပြေဖြစ်ကြပေမဲ့.. ကျွန်မတို့လာမှာမို့ကြောင့် မရမက ကြိုးစားကြတာမို့ နောက်ဆုံး ညနေ ၅ နာရီခွဲလောက်မှာ ကျွန်မတို့မိန်းကလေးတွေက တစ်စီး. ယောကျာ်းလေးတွေက တစ်စီး.. ကား၂ စီးနဲ့ တောင်ပေါ်သို့တက်ခဲ့ကြတယ်.. အေးသာယာခြံမှာ ၀ိုင်တွေ ဆင်းဝယ်ကြပြီး.. ညဘက် ထမင်းကိုတော့ တောင်ကြီးက မောခမ်းစားသောက်ဆိုင်မှာ ၀င်စားခဲ့တယ်.. အဲဒီနောက် မီးပုံးပျံကွင်းရှိရာသို့ ထွက်လာခဲ့ကြတယ်.. မီးပုံးပျံကွင်းမှာ လပြည့်နေ့မို့ ကားတွေကြပ်တာကြောင့် အနောက်မြို့ပတ်လမ်းကနေ ၀င်ပြီး ကားထားကာ မီးပုံးပျံကွင်းရှိရာသို့ လမ်းလျှောက် ချီတက်လာကြတယ်လေ.. ကျွန်မအတွက်တော့ အကုန်လုံးဟာ အထူးအဆန်းတွေကြီး ဖြစ်လို့ နေခဲ့တယ်လေ.. ပွဲဈေးတန်း လူရှုပ်လွန်းလို့.. သူငယ်ချင်းတွေအချင်းချင်း လူပျောက်မှာစိုးတာကြောင့် တစ်ယောက်အင်္ကျီကို တစ်ယောက်ဆွဲကာ မီးရထားတန်းကြီးလို လျှောက်ခဲ့ရသလို... ဘေးကနေလဲ လူကွဲမှာစိုးလို့ သူငယ်ချင်းအချို့က ကာပြီး လိုက်ပေးခဲ့တာဟာလဲ အဲလို လူစည်စည်ကားကား နေရာတွေ သိပ်မရောက်ဖြစ်တဲ့ ကျွန်မအဖို့ အမှတ်ရစရာ တစ်ခု ဖြစ်ခဲ့ရတယ်..


တောင်ကြီးကွင်းထဲအရောက်မှာတော့ ထိုင်စရာ နေရာရှာပြီး.. ပါလာတဲ့မုန့်တွေ ၀ိုင်တွေဖောက်သောက်ကြ.. အချင်းချင်း စ နောက်ကြနဲ့ ပျော်စရာကောင်းလှသလို.. ကျွန်မနဲ့သိပ်မခင်တဲ့ အခြားသူငယ်ချင်းတွေနဲ့လဲ သိကျွမ်းခဲ့ရပြန်တယ်လေ.. အခုတော့ သူတို့တွေနဲ့လဲ ဘော်ဒါအပေါင်းအသင်းတွေ ဖြစ်ခဲ့ပြီလေ.. တောင်ကြီးကွင်းထဲမှာ တစ်ညလုံးနေကြပြီး မနက် ၄ နာရီလောက်မှ အောင်ပန်းကို ပြန်ဆင်းခဲ့ကြတယ်.. ထိုနေ့တစ်နေ့လုံးကတော့ ကျွန်အတွက် ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းလေးရဲ့ ဆိုင်ကယ်ပေါ်က မဆင်းတဲ့နေ့လို့ ဆိုရမလားပါပဲလေ.. ဆိုင်ကယ်စီးတတ်ချင်လှသော ကျွန်မအတွက် သူ့ဆိုင်ကယ်ပေါ်က မဆင်းချင်တာ အလွန်မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ်တော့ ထင်မြင်မိခဲ့တယ်.. အဲ့ဒီနေ့ရဲ့ နေ့လည်စာကိုလဲ ယူနန်မှာပဲ ကျွန်မတို့ရဲ့ မီးပုံးပျံဥက္ကဌက ကျွေးခဲ့တယ်... အဲဒီနောက်တော့ ဟိုသွားဒီသွားနဲ့ လျှောက်သွားရင်း အပြန်ခရီးအတွက် လက်ဆောင်ဘာညာ ၀ယ်မိတယ်.. သူတို့တွေနဲ့ မခွဲချင်သေးတဲ့ကျွန်မတို့အတွက် ကံကြမ္မာက မျက်နှာသာပေးတာ တစ်ခုက တောင်ကြီးက ပြန်ဆင်းလာမယ့် ရန်ကုန်သားကျွန်မသူငယ်ချင်းရဲ့ကား .. လမ်းမှာ ပျက်နေလို့ ရောက်သင့်တဲ့အချိန်ထက် ၃ ၄ နာရီနောက်ကျမယ်ဆိုတာပါပဲ.. အဲဒါကြောင့် ကျွန်မတို့အတူတူ ရှိနေချိန်တွေ ကြာရှည်ခဲ့ပါသေးတယ်.. အဲဒီညက အောင်ပန်းမှာ မီးပုံးပျံလွှတ်ပွဲရှိတယ်ဆိုလို့ အောင်ပန်းမီးပုံးပျံကွင်းကို သွားပြီး မီးပုံးပျံလွှတ်တာကြည့်ခဲ့ကြတယ်လေ..










မီးပုံးပျံ ၃လုံးလွှတ်တင်မယ်လို့ ကြားသိရတဲ့အထဲမှာ ကျွန်မတို့ Loe' Kaing အဖွဲ့က သူငယ်ချင်းတစ်ယောက်ရဲ့ မြတန်ခူးမီးပုံးပျံလဲ ပါတယ်လို့ သတင်းကြားတာကြောင့်.. ကျွန်မတို့ရဲ့ မီးပုံးပျံကိုလဲ ကြည့်ခဲ့ရသေးပါတယ်.. တကယ့်ကိုပါပဲ.. လွှတ်တင်တဲ့ ညမီးကျီးမီးပုံးပျံတွေထဲမှာ ကျွန်မတို့ရဲ့ မီးပုံးပျံဟာ အလှဆုံးပါပဲ.. အောင်ပန်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာတော့မြတန်ခူး.. မြတန်ခူး နဲ့ စွဲကျန်ရစ်အောင် လှပလွန်းခဲ့ပါတယ်.. မိးပုံးပျံလွှတ်ပွဲ မပြီးခင်မှာပဲ တောင်ပေါ်က ဆင်းလာတဲ့ကား လမ်းမှာရောက်နေပြီလို့ ကြားခဲ့ရတယ်လေ.. မီးပုံးပျံလွှတ်ပွဲပြီးတာနဲ့ ကျွန်မတို့လည်း ကားရပ်မည့် နေရာသို့ ပြန်ကာ ဆင်းလာမယ့်ကားကို သွားစောင့်နေမိတော့ပါတယ်.. သိပ်မကြာလှသော ည ၁၀ နာရီလောက်မှာတော့ ကျွန်မတို့ ပြန်မယ့် ကား ဆိုက်ရောက်လို့ လာခဲ့ပါတယ်.. အဲဒီနောက်တော့ လိုက်ပို့ပေးတဲ့ သူငယ်ချင်းတွေကို မခွဲချင်ပဲ နှုတ်ဆက်ကာ ကားပေါ်တက်ခဲ့ရပါတော့တယ်..


အဲဒီနောက်တော့ ရန်ကုန်ပြန်ရောက်ခဲ့ပြီး .. အမြဲတမ်း လည်ပတ်နေရတဲ့ သံသရာစက်ဝိုင်းကြီးထဲ ပြန်လည်ဝင်ရောက်ခဲ့ရပါတော့တယ်.. ဒါပေမဲ့  ကျွန်မအတွက်တော့ အောင်ပန်းသူ အောင်ပန်းသား သူငယ်ချင်းတွေနဲ့ နေ့တိုင်းအဆက်အသွယ် မပြတ်ပဲ.. ဖုန်းနဲ့တစ်မျိုး.. အွန်လိုင်းနဲ့တစ်ဖုံ အမြဲအဆက်အသွယ်ရှိခဲ့သလို... သူတို့ဆီက ဘာထူးခြားထူးခြား.. ကျွန်မတို့ဆီက ဘာဖြစ်ဖြစ် အမြဲတမ်း ပြောပြ နားထောင်ရင်း ခင်မင်မှုတွေ တိုးလာခဲ့ရတယ်... အခုထက်ထိလဲ ဘယ်တော့မှ အတက်အသွယ်မပြတ်ပဲ ဘာမဆို ရင်ဖွင့်တိုင်ပင်ရင်း ခင်မင်မှု သံယောဇဉ်တွေ တိုးပွားလာရပါတော့တယ်.. အခုဆိုရင်တော့ ကျွန်မအတွက် ကျွန်မခင်စရာ ချစ်စရာ သံယောဇဉ်ရှိစရာ အဖွဲ့လေးတစ်ဖွဲ့နဲ့  တစ်သွေးတည်း တစ်သားတည်း တည်ရှိနေရင်း မျှော်လင့်ရတဲ့ ကျွန်မတို့ Loe' Kaing အဖွဲ့လေး အောင်မြင်စေဖို့ ဆိုတဲ့ စိတ်ဆန္ဒလေးနဲ့ ကျွန်မချစ်သော တောင်ပေါ်အရပ်ကလေး၊ ကျွန်မချစ်သော သူငယ်ချင်းများနဲ့အတူ ကျွန်မတို့ မီပုံးပျံအဖွဲ့လေး အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်းလျက် သူငယ်ချင်းများကို လွမ်းလျက်ရှိပါတော့တယ်...


(၂၀၁၁ တောင်ကြီးတန်ဆောင်တိုင် အမှတ်တရ.. )

1 comment:

  1. အလွမ်းတွေဝေနေတဲ့ ရင်ဘတ်ထဲကတောင်ကြီးကိုခံစားရင်း ဖတ်နေတယ်နော်.......................

    ReplyDelete