ကျွန်မ
ဒီအလုပ်ကလေးကို ရရှိတာ တစ်နှစ်ကျော်ကျော်ရှိပါပြီ.. အလုပ်ကလေးထဲမှာ
ပျော်ရွှင်ရတဲ့ နေ့တွေရှိသလို စိတ်ညစ်ညူးရတဲ့ နေ့တွေလဲ
တွေ့ကြုံခဲ့ရဖူးပါပြီ.. ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်ကျော်ကျော်
သံယောဇဉ်ကြောင့်လည်း ဒီအလုပ်ကလေးကို ချစ်မြတ်နိုးရသလို သူဆိုတဲ့
လူကလေးတစ်ယောက်ကြောင့်လည်း ဒီအလုပ်ကလေးကို မက်မောခဲ့ရခြင်း ဖြစ်တယ်လေ..
ကျွန်မရဲ့သူကလေးနဲ့ဆုံဆည်းစေခဲ့ပုံက သူများတွေလို မဟုတ်ပဲ ထူးခြားလို့
နေခဲ့ပြန်တယ်...
ကျွန်မအလုပ်ကလေးက ရုံးဖယ်ရီရှိတာမို့
မနက်မနက်တွေဆိုရင် ရုံးဖယ်ရီစောင့်စီးရတာလဲ အလုပ်တစ်ခု ဖြစ်ခဲ့တယ်လေ..
မနက်စောစောထရတာကို မကြိုက်တဲ့ ခေတ်လူငယ်ပီပီ မနက်စောစော ထွက်စီးရတဲ့
ဖယ်ရီချိန်တွေကို မုန်းတီးမိခဲ့တယ်လေ.. လူသက်သက်သာသာစီးရလို့သာ လိုက်စီးတဲ့
ဖယ်ရီကားနဲ့ ဖယ်ရီချိန်တွေကို တစ်နေ့ ချစ်တတ်ခဲ့မယ်လို့ မထင်ခဲ့မိဘူးလေ...
တစ်မနက်မှာတော့ စီးဆင်းနေကျ ပုံစံခွက်အတိုင်း ဖယ်ရီကားပေါ်
တက်လာတဲ့ ကျွန်မ.. ထိုင်နေကျနေရာမှာ ၀င်ထိုင်ရင်း.. ကားပေါ်မှာ
ဖွင့်ထားခဲ့တဲ့ သီချင်းလေးတွေထဲမှာ စီးမျောလိုက်ပါလာခဲ့တယ်.. ဘာရယ်မဟုတ်
ကားပြတင်းပေါက်အပြင်ကို လှမ်းငေးနေရာမှ တစ်နေရာအရောက် ကျွန်မရဲ့မျက်လုံးတွေ
ရပ်တန့်သွားခဲ့တယါ.. မျက်လုံးများ ရပ်တန့်သွားခဲ့သလို
ကျွန်မနှလုံးသားလေးလဲ ရပ်တန့်သွားခဲ့ပေမဲ့ ကျွန်မစီးလာတဲ့ ဖယ်ရီကြီးကတော့
အရှိန်မပျက် ဆက်လက်ထွက်ခွါလာခဲ့တယ်လေ...
ကောင်လေးတစ်ယောက်..
ချစ်စဖွယ်ကောင်လေးတစ်ယောက်.. ကားမှတ်တိုင်လေးတစ်ခုမှာ
ကားစောင့်နေခဲ့တယ်လေ.. အခြားအခြားသော ကောင်လေးတွေနဲ့ မတူ ခြားနားစွာပင်
တမျိုးလေးဆွဲဆောင်မှု ရှိတဲ့ သူ့ပုံစံလေးက ကျွန်မရင်ကို
ရိုက်ခတ်စေခဲ့ပါပြီ.. အစိုးရရုံးတစ်ရုံးရဲ့ ရုံးဝတ်စုံလေးနဲ့ နားမှာလဲ ear
phone လေးတပ်ကာ ဘတ်စ်ကားစောင့်နေတဲ့ သူ့ပုံစံလေးက ကျွန်မရင်ကို
လှုပ်ရှားစေခဲ့တယ်လေ.. စူပုတ်ပုတ်နဲ့ ထီမထင်တဲ့ သူ့မျက်နှာပေးလေးကလဲ
ကျွန်မအတွက် စွဲလန်းစရာ အရာတစ်ခု ဖြစ်လို့နေခဲ့ရတယ်လေ..
အဲဒီနောက်မှာတော့
ကျွန်မရဲ့ မနက်ခင်းလေးတွေဟာ လှပလို့ လာခဲ့ပါတော့တယ်... အရင်က
မနက်စောစောတွေ ထရမှာ ပျင်းတဲ့ ကျွန်မအတွက် အခုဆိုရင် မနက်ခင်းတိုင်းဟာ
စိတ်လှုပ်ရှားတက်ကြွစရာ ဖြစ်နေခဲ့ပါပြီ.. အရင်က ကားပေါ်ရောက်တာနဲ့ ကားကတ်ဆက်က
လာတဲ့ သီချင်းသံကို မျက်စိမှိတ်ကာ နားထောင်ကျင့် ရှိခဲ့ပေမဲ့.. အခုတော့
သူရပ်စောင့်ရာ ကားမှတ်တိုင်ကလေးဆီကိုပဲ မှန်းမျှော်ရင်း
လိုက်ပါလာတတ်ခဲ့ပြီလေ.. အခုဆို ကျွန်မရဲ့ မနက်ခင်းအချိန်လေးတွေဟာ
သူ့ကြောင့် လှပသာယာခဲ့ပြီလေ..
အဲဒီလိုနဲ့ မနက်ခင်းလေးတိုင်းဟာ
ကျွန်မအတွက် ပုံမှန်ထမ်းဆောင်ရာ ဂျူတီချိန်လေးတွေ ဖြစ်လာခဲ့တယ်.. သူရှိရာ
ကားမှတ်တိုင်လေးကို အမြဲတမ်း လှမ်းမျှော်ရင်း.. ကြည့်ရှုတတ်ခဲ့ပြီလေ..
ကျွန်မအတွက် ဒီမနက်ခင်းလေးတွေဟာ ပြီးပြည့်စုံတဲ့ လှပခြင်းတွေ ပေးလို့
နေခဲ့ပါပြီ... အသက်ချင်း အရမ်းကွာမယ့် ပုံလေးပေမဲ့ သူရဲ့ဖြူစင်လှတဲ့
ပုံသဏ္ဍာန်လေးကို ကျွန်မ ရူးနှမ်းစွာပင် ချစ်ခင်တွယ်တာမိခဲ့ပါပြီ...
ကျွန်မရဲ့လေးနက်မိနေတဲ့
စိတ်က လူပြောများလှတဲ့ တယ်လီပသီဆိုတဲ့ နည်းကလေးကို ထိစပ်မိစေခဲ့ပြီ
ထင်ပါရဲ့.. ကံတရားက ကျွန်မရဲ့ ပုံမှန်ထမ်းဆောင်နေကျ တာဝန်အတိုင်း သူ့ကို
လှမ်းကြည့်မိတတ်တဲ့ ကျွန်မအတွက် အလှပဆုံးနေ့ကလေးတစ်နေ့ကို ကျော်ဖြတ်ခွင့်
ပေးခဲ့တယ်လေ.. အမြဲ ပုံမှန်ခိုးကြည့်နေကျ ကျွန်မအဖို့ အဲဒီနေ့လေးမှာလဲ
လုပ်ရိုးလုပ်စဉ်အတိုင်း ကြည့်မိရာက လှမ်းကြည့်လာတဲ့
သူ့မျက်ဝန်းနဲ့ဆုံမိတဲ့အခိုက်မှာတော့.. ခြေမကိုင်မိ လက်မကိုင်မိ
ဘာလုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်.. စက္ကန့်မျှ အခိုက်အတန့်လေးမှာ ရင်တွေ
တဒိန်းဒိန်ခုန်လာရလောက်အောင် သူ့အကြည့်တွေက ပြုစားနိုင်ခဲ့မယ်လို့
မထင်ထားခဲ့မိဘူးလေ.. အရမ်းကိုလဲ ပျော်ရွှင်မိခဲ့တယ်.. အဲဒီနောက်မှာတော့
ကျွန်မရဲ့ မနက်ခင်းတိုင်းဟာ.. သူကလေးနဲ့ အကြည့်ချင်းဆုံရင်း
ကုန်ဆုံးခဲ့ရပါပြီ.. တစ်ယောက်ကို တစ်ယောက် ခိုးကြည့်ရင်း
ရင်ခုန်ကျေနပ်မိခဲ့ပါပြီ..
အဲဒီပျော်စရာ နေ့ရက်ကလေးတွေ
ပျက်သုန်းမယ်ဆိုတာ ဘယ်တုန်းကမှ မထင်ခဲ့မိတဲ့ ကျွန်မအတွက် အဲဒီလို နေ့တွေ
ကြုံလာခဲ့တာဟာ တကယ့်ကို ငရဲဘုံ၊ ငရဲခန်း ရောက်ရသလို ဖြစ်ခဲ့ရတယ်လေ..
မနက်တိုင်းလှမ်းမျှော်နေကျ သူရှိရာ ကားမှတ်တိုင်လေးကို
လှမ်းမျှော်တတ်ခဲ့တဲ့ ကျွန်မအတွက် ပျော်ရွှင်စရာတွေ
ပျောက်ဆုံးသွားရလောက်အောင်ကိုပဲ ဖြစ်ခဲ့ရတယ်လေ... ကျွန်မမျက်လုံးထဲမှာတော့
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ကားမှတ်တိုင်လေးရဲ့ပုံရိပ်က ရင်ထဲထိအောင်
စွဲသွားလို့ နေခဲ့ပါတယ်.. သုဿန်တစပြင်လို ဖြစ်နေတဲ့ ကျွန်မရဲ့
ကားမှတ်တိုင်လေး... ပန်းတွေမပွင့်တော့တဲ့ ကျွန်မရဲ့ကားမှတ်တိုင်လေး..
အဲဒီကားမှတ်တိုင်လေးမှာ ပန်းတွေ ပြန်ပွင့်အောင်.. ပျော်ရွှင်စရာအတိ
ပြန်ဖုံးအောင် ကျွန်မစိတ်ထဲ နှစ်ရှည်လများပမာ စောင့်ခဲ့ရတယ်လေ.. သူ့ကို
ပြန်မတွေ့တော့ဘူးလို့ ထင်ခဲ့ပေမဲ့.. ကျွန်မရဲ့တာဝန်ဝတ္တရားအတိုင်း
မနက်ခင်းတိုင်းမှာ အထီးကျန်ကားမှတ်တိုင်လေးကို လှမ်းမျှော်ကြည့်ရှုဆဲ
ဖြစ်ခဲ့ပါတယ်.. ကားစောင့်သူ လူတွေဘယ်လောက်ရှိရှိ ကျွန်မရဲ့သူကလေးကတော့
ဘယ်ဆီ ဘယ်ဝယ်ရောက်လို့ နေခဲ့ပြီမှန်း မသိတော့ပါဘူး...
ဒီလိုနဲ့
ကျွန်မနှစ်ရှည်လများပမာ စောင့်ခဲ့ရတဲ့နေ့တွေ ကုန်ဆုံးပြန်ခဲ့ပါပြီ.. သူကလေး
ပျောက်ကွယ်ခဲ့ပြီး နှစ်ပတ်လောက်အကြာမှာတော့.. ကျွန်မရဲ့ကားမှတ်တိုင်လေး
ပြန်လည်လန်းဆန်းလာခဲ့ပြန်ပါပြီ.. မထင်မှတ်ခဲ့မိတဲ့ နေ့လေးတစ်နေ့မှာ
ကျွန်မရဲ့မျက်ဝန်းအိမ်ထဲမှာ ထင်ကျန်နေတဲ့ ပုံရိပ်ကလေး
ပြန်လည်ရှင်သန်လာခဲ့ပြန်ပါပြီ... အမြဲတမ်း ရှိနေခဲ့တဲ့နေရာလေးမှာ
စူပုတ်ပုတ်အရိပ်ကလေးကို ပြန်လည်မြင်ခွင့် ကြုံခဲ့ရပြန်ပါပြီ.. အရင်အတိုင်း
သူကလဲ ကျွန်မဖယ်ရီကို မြင်တာနဲ့ လိုက်လံငေးမော ကြည့်တတ်လို့ နေခဲ့ပါပြီ..
ထိုနေ့ကတော့ ကျွန်မရဲ့အပျော်တွေ ဘယ်လိုမှ မထိန်းနိုင်စွာပဲ သူ့ကို
ရယ်ပြခဲ့သလို.. ကားဆက်ထွက်သွားသည့်တိုင် လည်ပြန်လှည့်ကြည့်ခဲ့မိပါပြီ...
သူကတော့ သူ့ပုံလေးအတိုင်း အရယ်အပြုံးမရှိ စူပုတ်ပုတ်လေးနဲ့ပဲ အခုထိတိုင်
ရှိနေခဲ့ပါတယ်...
နောက်ပိုင်းရက်တွောမှာတော့ ကျွန်မအတွက်
ကံကောင်းတဲ့ရက်တွေ ပိုင်ဆိုင်ခဲ့ရသလို ပျော်ရွှင်စရာ
ဆိတ်သုန်းတဲ့နေ့တွေကိုလဲ ရင်ဆိုင်ခဲ့ရပါပြီ... တခါတခါ သူ့ကို
သူ့ကားမှတ်တိုင်လေးမှာ တွေ့ရတတ်ခဲ့ပေမဲ့ .. တခါတခါမှာတော့
ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ကားမှတ်တိုင်လေးကို အထီးတည်းတွေ့မြင်ခဲ့ရပါပြီ...
ကြုံရဖန်များလာတော့လည်း.. ကျွန်မအတွက် သူ့ကို မတွေ့ရတဲ့နေ့ရက်တွေကို
နေနိုင်ခဲ့ပေမဲ့ အမြဲတမ်းတော့ ကားမှတ်တိုင်လေးကို ကြည့်ရှုမိဆဲ
ဖြစ်ခဲ့ရတယ်လေ.. ထိုကားမှတ်တိုင်လေးမှာ သူရှိသည်ဖြစ်စေ.. မရှိသည်ဖြစ်စေ..
ကျွန်မချစ်သော သူကလေးနှင့် ယှဉ်တွဲနေသော ထိုကားမှတ်တိုင်လေးကို
ချစ်မိနေခဲ့ပါပြီ.. သူမရှိတတ်ခဲ့တဲ့ ကားမှတ်တိုင်လေးရဲ့
လှုပ်ရှားမှုပုံရိပ်ကလေးတွေကို လိုက်ပါစီးမျောရင်း ပျော်ရွှင်စရာ
နေ့ရက်ကလေးတွေကို မှတ်မိသတိရလျက်ရှိနေဆဲဖြစ်နေခဲ့ပါပြီ... သူ့အတွက်..
ကျွန်မအတွက် အပျော်တွေ စတင်ခဲ့ရာ ထိုနေရာလေးကို တစ်သက်လုံးအမှတ်တရ ရှိနေဆဲ
ဖြစ်ရင်း... ကောင်လေးရေ.. နင် ဘယ်ရောက်ရောက် ငါ မျှော်နေဆဲပါဆိုတာ
နင်သိစေချင်ခဲ့ပါတယ်...
အရေးအသား ရိုးစင်းတိုပြတ်လွန်းတယ်.... တကယ်ဆို ဝါကျတွေထဲမှာ နာမဝိသေသနတွေ ကြိယာဝိသေသနတွေ အများကြီး ထပ်မံတွဲစပ်ဖွဲ့နွဲ့၊ ပိုပြီးတန်ဆာခြံရံခမ်းနားတဲ့ အက်ဆေးတစ်ခု ဖြစ်လာနိုင်ပါတယ်....။
ReplyDelete