ခုတလော အပျင်းထူနေတာနဲ့ စာမရေးဖြစ်တာ တော်တော်ကြာနေပြီလို့ ပြောရင်
တကယ့်စာရေးဆရာကြီးတွေက လာထုရိုက်မလားမသိဘူး။ မတောက်တခေါက် စိတ်ထဲရှိရာတွေ
လျှောက်ရေး.. အစီအစဉ်မကျ.. ဌာန်ကရိုဏ်းကလွဲ .. အဲလိုနဲ့
လျှောက်ရေးချင်ရာတွေ လျှောက်ရေးတတ်တဲ့ ကျွန်မ.. အခုလဲ ခရီးလေးတစ်ခု
သွားဖြစ်ပါတယ်။ အတူသွားဖော်သူငယ်ချင်းတစ်ယောက်က စာရေးဆရာမကြီး..
ဒီတစ်ခါရော.. ဒီခရီးအတွက် လျှောက်ရေးဦးမှာလား မေးတဲ့အတွက်..
ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေ မေ့ပြီး.. တတ်ထားတဲ့ ကပေါက်တိကပေါက်ချာ
ပညာရပ်လေးနဲ့.. ရှိသမျှဥာဏ်ကလေး လျှောက်သုံးပြီး လူအမြင်ကတ်အောင်
စာလေးတစ်ပုဒ်တော့ ရေးဦးမှပါလို့.. တွေးလိုက်မိတယ်။ ခရီးသွားအဟာရလို့
ဆိုချင်ဆိုပါစေ။ ဘာပဲပြောပြော ကိုယ့်အတွက်အမှတ်ရစရာ
ဒီပျော်ရွှင်စရာခရီးလေးကို နောင်ဘယ်တော့မှ မမေ့နိုင်အောင် မှတ်တမ်းတင်ပြီး
ရေးလိုက်မိပါပြီ။
ခရီးသွားခြင်းအလုပ်ကို ၀ါသနာပါသော်လည်း
ခရီးထွက်ခဲလှသော ကျွန်မအတွက် ဒီနှစ်အတောအတွင်း ခရီးတော်တော်များများ
သွားဖြစ်လို့ နေခဲ့တယ်။ ဒါပေမဲ့ သွားသမျှ ခရီးတော်တော်များများဟာလည်း
အပျော်ခရီးတွေသာ ဖြစ်လို့နေပြန်တယ်လေ။ ယခုလည်း ကျွန်မ ခရီးလေးတစ်ခု
ထွက်မိပါတယ်။ မော်လမြိုင်တဲ့.. မော်လမြိုင်လို့သာ ပြောတာပါ။
မော်လမြိုင်မရောက်တဲ့ ပေါင်နားက ရွာတဲ့.. အို.. ဘယ်လိုပဲဖြစ်ဖြစ်..
ဒီခရီးကို တော်တော်ဝေးဝေးကတည်းက လိုက်ချင်နေမိခဲ့တာပါ။ သူငယ်ချင်းတွေ
စုပြီး မီးပုံးပျံလွှတ်မယ်။ ကျွန်မတို့ လို့ကိုင်မီး(မီးပုံးပျံ)တဖွဲ့လုံး
ပါမယ်ဆို ကတည်းက လိုက်ချင်ခဲ့တာ ထွန့်ထွန့်လူးလို့ပါပဲ။ ဒါပေမဲ့
လိုက်ရမယ်လို့ မထင်ထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
သိပ်သွားချင်လွန်းလှလို့ ခွင့်တောင်းပြီး သွားခွင့်ရထားတဲ့
တောင်ကြီးတန်ဆောင်တိုင်ကိုလဲ သွားထားတာကြောင့် အိမ်ကို
ခွင့်မတောင်းရဲခဲ့ပါဘူး။ ခွင့်ပြုမယ်လို့လဲ မထင်ထားခဲ့မိပါဘူး။ ဒါပေမဲ့
မသွားခင် ၂ ပတ် ၃ ပတ်လောက်အလိုမှာ မေမေက သွားချင်သွားလို့
ခွင့်ပြုတာကြောင့် သွားချင်လွန်းလို့ ထွန့်ထွန့်လူးနေသော ဒေါ်ကေပိုးတို့
ရေငတ်တုန်း ရေတွင်းထဲတင် မကဘူး.. ရေကန်ထဲ ကျတဲ့အဖြစ်တောင်
ရောက်သွားသလိုလိုဖြစ်ခဲ့ရပါတယ်။ အလွန့်အလွန်ကို ပျော်ထွက် သွားခဲ့တယ်လေ။
အပျော်ခရီးသက်သက်ဖြစ်ခဲ့ပေမဲ့
ကျွန်မအဖို့တော့ စိတ်ဝင်စားစရာ၊ ဗဟုသုတ ရစရာတွေနဲ့ တွေ့ကြုံခဲ့ရတဲ့
ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ပေါ်သူမဟုတ်တဲ့
ကျွန်အတွက်.. အောင်ပန်းသူ၊ အောင်ပန်းသားတွေဖြစ်တဲ့ တောင်ပေါ်သူ၊ တောင်ပေါ်သား
အပေါင်းအသင်းတွေရဲ့ ဓလေ့စရိုက်၊ အမူအကျင့်လေးတွေနဲ့ ညမီးကျီး မီးပုံးပျံ
လွှတ်ပုံတွေကိုလဲ အနီးကပ် လေ့လာနိုင်ခဲ့လို့ပါပဲ။
သူငယ်ချင်းတစ်ယောက်ရဲ့ဘုရားတည်တဲ့ပွဲကို သွားရောက် ဂုဏ်ပြု ကြမယ့်
တောင်ပေါ်က ကျွန်မတို့အဖွဲ့ရဲ့ မီးပုံးပျံကိုလည်း အနီးကပ်တွေ့ခဲ့ရပါတယ်။
မသွားခင်ရက်တော်တော်လေး ကတည်းက ဘယ်လိုသွားရမယ်.. ဘာအစီအစဉ်တွေ ရှိတယ်ဆိုတာ
သိနေရသလို.. ဒီခရီးအတွက် အကုန်အကျ များလွန်းလို့ သူငယ်ချင်းလေးအိမ်က
ဆယ်ဘီးကားကြီးနဲ့ စီစဉ်ထားကြောင်းကိုလည်း သိခဲ့ရတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ..
ဆယ်ဘီးကားလဲ ကျွန်မစီးနိုင်ခဲ့ပါတယ်။
သူငယ်ချင်းတွေအားလုံးစုံကြမှာမို့ပေါ့။ Express ကား ငှားရင်မှ
ကိုယ့်ထိုင်ခုံ ကိုယ်ထိုင်နေရမှာမို့.. ဒီကားကြီးနဲ့ တစ်စုတစ်ဝေးထဲ
အတူတူအော်ဟစ်ပျော်ပါးပြီး လိုက်ရမှာမို့ ပိုလို့တောင် ကျေနပ်လို့
နေပါသေးတယ်။ မသွားခင် ရက်အနည်းငယ်လောက်ကတော့ ဘယ်သူတွေကတော့
ရန်ကုန်ဆင်းလာမယ်.. ဘယ်သူတွေကတော့ ကျွန်မနဲ့အတူတူလိုက်ကြမယ်ဆိုပြီး
အော်ဟစ်နေကြပေမဲ့.. တကယ်တမ်း သွားရတဲ့အခါမှာတော့ ရန်ကုန်ကအထွက် ..
ကျွန်မတစ်ယောက်ထဲ ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်းတွေကတော့ တစ်ယောက်ထဲ
ဖြစ်ပါ့မလား စိုးရိမ်နေကြပေမဲ့.. ရန်ကုန်သူဖြစ်တဲ့ ကျွန်မအတွက်တော့
ဒီခရီးဟာ.. သူငယ်ချင်းတွေနဲ့ဆုံရမယ့် ခရီးဖြစ်လို့ အခြားအရာတွေက အသေးအဖွဲ
ဖြစ်လို့ နေခဲ့ပါတယ်။
၃ ရက်နေ့ မနက်မှာတော့
ကျွန်မသူငယ်ချင်းတွေအဖွဲ့ အောင်ပန်းက ဆင်းလာကြပါပြီ။ ကျွန်မကတော့
နောက်ရက်တွေ ရုံးက ခွင့်ယူရမှာမို့.. အဲဒီနေ့တစ်ရက်တော့
ရုံးသွားတက်လိုက်ပါသေးတယ်။ ရုံးကနေပဲ.. ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်ကာ..
ဘယ်ရောက်နေပြီလဲ.. ဘယ်ရောက်နေပြီလဲလို့.. ဖုန်းဆက်မေးရတာ..
အမောဖြစ်ခဲ့ရပါတယ်။ ဘာပဲပြောပြော မော်လမြိုင်ခရီးအတွက် .. ကျွန်မ
ကြိုတင်ရင်ခုန်ခဲ့ရပါတယ်။ ၄ ရက်နေ့ မနက်မှာတော့ မော်လမြိုင်သွားဖို့.. မနက်
ငါးနာရီခွဲကြီး ကျွန်မ အိမ်ကနေ ထွက်လာခဲ့ပါပြီ။ အိမ်ဂိတ်ကနေ မနက် ၆
နာရီထွက်လာတဲ့ အဝေးပြေးကားကြီး.. အောင်မင်္ဂလာကားဂိတ်ကနေ မနက် ၇နာရီမှာ
မော်လမြိုင်သို့ ထွက်ခွာလာခဲ့ပါတော့တယ်။ ကားထွက်ပြီဆိုတာနဲ့
ဘယ်အချိန်ကားထွက်လာတယ်.. ဘယ်အချိန်လောက် မှန်းပြီး ငါ့ကို လာကြိုလို့
ပြောဖို့ သူငယ်ချင်းတွေဆီ ကျွန်မ ဖုန်းလှမ်းခေါ်မိပါတော့တယ်။ ဒါပေမဲ့လည်း..
ဘယ်သူ တစ်စုံတစ်ယောက်ဆီကိုမှ ဖုန်းခေါ်လို့ မရခဲ့ပါဘူး။ တစ်ချိန်လုံး
ခေါ်နေပေမဲ့.. ဘယ်လိုမှ ခေါ်မရတာမို့... ကျွန်မတို့ သွားမယ့်အရပ်မှာ GSM တွေ
မမိလောက်ဘူးလို့ သိလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွားမယ့်အရပ်ကို
သူငယ်ချင်းမလေးက ပြောပြထားတာမို့.. ကားစပယ်ရာကို.. ကျွဲခြံ၊ အလတ်သွားမယ့်
ကားဂိတ် ရောက်ရင် ပြောဖို့ အခါခါ မှာမိပါတော့တယ်။
နေ့လည် ၁၁
နာရီသာသာမှာ ဘီးလင်းရောက်လာခဲ့တာမို့.. ကျွန်မ စိတ်ပူစပြုလာခဲ့ပါပြီ။
ကျွန်မရဲ့ ဖုန်းကလဲ service မမိတော့ပါဘူး။ သူငယ်ချင်းတွေနဲ့ ဘယ်လို ဘယ်လို
ဆက်သွယ်ရမှန်း မသိတော့တာကြောင့်.. ကျွန်မ စိတ်ပူစပြုလာလို့ နေပါပြီ။
ဘီးလင်းမှာ ကားရပ်ပြီး ထမင်းစားကြရတာမို့.. ထမင်းဆိုင်က ဖုန်းနဲ့
သူငယ်ချင်းတွေကို ဆက်သွယ်တော့လဲ .. ဘယ်လိုမှ ဆက်သွယ် မရခဲ့ပါဘူး။ ဒါနဲ့ပဲ..
ကျွန်မ အိမ်ကို ဖုန်းများဆက်လေမလားဆိုတဲ့အတွေးနဲ့ အိမ်ကို ဖုန်းခေါ်ပြီး..
ဘီးလင်းရောက်နေပြီ ဖြစ်ကြောင်းနဲ့ သူငယ်ချင်းတွေ ဆက်သွယ်လာရင်..
ဘယ်အချိန်လောက် ကျွန်မရောက်နိုင် ကြောင်းကို မှာထားခဲ့ရပါတော့တယ်။
ထမင်းစားပြီး ဘီးလင်းက ထွက်လာတဲ့ ကျွန်မတို့ကား.. ပေါင်မြို့အရောက်မှာတော့
ကားစပယ်ရာက.. ကျွဲခြံဆင်းမယ့် ညီမ.. ဆင်းဖို့ ပြင်ထားတော့လို့
ဆိုလာပါတော့တယ်။ သိပ်မကြာပါဘူး.. ကျွဲခြံဂိတ်သို့ ရောက်ရှိလို့လာခဲ့ပါပြီ။
ပါသမျှအထုပ်ဆိုလို့.. suit case တစ်လုံးရယ်၊ ကျောပိုးအိတ်ရယ်မို့
အဲဒါတွေကိုယူပြီး.. ကျွန်မ ကားပေါ်က ဆင်းခဲ့ပါပြီ။
အဲဒီနောက်တော့
ကျွဲခြံကနေတော့ ဘယ်ကို ဆက်သွားရမယ်ဆိုတာ ကျွန်မ ထပ်မသိရှိတော့ပါဘူး။
လာကြိုမယ့် သူငယ်ချင်းတွေကိုပဲ စောင့်ရတော့မှာပါ... လာကြိုဖို့
ချိန်းထားခဲ့တာနဲ့ ၂နာရီလောက် ကွာနေတာမို့.. ကားဂိတ်အနားမှာ ရှိတဲ့
လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ၀င်ထိုင်ပြီး.. မနက်စောစောက
ဆယ်ဘီးကားကြီးတစ်စီးနဲ့ လူတွေအများကြီး.. အလတ်ဘက်သွားမယ့် လမ်းကို
ဖြတ်သွားသလား စုံစမ်းကြည့်တော့ မသိပါဘူးတဲ့။ အားတက်စရာ စကား ကြားခဲ့ရပါတယ်။
ဘာပဲပြောပြော လာကြိုမှာကို သိနေလို့.. လက်ဘက်ရည်ဆိုင်က ကောင်လေးကိုပဲ
သူငယ်ချင်းတွေ လာကြိုမှာမို့ ခဏ၊ တစ်နာရီ၊ နှစ်နာရီလောက် ထိုင်ပါရစေလို့..
ခွင့်တောင်းမိပါတယ်။ ဒါပေမဲ့ နောက် ၁၅ မိနစ် လောက်မှာတော့
ဆိုင်ကယ်တစ်စီးနဲ့ ကျွန်မသူငယ်ချင်းလေး ရောက်ရှိလို့ လာတာကို
တွေ့လိုက်ရပါတော့တယ်။
စိတ်ထဲမှာ
ပျော်လိုက်တဲ့ဖြစ်ခြင်းရယ်ပါ။ ရန်ကုန်သူမို့ မကြောက်လန့်အောင်
ဟိတ်ဟန်တွေနဲ့ နေနေရပေမဲ့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိတဲ့အချိန်မှာ..
ကယ်ဆယ်မယ့် ကျွန်မရဲ့ ချစ်ညီမလေးကို တွေ့လိုက်ရတဲ့ခဏ အရမ်းကို ပျော်ရွှင်
သွားခဲ့မိပါတယ်။ သူငယ်ချင်းမလေး လုံးလုံးနဲ့
သူမရဲ့အကိုဝမ်းကွဲ.. ဆိုင်ကယ်တစ်စီးနဲ့ ကျွန်မကို လာကြိုကြတယ်လေ။
အဲဒီတော့မှ သက်ပြင်းချနိုင်တဲ့ကျွန်မ.. အိမ်ကို လုံးလုံးတို့ လာကြိုပြီလို့
ဝမ်းသာအားရ ဖုန်းခေါ်မိပါတယ်။ အဲဒီနောက်မှာတော့ ၃ယောက်ဖြစ်တာကြောင့်..
ကျွန်မနဲ့ လုံးလုံးက ဆိုင်ကယ်စီးပြီး.. လုံးလုံးအကိုဝမ်းကွဲကိုတော့
ကျွန်မအထုပ်အပိုးတွေရယ်နှင့် လိုင်းကားနဲ့ လိုက်လာစေလိုက်ခဲ့ပါတော့တယ်။
တော်တော်ကြာကြာ ဆိုင်ကယ်စီး လိုက်ရပြီးနောက်မှာ.. အလတ် သွားတဲ့
လမ်းမကြီးပေါ်ရဲ့ ပထမဆုံးရွာဖြစ်တဲ့ လုံးလုံးတို့အဖေရဲ့ ဇာတိ... အဟောက်ရွာ
လေးကို ရောက်ရှိခဲ့ပါတယ်။ ကျွန်မတို့ တည်းတဲ့နေရာဖြစ်တဲ့..
ရွာဦးဘုန်းကြီးကျောင်းကိုတော့.. အဝေးကပင် လှမ်းလို့ မြင်နေရပါတယ်။
No comments:
Post a Comment