ကွင်းထဲမှာ တော်တော်ကြာကြာ အော်ဟစ်ပျော်ရွှင်နေတဲ့ ကျွန်မတို့အဖွဲ့
ကွင်းထဲမှနေပြီး ဘုရား ရင်ပြင်တော်ပေါ်ကို အော်ဟစ် က ခုန်ပြီး
ဝင်လာခဲ့ကြပြန်ပါတယ်။ တစ်ဖွဲ့တည်းဖြစ်ပေမဲ့ တောင်ပေါ်သူ မဟုတ်တဲ့
ကျွန်မအတွက်တော့ တောင်ပေါ်သူ၊ တောင်ပေါ်သား သူငယ်ချင်းတွေ က ခုန်နေကြတာကိုပဲ
ဘေးက ကြည့်မိနေမိပါတယ်။ ဒါကို မြင်တဲ့ သူငယ်ချင်းတွေက အတင်းကို ၀ိုင်းထဲ
ခေါ်သွင်း က ခိုင်းတာမို့ ရှက်တတ်တဲ့ ကျွန်မ ဘယ်လိုမှကို ဝေးဝေးရှောင်မရပဲ
သူတို့ နဲ့အတူ ရောနှော က ဖြစ်ခဲ့ပါသေးတယ်။ အဲလို ၀င် က တော့မှပဲ
သူငယ်ချင်းတွေရဲ့ မျက်နှာပြုံးပြုံးတွေကို ထပ်မံ တွေ့ရှိခဲ့ရပြန်ပါတယ်။
ရင်ပြင်တော်ကို
၃၊ ၄ ခေါက်လောက် ပတ်ပြီး ရှမ်းသီချင်းတွေ ဆိုကြ၊ ဓနုသီချင်းတွေဆိုကြနဲ့
အလွန်ကို ပျော်ရွှင်စရာ ကောင်းလှသလို၊ အချင်းချင်း ရှမ်းသိုင်းနဲ့ က ကြတဲ့
အက တွေကိုလဲ သူငယ်ချင်းတွေ က တာ မြင်ခဲ့ရပြန်ပါတယ်။ မှတ်မှတ်ရရပါပဲ။
နံမည်ကျော် ဓနုသီချင်းဖြစ်တဲ့ .. “ပင်စိမ်းသီး အညှာခြွေချ တောင်ကြီးသူမ
ငါနဲ့ရ” ဆိုတဲ့ နေရာမှာ “အဟောက်သူမ ငါနဲ့ရ” လို့ ဆိုလို့ အဟောက်ရွာသူတွေ
အော်ဟစ်တာကိုလဲ ရီစရာအနေနဲ့ ထပ်မံ တွေ့ခဲ့ရပြန်ပါတယ်။
အဟောက်ရွာသူ၊
ရွာသားတွေလဲ မနေနိုင်လောက်အောင်ပဲ ကျွန်မတို့နဲ့ အတူ ၀င်ရောက် က
ကြတာကိုလည်း တွေ့ရပြန်တော့ ကျွန်မတို့ အပျော်တွေ သူတို့ဆီပါ
ကူးစက်နေပါလားလို့ ၀မ်းသာစရာ တွေးမိခဲ့ပြန်ပါ သေးတယ်။
အဲဒီနောက်မှာတော့
ဘုရားရင်ပြင်တော်ကနေ ဆင်းလာခဲ့ကြပြီး ပြီးဆုံးပြီလို့ ကျွန်မထင်တဲ့
ဒီပွဲလေး.. အလှူရှင်တွေ တည်းခိုတဲ့ ကျွန်မတို့ ဇရပ်ဆီကို ရောက်ရှိလာကာ
အဲဒီနောက်မှာလဲ မပြီးဆုံးနိုင်သေးပဲ သီချင်းတွေဆို၊ ရှမ်းအကတွေ က နဲ့
ရှိနေတဲ့ကြားက အငယ်လေးဆိုတဲ့ သူငယ်ချင်းလေးက ဘယ်ကနေ ဘယ်လို
ဇလုံတစ်လုံးရလိုက်တယ် မသိပါဘူး.. ဇာတ်လမ်း နောက်တစ်မျိုး စတော့တာပါပဲ။
အလှူရှင် အန်တီညိုဆီကို စတင်ပြီး အလှူခံတော့တာပါပဲ။ အစ ပထမတော့
သူငယ်ချင်းတွေဆိုတဲ့ လင်္ကာလေးကို သေချာ မသိခဲ့ပေမဲ့.. နောက်ပိုင်း ရွာထဲက
အိမ်တိုင်းလိုလိုကို အလှူခံထွက်တော့မှပဲ အကြိမ်ကြိမ်ကြားကာ ခဏနဲ့ ကျွန်မလဲ
ဒီလင်္ကာလေးကို ရခဲ့တယ်။ အန်တီညိုဆီမှာ အလှူခံပြီးနောက် သူငယ်ချင်းတွေအားလုံး
တိုင်ပင်ပြီး ၅ ရက်တာလောက် ရွာထဲက ဆိုင်တွေမှာ သောက်စားကုန်ကျထားတာတွေ
ပြန်အလျော်တောင်းရအောင် ဇလုံကြီး ပိုက်ပြီး ထွက်လာခဲ့ကြတယ်လေ။
ပါးစပ်ဖျားကနေလဲ.. ကျွန်မပြောတဲ့
“ အိမ်ရှင်တို့.. အိမ်ရှင်တို့..
မီးဆူခံတယ်ဗျို့..
မီးဆူခံပါ ပွဲတကာ..
ငွေလေးငါးမူး ရသေးဘူး..
ရသေးဘူးဆို အိမ်ဆွဲဖြို..
မိုးရွာမှ ဆောက်ပေးမယ်..
ဆောက်ပေးမယ်ဟေ့.. ဆောက်ပေးမယ်..” ဆိုတဲ့ ကဗျာလေးကို အော်ဟစ်ဆိုညည်းပြီး တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ အလှူခံထွက်ခဲ့ကြပါတော့တယ်။
အဖွဲ့လေးထဲမှ
သူငယ်ချင်းလေးတစ်ယောက်ဖြစ်တဲ့ မောင်တွီးတစ်ယောက် ဘယ်လိုဘယ်ပုံတွေ
အဟောက်ရွာသူတွေကို ပုံပြောထားတယ် မသိပါဘူး။ အလှူခံထွက်တယ်ဆိုရင်ပဲ
မောင်တွီးတစ်ယောက် အဟောက်ရွာသူတွေ ဆွဲတာ ခံရတာပါပဲ။ ဘာကြောင့်ဆွဲတာလဲလို့
မေးကြည်တော့ မောင်တွီးက မပြန်ခင် ရှမ်းဘောင်းဘီရယ်၊ ပအို့ဝ်လွယ်အိတ်ရယ်ကို
ပေးမယ်လို့ ကတိပေးထားလို့ အတင်းတောင်းတာတဲ့လေ။ အလှူခံထွက်တဲ့ ကျွန်မတို့
ပြန်တောင် အလှူ ပေးရမလိုပါပဲလားလို့တောင် ရီစရာအနေနဲ့ တွေးမိပါသေးတယ်။
ဘာပဲပြောပြော ဒီညဟာ ကျွန်မတို့ ပြန်ယူရမယ့် ညမို့.. မောင်တွီးကို
သူတို့လက်ထဲ အပါ မခံနိုင်ပဲ ပြန်လည် လုခဲ့ကြပါတယ်။ အဲဒီနောက် တစ်အိမ်ဝင်
တစ်အိမ်ထွက်နဲ့ ကျွန်မတို့အဖွဲ့ သီချင်းလေးဆိုရင် ကဗျာလေး ညည်းရင်း အလှူခံ
ထွက်လာလိုက်တာ.. အလှူငွေ တော်တော်များများ ရရှိခဲ့တယ်။ ရလာတဲ့
အလှူငွေတွေကို ဘာလုပ်ကြမလဲ တိုင်ပင်ကြတော့ ဒီပွဲပြီးရင် သွားမယ့်
ကျိုက်ထီးရိုးဘုရားမှာ လှူမယ်လို့ ရည်ရွယ်ချက် ချခဲ့ပေမဲ့ ဒီရွာက
ရတဲ့အလှူငွေမို့ ဒီရွာဘုရားမှာပဲ ပြန်လှူဖြစ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့
အတော်လေးကို မိုးချုပ်နေပြီ ဖြစ်တာကြောင့် တည်းခိုရာ နေရာကို
ပြန်ခဲ့ကြပြီး.. မနက် စောစော ခရီးဆက်ဖို့ အထုပ်တွေ
သိမ်းဆည်းပြင်ဆင်ကြပါတော့တယ်။ အဲဒီနောက်တော့ ကျွန်မတို့အဖွဲ့ ၁၀ ဘီးကားကြီး
စီးပြီး မော်လမြိုင်၊ ကျိုက္ခမီ၊ စက်စဲ၊ ကျိုက်ထီးရိုးဘုရားတွေဆီသို့
ဆက်လက် ထွက်ခွာလာကြပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ လာတဲ့
ရည်ရွယ်ချက်လေး ပြီးမြောက်အောင်မြင်ခဲ့သလို ကျွန်မ သိပ်တွေ့ချင်ခဲ့သော
ကျွန်မရဲ့ ချစ်သူငယ်ချင်းများနဲ့ အတူတူ ရှိခွင့်ရခဲ့တဲ့
ဒီရက်ကလေးတွေကတော့ဖြင့် ကျွန်မတစ်သက်တာ သတိရစရာ တစ်ခုအဖြစ်
ထင်ကျန်နေတော့မှာ အသေအချာပဲ ဖြစ်လို့ နေခဲ့ပါတော့တယ်.. ဘယ်တော့မှ
မပြောင်းလဲသော၊ ဘယ်တော့မှ မကုန်ဆုံးသော ချစ်ခြင်း၊ ခင်မင်ခြင်းများနဲ့အတူ
ကျွန်မသူငယ်ချင်းများကို ချစ်ခင်လျက် ရှိကြောင်းကိုလည်း
ဒီအဟောက်ရွာခရီးလေးကနေ သေချာ သိခဲ့ရပါတော့တယ်..
ကျွန်မတို့ လို့ကိုဝ်အဖွဲ့
ပြီးပါပြီ..
No comments:
Post a Comment