Pages

Sunday 29 April 2012

ကြုံခဲ့ဖူးတဲ့ တစိမ်းသကောင့်သားတွေ

ညက တီဗီကနေ ကြော်ငြာတစ်ခုကြည့်ရတယ်.. Appeton Weight gain ကြော်ငြာတာ.. ကြော်ငြာထဲမှာတော့ ကောင်လေးက ကောင်မလေးကို မိုးပျံပူဖောင်းလေးတွေ လိုက်ပေးတာ.. လေတိုက်လိုက်တဲ့အချိန်ကျတော့ ပိန်လွန်းတဲ့ ကောင်လေး မိုးပျံပူဖောင်းနဲ့အတူ လေထဲလွင့်သွားရော.. အဲဒီကြော်ငြာကို ကြည့်ပြီး ဘာကို သတိရမိလဲဆိုတော့ ကျွန်မငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုကို သတိရမိသလို အဲဒီနောက် ဆက်လက်တွေးမိတာတွေ ဖြစ်လာတော့တာပဲ.. ငယ်ကတည်းက ပိန်တဲ့ ကျွန်မ .. ခုထက်ထိလဲ ခပ်ပိန်ပိန်ပါပဲ.. မှတ်မှတ်မိမိ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က ရည်းစားစကား လိုက်ပြောပါတယ်.. ဘာမှတောင် ပြန်စဉ်းစားဖို့ အချိန်မရဘူး.. နောက်တစ်နေ့ သူငယ်ချင်းတွေဆီကနေ သတင်းကြားရတယ်.. စကားလိုက်ပြောတဲ့ကောင်လေးရဲ့ သူငယ်ချင်းတွေက ကျွန်မ ပိန်လို့ စိတ်မ၀င်စားပါနဲ့တဲ့.. ခပ်ချောချော ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမှာမို့.. ကျွန်မကို မေ့လိုက်ပါတဲ့လေ.. ရီရပါတယ်.. ကျွန်မကရော.. အဲ့ကောင်လေးကို စိတ်ဝင်စားသေးလို့လား.. လုံးဝ စိတ်ထဲ မရှိသေးတာပါ.. မှတ်မှတ်ရရတစ်ယောက်ပါပဲ..

 နောက်တစ်ယောက်က.. အထက်တန်းတွေအောင်လို့ အပြင်လောကကို စ၀င်ခါစမှာ.. တက်ခဲ့တဲ့ သင်တန်းမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်.. ကျွန်မတို့အဖွဲ့မှာ ရုပ်ဆိုးဆိုး ခပ်၀၀ ကောင်မလေးတစ်ယောက်ပါပါတယ်.. သူငယ်ချင်းပေါင်းတာ စိတ်ချင်းတူတဲ့သူတွေ ပေါင်းတာမို့ ဘာညာတွေ ကြည့်ပေါင်းတာမှ မဟုတ်တာ.. အဲဒါကို ကျွန်မတို့အဖွဲ့ထဲ အသစ်ဝင်လာတဲ့ ကောင်လေးက ကျွန်မသူငယ်ချင်း ၀၀ ကောင်မလေးကို အပေါင်းအသင်းမလုပ်ပါနဲ့လို့ ကျွန်မတို့ကို ပြောလာပါတယ်.. ဘာကြောင့်လဲ မေးလိုက်တော့ ရုပ်ဆိုးလို့ပါတဲ့.. ကျွန်မတို့တဖွဲ့လုံး.. အဲဒီကောင်လေးကို လန်ချဉ်သွားပါတယ်.. သိပ်မကြာဘူး.. အဲဒီကောင်လေးလဲ ကျွန်မတို့အဖွဲ့က ထွက်သွားရပါတယ်..မှတ်မှတ်ရရ ယောကျာ်းတွေပါပဲ..



 နောက်တစ်ယောက်က ကျွန်မအကိုရဲ့သူငယ်ချင်း.. ခပ်ငယ်ငယ်တုန်းက.. ကျွန်မ.. သူ့ကို သဘောကျမိပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ အိမ်ကိုလာတိုင်း.. ကျွန်မကို စိတ်ဝင်စားသယောင်တွေ ပြလွန်းလို့ပါပဲ.. ဒါမယ့် သူက ကျွန်မကို အိညှောင့်အိညှောင့်သာ ဟန်ပန်တွေပေးတာ.. ဘယ်သောခါမှ ဖွင့်မပြောခဲ့ဘူး.. ဘာကြောင့်မှန်း အစက မသိခဲ့ပါဘူး.. နောက်အတော်ကြီးကြာလို့.. သူ တခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်မှ.. အဲဒီမင်္ဂလာဆောင်ကို ကျွန်မ သွားတက်မှပဲ သိခဲ့ရတယ်.. ကေပိုးအခုလိုကျတော့လဲ မိန်းခလေးတစ်ယောက်လိုဝတ်စားလို့ပါပဲလားတဲ့.. တော်တော် အမြင်ကတ်သွားတယ်.. အရင်က ကျွန်မကို ယောကရှာများ မှတ်နေခဲ့လားပဲ..

 နောက်တစ်ယောက်က ရည်းစားဟောင်း.. မှတ်မှတ်ရရ ခုချိန်ထိ ထားခဲ့ဖူးသော တစ်ဦးတည်းသော ရည်းစားဟောင်း.. အစကတော့ ကိုယ့်ကို ချစ်တယ်လို့ ထင်ပြီး ထားခဲ့တာ.. ဘယ်ဟုတ်မလဲ.. သူ့မိဘအတွက် အဖော်ကောင်း ရမယ်ထင်လို့တဲ့.. သူ့ကို ယူရင် သူ့မိဘနဲ့ အတူနေနိုင်အောင် ကြိုးစားပေးပါ.. သူ့မိဘကို ပြုစုပေးပါနဲ့.. ကိုယ့်မိဘက ဘယ်နား နေရာပေးမယ်ဆိုတာ မပါဘူး.. သွားဟာ ဖြတ်တယ်ပေါ့.. ကိုယ်က စိတ်ကြီးတဲ့ နေတက်ရေတက်မှာ မွေးသော စနေသမီးပေပဲလေ..

 နောက်ထပ်တစ်ယောက်ကျတော့ ငယ်သူငယ်ချင်း.. ငယ်ငယ်ကတည်းက ကိုယ့်ကို စိတ်ဝင်စားနေတာ.. ဘယ်လိုမှ စိတ်မပါလို့ ငြင်းနေတာ ကြာလှပေါ့.. အဲဒါတောင် သင်္ဘောလိုက်ပြီး ပြန်လာရင် လာလာကြူချင်သေး.. သူလဲ အလကားပဲ.. ဘာတဲ့.. ကိုယ့်ကို ရွေးတာ.. သူ့ဘ၀အတွက် အဆင်ပြေနိုင်မယ် ထင်လို့တဲ့.. ပညာရေးရော၊ ပစ္စည်းဥစ္စာရောဆိုပဲ.. လူကို ချစ်လို့ ရွေးတာလား.. အဲဒီအရာတွေကို ကြိုက်လို့ ရွေးတာလား.. ဘာကြီးတုန်း.. သူလဲ ဂျောင်းပေါ့.. လှည့်ကို ကြည့်ချင်စိတ် ကုန်တာ..

နောက်တစ်ယောက်ကျတော့.. ကျွန်မအချစ်ဆုံးသူငယ်ချင်း.. သူ့ကို ချစ်တာ.. ကျွန်မအတွက် တော်တော်လေးကို ပေးဆပ်မှုတွေ များခဲ့တယ်.. သူလိုချင်တာ ၀ယ်ပေးရတာနဲ့.. ပို့ပေးရတာနဲ့.. မျိုးကို စုံနေတာပါပဲ.. ဝေးလံလွန်းလှတဲ့ သူနေတဲ့အရပ်ဆီတောင် ငွေကုန်ကြေးကျခံပြီး သူနဲ့တွေ့ရအောင်၊ သူငယ်ချင်းတွေနဲ့ တွေ့ရအောင် သွားခဲ့သေးသား.. ကြာတော့လဲ အချစ်ဆုံးသူငယ်ချင်းကနေ.. စိတ်ထဲက အချစ်ဆုံးတွေလို ခံစားမိလာတယ်.. သူက အစကတော့ ရောထိုင်နေပြီး.. တကယ်တမ်း စဉ်းစားရပြီလဲဆိုရော.. သူ့ရဲ့ လက်ရှိရည်းစားကိုပဲ ချစ်ပါတယ်တဲ့.. သူ့အတွက် ကိုယ်ကုန်ကျခံထားတာတွေ.. သူလိုသမျှတွေ.. ဖြည့်ဆည်းပေးခဲ့တဲ့ ကိုယ့်မျက်နှာကိုမှ မထောက်.. ပြောရက်တာမို့.. အချစ်ဆုံးလဲ. လွှင့်ပစ်ခဲ့တယ်..

 အခုလဲ နောက်တစ်ယောက်.. ကိုယ် စိတ်ညစ်နေတဲ့အချိန် ဘေးကနေ ဖေးကူပေးလို့.. သဘောကျမိပါရဲ့.. ဘာတုန်းဟ.. သိပ်တောင် မကြာလိုက်ဘူး.. စိတ်မပါတဲ့ လေသံတွေ ထွက်လာတယ်.. သူပဲ အနားကပ်လာတုန်းက ကပ်လာပြီး.. ခုမှ ဘာကြီးတုန်း.. ကိုယ့်ဘက်က ဘာမှ အလွန်အကျွံတွေလဲ မပါရ.. နောက်ပြီး.. စုတ်ပြတ်သတ်နေတဲ့ အခြေအနေလဲ မဟုတ်.. လာမလုပ်နဲ့.. အဲလိုအထာတွေတော့.. မလွမ်းလောက်ဘူး.. တကယ့်ကိုပါပဲ..

ကျွန်မဘ၀မှာ .. အဲလိုကြောက်စရာကောင်းတဲ့ တစိမ်းသော သကောင့်သားတွေနဲ့ တွေ့ခဲ့ရတယ်.. ၀ါးလုံးရှည်နဲ့တော့ သိမ်းကြုံးမရမ်းပါဘူး.. ဒါပေမဲ့.. တော်တော့်ကို ကြောက်စရာကောင်းတဲ့ ဒီလိုသတ္တ၀ါမျိုးတွေနဲ့တော့ တွေ့ခဲ့ရတာပဲ.. ဒါပေမဲ့လည်း.. အခုထက်ထိ ကျွန်မ နောင်တ မရသေးဘူး.. အကြောက်တရား မရှိသေးဘူး.. သူငယ်ချင်းယောကျာ်းလေးတွေကိုဆို ခင်ခင်မင်မင် ပေါင်းသင်းနေတုန်း.. ကိုယ့်အပေါ်.. ဒီလိုအချိုး ချိုးသွားတဲ့ သူတွေကိုလဲ.. မမေ့မလျော့ .. သတိတရ ရှိတုန်း.. အဆက်အသွယ်လုပ်နေတုန်းပဲလေ.. မှတ်မှတ်ရရ ကြောက်စရာအကောင်းဆုံးတွေကြောင့်.. ခုဆို တော်တော်လေး အတွေ့အကြုံတွေတောင် ရလာခဲ့ပြီလေ.. နောက်နောင်မှာ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် သတိထားနေတတ်ခဲ့ပြီ.. မခံစားတတ်အောင် နေတတ်ခဲ့ပြီလေ.. အော်.. တီဗီကြော်ငြာတစ်ခုရဲ့ ထိရောက်မှုက .. ကိုယ့်ဘ၀ရဲ့ လူဆိုးတွေအကြောင်းထိပါရောလားလို့ တွေးမိရင်း..

No comments:

Post a Comment