Pages

Sunday 29 April 2012

အဟောက်ရွာလေးဆီသို့ အလည်တစ်ခေါက် (အပိုင်း-၃)

ကျွန်မတို့အဖွဲ့  ထမင်းစားသောက်ပြီး ည ၇ နာရီသာသာလောက်မှာတော့ မီးပုံးပျံ လွှတ်ရန် ထွက်လာခဲ့ကြပါတော့တယ်။ ရွာဘုရားရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းက ကွင်းပြင်မှာ လွှတ်မယ်လို့ ရည်ရွယ်တာကြောင့် ကျွန်မတို့အဖွဲ့ အောင်ပန်းက လုပ်ယူလာတဲ့ ဘောလုံးကြီးရယ်၊ မီးပန်းစင်ရယ်၊ ရေနံတိုင်ရယ်ကို  ထမ်းပြီး အရှေ့ဘက် ကွင်းပြင်ကို ထွက်လာခဲ့ ကြပါတယ်။ အနီးကပ် တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်မအတွက်တော့ အရာရာဟာ ဆန်းသစ်လို့ နေခဲ့ပါတယ်။ တောင်ပေါ်ရွာ မဟုတ်တဲ့ အောက်ပြည်အောက်ရွာက ရွာသူရွာသားတွေဖြစ်တဲ့ အဟောက်ရွာသားတွေအတွက်လည်း ကျွန်မနည်းတူ သိချင်မြင်ချင်နေကြတာကိုလည်း တွေ့ခဲ့ရပြန်ပါတယ်။







ယမ်းစင်လုပ်နေကတည်းက ရွာမှာရှိတဲ့ ကလေးတွေ လာလာ ကြည့်လွန်းလို့ မောင်းထုတ်ခဲ့ရတာလဲ အမောပဲဖြစ်ခဲ့ရပါတယ်။ ယမ်းတွေ စ ကိုင်တာနဲ့လည်း ယမ်းစင်အနီးကို မီးခြစ်၊ ဆေးလိပ် စတာတွေကို အနားမှာ အရှိကို မခံတော့တာပါ။ အလွယ်တကူ ပေါက်ကွဲနိုင်တယ်လို့လဲ ကျွန်မသူငယ်ချင်း မီးဆရာ ဥာဏ်ဝင်းက ပြောပြခဲ့ပါသေးတယ်။ အခုလည်း မီးပုံးပျံလွှတ်ရာနေရာ အနီးကပ်အထိ လိုက်လာခဲ့တဲ့ ရွာသားတွေ ကို အတင်းမောင်းထုတ်ပြီး ကိုက် ၅၀၀ လောက်မှာ ကြိုးတွေတားပြီး အဲဒီစည်းကို မကျော်ရဘူးလို့လဲ စည်းကမ်း သတ်မှတ် ယူခဲ့ရပြန်ပါတယ်။ မတော်တဆ ပေါက်ကွဲမှု ဖြစ်လာမှာ စိုးတာကြောင့်ရယ်၊ စည်းကမ်းမရှိတဲ့ တစ်စုံတစ်ဦးကြောင့် ယမ်းစင် တစ်ခုခုဖြစ်မှာကြောင့်ရယ်လို့လဲ သိခဲ့ရပြန်ပါတယ်။ အဲဒီစည်းကမ်းကြောင့် စည်းဝင်းအတွင်းရောက်နေတဲ့ ကျွန်မ .. ငါလဲ ဒီစည်းထဲက ထွက်ရမှာလားလို့ သူငယ်ချင်းတွေကို လှမ်းမေးမိလိုက်ပါသေးတယ်.. တော်သေးတာပေါ့.. အမက ကျွန်တော် တို့အဖွဲ့လေ.. ဘာလို့ထွက်ရမှာလဲဆိုတဲ့ အသံကြောင့် တောင်ပေါ်သူ မဟုတ်တဲ့ ကျွန်မရဲ့ ရင်ကို ချမ်းမြေ့စေတဲ့၊ အဖွဲ့နဲ့ တစ်သားတည်းဆိုတဲ့ စိတ်ကို ဖြစ်စေခဲ့တယ်။





အဲဒီနောက်မှာတော့ မီးပုံးကြီးအတွက် မှိုင်းခံဖို့ ထင်းရှူးတိုင်တွေကို မီး စတင် ညှိပါတော့တယ်။ မှိုင်းမတိုက်ခင်မှာ လေငြိမ်၊ မငြိမ်ကို မီးခြစ် ခြစ်ပြီး စမ်းတာကိုလည်း ဗဟုသုတအနေနဲ့ သိခဲ့ရပြန်ပါတယ်။ လေငြိမ်တယ်ဆိုမှ ဘောလုံးကြီးကို မှိုင်းစတိုက်ပါတော့တယ်။



ဓာတ်ပုံရိုက်ချင်နေတဲ့ ကျွန်မအတွက်တော့ ရိုက်ခွင့်သေချာမရလောက်အောင်ပဲ မှိုင်းဝလာတဲ့ ဘောလုံးကြီးကို အောက်ကနေ ထိန်းဖို့ သူငယ်ချင်းတွေက အတင်းခေါ်တာပါပဲ။ ဘောလုံးကြီးကို လက်က တစ်ဖက် ကိုင်ရင်း မရမက ဓာတ်ပုံလိုက်ရိုက်တာကြောင့် ပုံ ၂ ပုံ ၃ ပုံတော့ ထွက်လာခဲ့ပါသေးတယ်။ မီးပုံးပျံကြီး ထောင်လာပြီ ဆိုတာနဲ့ မီးစာတိုင်(ရေနံတိုင်)သမားတွေကို အမြန်ခေါ်၊ မီးပုံးကြီးမှာ တပ်ပြီး မီးစာတိုင်ကို စတင် မီးညှိပါတော့တယ်။






မီးစာတိုင် မီးစွဲပြီဆိုတာနဲ့ အရင် အသုံးပြုထားတဲ့ ထင်းရှူးတိုင်တွေကို သတိကြီးကြီးနဲ့ တတိုင်ပြီး တတိုင် ပြန်ဖယ်ထုတ် ရတာပါပဲ။ အဲလို ဖယ်ရမှာလဲ သေချာ ဂရုတစိုက်ဖယ်ထုတ်ရတယ်ဆိုတာ တွေ့ခဲ့ရပြန်ပါတယ်။ အဲလိုမှမဟုတ်ရင် မီးပုံးပျံကိုယ်ထည် ရှမ်းစက္ကူကြီးမှာ မီးစွဲသွားနိုင်လို့ပါပဲ။ အဲဒီနောက် မီးပုံးပျံတက်နိုင်၊ မတက်နိုင်ကို မီးပုံးပျံတီကြိုးကို ကိုင်ထားတဲ့ လူလေးယောက်က ချိန်ကြည့်ရပါတယ်။ တီကြိုးဆိုတာကတော့ မီးပုံးပျံကိုယ်ထည်ကြီးနဲ့ ယမ်းခွေကို ချိတ်ဆက်ပေးတဲ့ ကြိုးကို ခေါ်တာလို့လဲ သိခဲ့ရပါတယ်။ ယမ်းစင်ကို တီကြိုးနဲ့ ချည်ပြီး မီးပုံးကြီးက ယမ်းစင်ကို ဆွဲနိုင်၊ မနိုင်ကို ချိန်ကြည့်ရပါတယ်။ ဆွဲနိုင်ပြီဆိုမှ ယမ်းခွေပင်မစနစ်က ယမ်းကြိုးတွေကို မီး စတင်ရှို့ကြတယ် ဆိုတာတွေကို လည်း ဗဟုသုတအဖြစ် သိခဲ့ရပြန်တယ်။







ပင်မစနစ်ယမ်းခွေကြိုးရဲ့အရှည်က တစ်ပေကို တစ်မိနစ်စာလောက်ပဲ လောင်မြန် တာမို့ အခုကျွန်မတို့ရဲ့မီးပုံးပျံမှာတော့ တစ်ပေမပြည့်ပဲ ၆ လက်မလောက်သာ အရှည်ထားခဲ့ကြတယ်။ အမြင့်အနေနဲ့တော့ ကိုက် ၂၀၀၊ ၃၀၀ လောက်မှာ မီးရှူးတွေကို စထွက်စေဖို့ပါပဲ။။


အစပိုင်းမှာတော့ အရမ်းကို အနားကပ်ပြီး ကြည့်ချင်နေတဲ့ ရွာက ပရိတ်သတ်ကြီး မီးပန်းတွေ စလွှတ်တယ်ဆိုရင်ပဲ ပြေးလိုက်ကြတာ အတော်လှမ်းလှမ်းကြီးမှာ ရှိနေတဲ့ ဘုရားရင်ပြင်တော်ပေါ်ကို လှစ်ကနဲ ရောက်ရှိသွားကြပါရောလား။ လှလိုက်တဲ့မီးပန်းတွေ၊ မီးပန်းတွေဆိုတာဟာ ပြောမပြနိုင်လောက်အောင်ကိုပါပဲ။ ကျွန်မတို့ မီးပုံးပျံကြီး တက်သွားခဲ့ပါပြီ။





လေငြိမ်လို့ တည့်တည့်မတ်မတ်တက်တာရော၊ မီးပန်းတွေ လှလှပပ ဖြာကျတာရော၊ အပြစ်အနာအဆာ မရှိ ပြီးဆုံးခဲ့တဲ့ ကြိုးစားမှုအတွက်ရော ကျွန်မတို့ အားလုံး ပျော်ရွှင်ခဲ့ရပါပြီ။







လယ်ကွင်းတစ်ခုလုံးလည်း လင်းလို့ထိန်လို့ ပျော်လို့ရွှင်လို့ပါပဲ။ တောင်ကြီးတန်ဆောင်တိုင်ကွင်းနဲ့ အောင်ပန်းကွင်းတွေထဲမှာ မြင်ခဲ့ဖူးပါတယ်။ တောင်ကြီးကွင်းထဲက ပြိုင်ပွဲဝင် မီးပုံးပျံတွေလောက် မလှပ၊ မကြီးမားပေမဲ့ ကျွန်မတို့ရဲ့ အချိန်တွေ၊ ငွေတွေ၊ လူတွေ အကုန်ခံ၊ အပင်ပန်းခံရကျိုး နပ်ခဲ့ရလောက်အောင် ကျွန်မတို့ မီးပုံးပျံ အရမ်းကို လှပခဲ့ပါတယ်။ ဘယ်လောက်တောင် လှလဲဆိုရင် အဟောက်ရွာက ရွာလူကြီးတွေကိုယ်တိုင်က နောင်နှစ်တွေမှာလဲ လာလွှတ်ဖို့၊ ကုန်သမျှကို သူတို့ အကုန်အကျ ခံမယ်လို့ ပြောလာတဲ့ အထိ ကိုပါပဲ။ ပျော်လွန်းတာများဆိုရင် ကျွန်မတို့အဖွဲ့ ပါးစပ်တွေ စေ့မရလောက်အောင်ပဲ တစ်ကွင်းလုံးမှာ အော်ဟစ် ပျော်ရွှင် နေခဲ့ပါတယ်။ မီးပုံးပျံကြီး ကောင်းကင်ကို ရှောရှောရှူရှူ တက်သွားပြီဆိုတာနဲ့ ပါလာတဲ့ ရှမ်းအိုးစည်တွေတီးပြီး.. လို့ကိုဝ် သီချင်းတွေကို အော်ဆိုလိုက်၊ အောင်ပန်းသားဟေ့.. အောင်ပန်းသားဆိုတဲ့ သီချင်းတွေကို ဆိုလိုက်၊ ရှမ်းအက တွေ က လိုက်နဲ့ အော်ဟစ်ပျော်ရွှင်လွန်းလှလို့ နေပါတယ်။






သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ငြိမ်းကျော်ကတော့ ဘယ်အချိန် ကတည်းက လုပ်ထားတယ် မသိတဲ့ မီးရှူးမီးပန်းကြီးကို မီးညှိပြီး ဝှေ့ယမ်းက ဆော့ကစားလျက်ရှိနေပါတော့တယ်။



ဆက်ပါဦးမည်.....

No comments:

Post a Comment