တခါက မြို့ကြီးတစ်မြို့ရဲ့ မြို့နယ်လေးတစ်ခုမှာ သိုးမည်းမလေးတစ်ကောင်
နေထိုင်ခဲ့တယ်။ အဲဒီသိုးမည်းမလေးကို မိုးတွေရွာနေတဲ့ ဇူလိုင်လ
မိုးတွင်းကြီးရဲ့ စနေ နေပူ မနက်တစ်မနက်မှာ မွေးဖွားခဲ့တယ်။
မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ မိုးကာလကြီးထဲမှာမှ နေပူလွန်းလှစွာ
ရှိနေတဲ့အချိန်လည်းဖြစ်၊ စနေ မနက်စောစောလဲ ဖြစ်တဲ့ အဲဒီလိုအချိန်မျိုးမှာ
မွေးဖွားတဲ့ ဒီသိုးမည်းလေးဟာ မွေးပြီးကာစမှာပဲ လာခြင်း မကောင်းဘူးရယ်လို့
သတ်မှတ် ခံရမလို ဖြစ်ခဲ့ရတယ်။ မွေးလာခဲ့တာ သမီးဖြစ်ပေမဲ့ စနေနေ့ရဲ့
အယူတွေအတိုင်း အများက မီး မဖြစ်ပါစေနဲ့ရယ်လို့ စိုးရိမ်ခြင်းတွေကို
ခံခဲ့ရတယ်။ အဲဒီလို ငယ်စဉ်ကတည်းက စိုးရိမ်ကြောင့်ကျမှုတွေနဲ့ စတင်ခဲ့ရတဲ့
သိုးမည်းလေးဟာ တဖြည်းဖြည်း အရွယ်ရောက် လာတာနဲ့အမျှ လူ့လောကကြီးနဲ့
အံချော်ခဲ့ရတယ်။
ဒီသိုးမည်းလေးရဲ့အထက်မှာ ရှိနေတဲ့
မွေးချင်းရော၊ နောက်မွေးတဲ့ မွေးချင်းကပါ ယောက်ျားလေးတွေ ဖြစ်နေခဲ့လို့
ရလာတဲ့ သမီးအပေါ် ချစ်ခင်စိတ်တွေနဲ့ ဖြစ်ခဲ့ရတဲ့ သိုးမည်းမလေးရဲ့
မိဘတွေကြောင့် နေရာတကာ အချုပ်အနှောင်နဲ့ နေခဲ့ရတယ်။ ပျော်စရာမဲ့ခဲ့ရသလို
ဖြစ်ခဲ့ရတယ်။ ငယ်စဉ်ကတည်းက စည်းတွေကမ်းတွေနဲ့ နေထိုင်ခဲ့ရတယ်။
ဘာကိစ္စတွေပဲ ဖြစ်ဖြစ် စနေသမီးမို့ ဂြိုလ်မွှေတယ်ဆိုတဲ့ အသုံးအနှုန်းတွေကို
ငယ်ကတည်းက နားထဲ ပြည့်လျှံစွာ ကြားခဲ့ရတာမျိုး မဖြစ်ရအောင် မိဘ
အုပ်ထိန်းမှုအောက်မှာ သေဝပ်စွာ နေခဲ့ရတယ်။
အရွယ်လေး ရောက်လာသည့်တိုင်အောင်
အများအလယ်မှာ တင့်တယ်အောင်ဆိုတဲ့ ချုပ်ချယ်မှုတွေနဲ့ နေထိုင်ခဲ့ရတယ်။
အဲဒီလို နေထိုင်ခဲ့ရတာတွေဟာ သိုးမည်းမလေးအတွက် ညစ်ညူးစရာအပြည့်
ခံစားခဲ့ရတယ်ဆိုတာ မည်သူ တစ်စုံတစ်ယောက်မှ မသိခဲ့ကြဘူး။
ငယ်စဉ်ကတည်းက
ကြီးပြင်းခဲ့ရတာ ယောက်ျားလေးတွေကြားထဲမို့ နေရာတကာ အကိုတွေ၊ မောင်တွေအနား
နေချင်ခဲ့သော သိုးမည်းလေး အတွက်.. နင်ဟာ မိန်းမ.. မိန်းကလေးဟာ မိန်းကလေးလို
နေရတယ်.. မိန်းကလေးတွေနဲ့ပဲ ကစားရတယ်ဆိုတဲ့ မောင်နှမတွေရဲ့ ကြဉ်တဲ့
စကားတွေကြောင့်တဖန် သိုးမည်းလေး ဘဝ စွန့်ပစ်ခံခဲ့ရပြန်တယ်။ အရွယ်လေးတွေ
ရောက်လို့ ကျောင်းတွေမှာ ပျော်ရမယ့် အရွယ် ရောက်လာ ပြန်တော့လဲ..
အိမ်မှာနေစဉ်တွေအတိုင်း အကိုတွေ မောင်တွေလို သတ်မှတ်ပြီး ရင်းနှီးခဲ့ရတာက
ယောက်ျားလေးတွေသာ ဖြစ်ခဲ့တာကြောင့် ရွယ်တူမိန်းကလေးတွေရဲ့ ငြိုငြင်ခြင်းကို
ခံခဲ့ရတယ်။ ထိုမိန်းကလေးတွေနဲ့ အံဝင်မှု မရှိခဲ့ပြန်ဘူး။
ဒီလိုအခြေအနေတွေကို မြင်တဲ့ မိဘ၊ မောင်နှမက တစ်ခါ .. လူကြားထဲ ဖြစ်ပြီး
လူတွေနဲ့ အလိုက်အထိုက် မရှိဘူး၊ မိန်းကလေးဖြစ်ပြီး မိန်းကလေးတွေနဲ့ အတူတူ
မနေနိုင်ဘူး စသည့် ပြစ်ချက်တွေနဲ့ ထိုးနှက်ကြတယ်။ ဆူပူကြတယ်။
အဲဒီလိုတွေကြောင့် ဒီသိုးမည်းလေး အရောင်ပြောင်းခဲ့ရပြန်တယ်။ အတူသွား၊
အတူစား စိတ်တူကိုယ်တူ ယောက်ျားလေးအပေါင်းအသင်းတွေကို စွန့်ခွါ၊
အဆင်ပြေနိုင်ခြင်း မရှိတဲ့ ပတ်ဝန်းကျင်ကို ကူးပြောင်းခဲ့ရပြန်တယ်။
အဆင်ပြေပြေ မပြေပြေ သင့်တော်ရာလို့ မိဘတွေ ထင်တဲ့ နေရာလေးမှာ ပြေလည်အောင်
ကြိုးစားနေထိုင်ခဲ့ရင်း အရာရာကို မြိုသိပ်နေခဲ့ရတဲ့ သိုးမည်းမလေးတစ်ကောင်
ဖြစ်ခဲ့ရတယ်။
မိဘ၊ မောင်နှမတွေရဲ့ အုပ်စိုးမှုအောက်မှာ
အသားကျနေထိုင်နေတဲ့ သိုးမည်းလေးရဲ့ဘဝမှာ အရာရာဟာ မိဘ၊ မောင်နှမတွေရဲ့
စိတ်တိုင်းကျ ဖြစ်ခဲ့ရတာတွေများလာခဲ့တယ်။ ဒါတွေဟာ ငယ်စဉ်တုန်းကတော့
ဘာမှမဟုတ်ခဲ့ပေမဲ့ အတောင်စုံအရွယ်ရောက်လို့ ပတ်ဝန်းကျင်ကို ကြည့်တတ်
လာတဲ့နောက်မှာတော့ ကိုယ်နေထိုင်ရာ နေရာဟာ ဘောင်တွေ၊ စည်းတွေ၊
အချုပ်အနှောင်တွေနဲ့ပါလားလို့ ခံစားလာခဲ့ရတယ်။ အဲလို ခံစား လာရတာနဲ့အမျှ
မသိမသာ အုံကြွနေတဲ့ အတွင်းစိတ်၊ အမြုံလေးဟာ တဖြည်းဖြည်း အရှိန်ရလာခဲ့တယ်။
အလိုမကျမှုတွေ၊ ဖြစ်ချင်တာတွေ ဖြစ်ခွင့် မရတာတွေ၊ တားဆီး ပိတ်ပင်မှုတွေဟာ
သိုးမည်းမလေးအတွက် လူဆိုးဆိုတဲ့ အမည်ကို ရလာအောင် ပံ့ပိုးမှုတွေ ဖြစ်လို့
လာခဲ့တယ်။
ငယ်စဉ်က ဒါဆို ဒါမှလို့ နေခဲ့တဲ့ သိုးမည်းမလေး..
လောကကြီးကို ကြည့်တတ်လာတဲ့တစ်နေ့မှာတော့ အရာရာဟာ ကန့်လန့်တိုက်ချင်စိတ်
တွေချည်း ဖြစ်လို့လာခဲ့တယ်။ ငယ်စဉ်က အရာရာကို မိဘ၊ မောင်နှမတွေရဲ့
ခေါင်းနဲ့သာ စဉ်းစားခဲ့တဲ့ ဒီကလေး၊ အပြင်ကို ပျံသန်းရပြီဆိုတာနဲ့
အပြင်လောကရဲ့ လွတ်လပ်မှုကို စိတ်ဝင်စားလာခဲ့တယ်။ အချုပ်အနှောင်တွေ ခံခဲ့ရတဲ့
ဒီသိုးမည်းဘဝလေးကနေ လွတ်ချင်လာခဲ့တယ်။ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်တွေ
ရချင်လာခဲ့တယ်။ သူများအမှီအခိုနဲ့ နေချင်စိတ်တွေ ကုန်ခမ်းလာခဲ့တယ်။
ဒါပေမဲ့လည်း ငယ်စဉ်ကတည်းက ခေါက်ရိုးကျိုး လာတဲ့ အခြေအနေက ဒီသိုးမည်းလေးရဲ့
ရင်ကို လေးလံထိုင်းမှိုင်းစေခဲ့ပြန်တယ်။ အမြဲတမ်း မဟုတ်ပေမဲ့
တချို့တချို့တွေမှာ ကန့်လန့်တိုက်လာ တတ်ပြီ ဖြစ်တဲ့ သိုးမည်းမလေး ..
မိသားစုထဲမှာ ကြွက်ချေးတစ်ခု ဖြစ်လာခဲ့တယ်။ နဂိုကမှ အံဝင်ခြင်းမရှိ
လွဲချော်ချင်နေတဲ့ အခြေအနေလေးကနေ မိသားစုထဲမှာ လူဆိုးမလေး ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ပဲ အမြဲတမ်းလိုလို ထော်လော်ကန့်လန့် လုပ်တတ်လာခဲ့တယ်။
အရင်က
မိဘသဘောကျ နေတတ်ခဲ့တဲ့ ဒီကလေးမလေး.. ခုတော့ ဆိုးမိုက်ခဲ့ရပြီ။
ဥာဏ်ကောင်းတဲ့ ဒီကလေးမ.. မိဘကို အရွဲ့တိုက် ချင်စိတ်နဲ့ အရာရာမှာ
ကြိုးစားလိုစိတ်တွေ ပျောက်ဆုံးခဲ့တယ်။ ဘဝကြီးမှာ နေရာတစ်နေရာ ရဖို့
ကြိုးစားခိုင်းတဲ့ မိဘတွေရဲ့ သဘောထားတွေကို ပုန်ကန်ချင်တဲ့ စိတ်တွေနဲ့
ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတယ်။ ကိုယ့်ဦးနှောက်နဲ့ ကိုယ် ဆုံးဖြတ်ချင်ခဲ့တဲ့
ဒီကလေးမ.. တခါတခါကျတော့လဲ မိဘကို မလွန်ဆန်နိုင်ခဲ့ပြန်ဘူးလေ။
လုပ်ချင်ခဲ့တာနဲ့ လုပ်နေရတာတွေဟာ အံဝင်မှု မရှိခဲ့တာတွေကို မလွန်ဆန်နိုင်ပဲ
မိဘ သဘောကျနေ အလိုက် အထိုက် နေခဲ့ရတယ်။
ငယ်တုန်းကတော့ မိဘ၊
မောင်နှမကြားမှာ မျက်နှာလုပ်ချင်ခဲ့တာကြောင့် ကိုယ့်အတွက် အခြေအနေပေးခဲ့တဲ့
ပညာရေးလမ်းကြောင်းတစ်ခုမှာ ကြိုးစားခဲ့မိတာတွေဟာ ကိုယ့်စိတ်ကို
ဒုက္ခပေးမယ်လို့ မထင်ခဲ့မိဘူး။ အဲဒီလိုနဲ့ ဆက်လက်ပညာသင်ခွင့်တွေ ရလာတော့လဲ
မိဘကိုယ်စား ကိုယ့်ကိုကိုယ် အားရကျေနပ်မိသလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကြာလေလေ
ကိုယ် စိတ်ဝင်စားရာ မဟုတ်မှန်း၊ လိုချင်တဲ့အရာ မဟုတ်မှန်း သိလာ လေလေ
ဖြစ်လာခဲ့တဲ့နောက်မှာတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်လာခဲ့မိတယ်။ မိဘက
ဒီကျောင်းကို ပြီးအောင်တက်ရမယ်ဆိုလို့သာ အောင့်အည်း တက်နေခဲ့ရပေမဲ့
ကိုယ်လိုချင်တာ ဘာလဲဆိုတာ အရွယ်ရလာတာနဲ့အမျှ သေချာသိလာခဲ့ရပြန်တယ်။
ဒါပေမဲ့လည်း ကိုယ်ဖြစ်ချင်တာတွေဟာ မိဘတွေရဲ့ အားပေးမှုကို မရရှိခဲ့ပြန်ဘူး။
ဒီလိုနဲ့ပဲ ဒီသိုးမည်းမလေးမှာ မကောင်းတဲ့ ဥာဏ်ဆိုးလေးတွေ
ပေါ်ပေါက်လာရတော့တယ်။ အရွဲ့တိုက် တတ်တဲ့၊ အပျင်းထူတတ်တဲ့ မကောင်းတဲ့
ဥာဏ်လေးတွေ ပေါ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်ရာ မဖြစ်တဲ့ဘဝ၊
မလုပ်ချင်တာတွေ လုပ်နေရတဲ့အချိန်တွေမှာလဲ မကြိုးစားတော့သလို..
ဖြစ်ချင်တာတွေကို ရအောင်ယူတတ်တဲ့ အကျင့်ကောင်းလေးတွေပါ ပျောက်ရှခဲ့ရတယ်။
ကိုယ့်နှာခေါင်းပေါက်နဲ့ အသက်မရှင်ရတဲ့ဘဝမှာ အရာရာကို
ရေစုန်မျှောလိုက်ချင်တဲ့ မကောင်းစိတ်လေးတွေ ပေါ်လာခဲ့ရတယ်။
ဒါပေမဲ့လည်း
မထင်မှတ်တဲ့ တစ်နေ့မှာ ကိုယ် နေချင်တဲ့၊ ရှင်သန်ချင်တဲ့
ပတ်ဝန်းကျင်တစ်ခုကို မျက်စိလည် လမ်းမှားပြီး ရောက်ခဲ့ရတယ်။ မိဘ
အားပေးမှုမရှိတဲ့ အသက်မွေးဝမ်းကျောင်းမို့ အဲဒီလောကရဲ့
လိုအပ်ချက်ပြည့်ဝမှုတွေ ကိုယ့်မှာ ရှားပါးခဲ့ရတယ်။ အဘက်ဘက်က မပြည့်ဝတဲ့
အခြေအနေမို့ ကိုယ်ဟာ အောက်ဆုံးဘဝကို ကျရောက်ခဲ့ရပြန်တယ်။ တစ်ပါးသူတွေနဲ့
ယှဉ်ကြည့်ရင် အောက်ဆုံးရောက်နေတဲ့ ဒီကလေးမ စိတ်ဓာတ်ကျခြင်း၊
စိတ်ပျက်ခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြန်တယ်။ လမ်းမှားပြီး ရောက်ခဲ့ရတဲ့
ပတ်ဝန်းကျင်မှာလဲ အံဝင်ဂွင်ကျ မရှိလာပြန်တော့ ကိုယ့်ကိုကိုယ်ရော၊
ကိုယ့်အခြေအနေတွေကိုရော စိတ်ပျက်လာခဲ့တယ်။ ထွက်ပြေးချင်တဲ့ စိတ်
ပေါ်ပေါက်လာခဲ့ပြန်တယ်။ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ပျောက်ဆုံးခဲ့ရတယ်။
ဘဝမှာ နေမပျော်ဖြစ်ခဲ့ရတယ်။
အဲဒါတွေအပြင် ကိုယ့်အပေါ်
သိပ်ချစ်ရတယ်လို့ ထင်မိခဲ့တဲ့၊ တစ်ဘဝလုံးစာ မျှော်လင့်ခဲ့ရတဲ့
အချစ်ဆုံးသူကတဖန် ပြေလည်မှုတွေ ရှားပါးတဲ့ ဒီသိုးမည်းလေးကို
အထင်အမြင်သေးလာတယ်။ ညိုညင်လာတယ်။ တဖြည်းဖြည်း သွေးအေးလာခဲ့တယ်။ သိပ်မကြာသော
ကာလတစ်ခု အရောက်မှာ သိုးမည်းလေးဆီက ခွဲခွာထွက်ပြေးခဲ့တယ်။
အရမ်းမျှော်လင့်ခဲ့ရတဲ့၊ အရမ်းချစ်ခင်ခဲ့ရတဲ့ သိုးမည်းမလေးအတွက်တော့
မုန်တိုင်းတစ်ခု လေလား ဖြစ်ခဲ့ရတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်။
ခိုလှုံရာ အနွေးထွေးဆုံးလို့ ထင်မှတ်ခဲ့တဲ့ ရင်ခွင်ပျောက်ဆုံးခဲ့ရတယ်။
ဘဝကြီးက ခါးသီးတယ်လို့ ထင်မြင်လာခဲ့တယ်။ အဆင်ပြေပြေ နေချင်စိတ်တွေ
ပျောက်ဆုံးလာခဲ့တယ်။ အဝေးဆုံးကို ထွက်ပြေးချင်လာခဲ့တယ်။
အပေါင်းအသင်းတွေ၊
လုပ်ဖော်ကိုင်ဖက်တွေ၊ မိဘ၊ မောင်နှမတွေ၊ ဆွေမျိုးသားချင်းတွေ၊
အထက်အရာရှိတွေနဲ့ အဆင်ပြေမှုတွေနဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့တယ်။ အများနဲ့
ပေါင်းသင်းဆက်ဆံမှုတွေ လွဲချော်လာခဲ့တယ်။ တဖြည်းဖြည်း သီးခြား ဖြစ်လာခဲ့သလို
နေရာတကာမှာ ဖယ်ကြဉ် ခြင်းကို ခံလာခဲ့ရတယ်။ လူ့ဘဝကြီးမှာ နေချင်စိတ်တွေ
ပျောက်ဆုံးလာခဲ့ရတယ်။ သတ္တိဆိုတာ မရှိလွန်းလို့သာ အဖန် ငါးရာ ငါးကမ္ဘာကို
မသွားရဲခဲ့ပေမဲ့ လူပုံအလယ်မှာ သိုးမည်းကလေးတစ်ယောက် လုံးဝ ဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်ကိုကိုယ် မကျေနပ်မှုတွေ များလာ တော့
စိတ်တည်ငြိမ်မှုဆိုတာတွေ ပျောက်ဆုံးခဲ့တယ်။ လူတွေနဲ့ ဝေးရာ နေရာတစ်ခုကို
ထွက်ပြေးချင်စိတ်တွေ ပေါ်လာခဲ့တယ်။ ဘယ်အရာကိုမှ ရင်မဆိုင်ရဲဘူးဆိုတဲ့
စိတ်ဓာတ်တွေ ပေါ်လာခဲ့ရတယ်။ ပတ်ဝန်းကျင်နဲ့ သွေဖီမှုတွေ ဖြစ်လာခဲ့တယ်။
လူတွေနဲ့ အဝေးမှာ တစ်ကိုယ်တည်း တွေးချင်ရာ တွေးတတ်လာတယ်။ တွေးမိတိုင်းလဲ
ကိုယ်ဟာ ဘာလို့ လူတွေနဲ့ အံဝင်ဂွင်ကျ မဖြစ်နိုင်ရတာလဲဆိုတဲ့ အတွေးတွေနဲ့
ချာချာလည် ခဲ့ရတယ်။
ဒါပေမဲ့လည်း အသိစိတ်ဆိုတာလေးတစ်ခု ရင်ထဲ
ကိန်းအောင်းလာတဲ့ အချိန်လေးတစ်ခုမှာ ကိုယ့်ကိုကိုယ်
ပြန်သုံးသပ်လာမိခဲ့ပြန်တယ်။ အဲဒီလို ပြန်သုံးသပ်လိုက်မိတဲ့ အချိန်မှာတော့
ကိုယ်ဟာ ကိုယ့်ဘဝကို မကျေနပ်ခြင်းတွေများစွာနဲ့ တည်ဆောက်နေခဲ့ပြီလို့
မြင်လာခဲ့မိတယ်။ လူ့ဘဝ၊ လူ့လောကမှာ အံချော်နေပြီ၊ အသားကျမှုတွေ
ပျောက်ဆုံးနေပြီလို့ မြင်လာမိတယ်။ ကိုယ့်ကိုကိုယ် အားမလို အားမရတွေ
ဖြစ်လာခဲ့တယ်။ ဝမ်းနည်းလာခဲ့တယ်။ ကိုယ့်အတွက် ဒီလောကမှာ နေရာ တစ်နေရာ
ရှိပါ့ဦးမလားလို့ စိုးရိမ်ပူပန်လာခဲ့တယ်။ ညစ်ညူးမှုတွေနဲ့ ညစဉ်တိုင်းမှာ
မျက်ရည် တွေနဲ့ အိပ်ရာဝင်ခဲ့ရတယ်။ မကုန်ဆုံးနိုင်တဲ့
စိတ်ဆင်းရဲခြင်းနေ့ရက်တွေကို ပူလောင်စွာ ကျော်ဖြတ်ခဲ့ရတယ်။
အရွယ်ရောက်လို့
တစ်ယောက်တည်း လျှောက်လှမ်းရတော့မယ့် ဘဝမှာ ကိုယ့်အတွက် မိဘ၊
မောင်နှမတွေရဲ့ စိုးရိမ်ပူပန်ပေးမှုတွေကို ပြန်လိုချင် လာခဲ့တယ်။ အဲဒီလိုနဲ့
သေချာသိလာတာတော့ ကိုယ့်အတွက်၊ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကို
နားလည်နိုင်မယ့်၊ စာနာနိုင်မယ့်၊ ဖေးကူးပေးမယ့် အပေါင်းအသင်းကောင်း၊
မိတ်ဆွေကောင်း၊ အဖော်မွန်ကောင်းတွေကို တမ်းတလာခဲ့မိတယ်။ ဘဝအတွက်
ငြိမ်းချမ်းရာ ရင်ခွင်မှာ ခိုနားချင်လာခဲ့တယ်။ မှေးအိပ်ချင်လာခဲ့တယ်။
ကိုယ့်ဘဝတစ်ခုလုံးအတွက် နွေးထွေးစေမယ့်၊ အေးချမ်းမှုတွေ ပေးနိုင်မယ့်
နေရာတစ်နေရာကို မျှော်လင့်လာခဲ့တယ်။ အရာရာအတွက် ကိုယ့်ဘက်က ရပ်တည်မယ့်
အဖော်မွန်ကောင်းတွေကို လိုအပ်လာခဲ့မိတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင် ရရင်၊
ဒုက္ခတွေရောက်ခဲ့ရင် ကိုယ့်ဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ့်
မိတ်ဆွေကောင်းတွေကို လိုချင်လာခဲ့တယ်။ အဲဒီလို အဖက်ဖက်က ပြည့်စုံတဲ့
နေရာကောင်း၊ ငြိမ်းချမ်းမှုတွေ အပြည့်အဝရှိမယ့် နားခိုရာ နေရာကောင်း
တစ်နေရာကို ဒီသိုးမည်းမလေး ရှာဖွေစောင့်စား လျက် ရှိနေပါတော့တယ်ဆိုတာကို
သိစေချင်ခဲ့ပါတယ်..။
No comments:
Post a Comment