Pages

Sunday 29 April 2012

MPT သို့ မရဲတရဲ အိတ်ဖွင့် ပေးစာ

မြန်မာ့ဆက်သွယ်ရေး MPT မှ အရာရှိကြီးများရှင့်... ကျွန်မသည် ခေတ်လူငယ်တစ်ဦးဖြစ်သည့် အားလျော်စွာ.. လူငယ်တိုင်း အသုံးပြုလျက်ရှိနေသော အွန်လိုင်းကမ္ဘာကြီးထဲသို့ ၀င်ရောက် မွေ့လျော်နေသော သူတစ်ဦးဖြစ်ပါတယ်..သို့သော် မြန်မာပြည်နေ ပြည်သူတစ်ဦး ဖြစ်သောကြောင့် မြန်မာပြည်ရဲ့အခြေအနေအတိုင်း ကိုယ့်ကိုယ်ပိုင် ငွေအားနဲ့ ကိုယ်ပိုင် အင်တာနက်လိုင်း
ဝယ်မသုံးနိုင်သောကြောင့် အလုပ်ထဲမှာသော်၎င်း.. ဆိုက်ဘာကဖေးဆိုသောဆိုင်တွေမှာသော်၎င်း သွားရောက် သုံးစွဲရပါတယ်ရှင့်.. မိန်းကလေး ဖြစ်တာကြောင့် ညမိုးချုပ်တွေဆို အပြင် မထွက်သင့်တာကတစ်ကြောင်း..နေထိုင်ရာ နေရာက ချောင်ကျလွန်းတာက တစ်ကြောင်းကြောင့် ဆိုင်တွေသို့ တစ်ပတ် တစ်ခေါက်မျှတောင် မရောက်ဖြစ်နိုင်ခဲ့ပါဘူး.. အိမ်ကလဲ လမ်းမနဲ့ဝေးကွာလွန်းတာကြောင့် အင်တာနက်ဆိုင်များရှိရာနဲ့ ဝေးလွန်းတာကြောင့် အခုလက်ရှိ အဆင်ပြေနေကြသော ဆိုင်ကနေ လိုင်းတစ်လိုင်း ချိတ်သုံးခြင်းဆိုတာ ကိုလည်း မလုပ်နိုင်သူတစ်ဦးဖြစ်ပါတယ်.. ဒါ့အပြင် အခုတလော ခေတ်စားနေတဲ့ Hire Purchase ဆိုတာကို စိတ်ဝင်စားမိသော်လည်း ပေးဆပ်ရမယ့် လစဉ်အကြွေးရယ်.. အင်တာနက်ရဲ့ လစဉ်ကြေးဆိုတာရယ်ကို..မတတ်နိုင်တာကြောင့် နောက်ဆုတ်ထားခဲ့ရသူလဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ဂျာနယ်တွေမှာ ပါလာတဲ့ GSM ဖုန်းတွေကို အင်တာနက်ပြန်လျှောက်ခွင့်ပြုပြီဆိုတဲ့ သတင်းကြောင့် အိမ်တွင် တစ်လုံးထဲ ရှိသော GSM ဖုန်းလေးကို EDGE ဆိုတဲ့စနစ်ကလေး ကျွန်မရဲ့ချွေးနည်းစာလေးနဲ့ အပြေးအလွှား သွားရောက် လျှောက်ထားမိပါတယ်.. လျှောက်ပြီး အပြန်မှာလဲ နောက်တစ်ရက် နှစ်ရက်ဆိုရင် အိမ်မှာ အေးအေးဆေးဆေးလေး သုံးနိုင်ပြီဆိုကာ တွေးမိရင် ၀မ်းသာကြည်နူး လာခဲ့မိပါတယ်..




သိပ်မကြာပါဘူး.. ရုံးဆင်းချိန် တစ်ညနေမှာ အင်တာနက်လိုင်း ပွင့်လာတာကြောင့် ၀မ်းသာအားရ သုံးစွဲမိခဲ့ပါတယ်..အိမ်အပြန်လမ်း တစ်လျှောက်မှာလဲ ညကျရင် ငါတော့ အိမ်မှာ အေးအေးဆေးဆေးသုံးနိုင်ပြီလို့ တွေးလာခဲ့မိပါတယ်.. အိမ်ပြန်ရောက်တော့
ပျော်ပျော်ရွှင်ရွှင်ပဲ ကျွန်မရဲ့ဖုန်းကလေးကို ထုတ်ပြီး လိုင်းချိတ်မိတယ်ဆိုရင်ပဲ... MPT က ပြောပြောနေတဲ့ 3G ဆိုတာကို မပြောနဲ့
1G ဆိုတာလေးတောင် မပေါ်လာပါရော့လား.. ဘယ်ချောင် ကပ်နေမှန်း မသိတဲ့ အဲဒီစာလုံးတွေကို အိမ်ထဲ နေရာအနှံ့လိုက်ပတ်ပြီး လိုင်းကလေး မိလိုမိငြား ရှာဖွေကြည့်ပေမဲ့ ကိုရွှေ 3G ကြီးက ဘယ်နားသွား အလေလိုက်နေလဲ မသိပါဘူး အရာရှိကြီးများရှင့်.. မကျေနပ်လွန်းလို့ အိမ်အပြင် ခြံဝင်းထဲ ထွက်ပြီး ချိတ်ပြန်တော့လဲ ယောင်ယောင်လေးတောင် ရောက်ရှိလာခြင်း မရှိပါဘူး.. ထပ်ပြီး
မကျေနပ်လွန်းလို့ အိမ်အပြင် လမ်းမကို ထွက်လိုက်မှပဲ.. ဘုရား.. ဘုရား.. ကျွန်မ ထပ်မြင်ဖူးလိုက်ရပါတဲ့ ကိုရွှေ 3G.. တယ်လီဖုန်းစကရင်ပေါ်မှာ မိန့်မိန့်ကြီးပါပဲလေ.. တွေ့နေရတဲ့ အဲ့button ကြီးကို အတင်း အိမ်ထဲဆွဲသွင်းလိုက်တယ်ဆိုရင်ပဲ
.. ဒေးဗစ်ကော်ပါဖီး ဖျောက်ပစ်လိုက်တဲ့ လေယာဉ်ပျံကြီးလိုလို အပ်ချလောင်းဆို ပျောက်သွားပါလေရောလေ...အခြားအခြားသော
နိုင်ငံတွေမှာ အင်တာနက်ခဆိုတာ မှုန်မှုန်လေး ဖြစ်နေပေမဲ့.. ကျွန်မတို့နိုင်ငံမှာ ကုန်ဈေးနှုန်းသဖွယ် လိုက်မမှီနိုင်တာမို့
တတ်နိုင်သလောက်လေးနဲ့ သုံးစွဲရတဲ့ ကျွန်မတို့ကို MPTမှ လူကြီးမင်းများ နားလည်စေချင်ပါတယ်.. ကျွန်မအခုတလော ကြားမိတာတော့ ဘယ်နိုင်ငံတွေ ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အင်တာနက်လိုင်းကြီးကို မြန်ဆန်အောင် လုပ်နေတယ်ဆိုတာပါပဲ.. ဒါပေမဲ့ ဘယ်လို ဖြစ်တယ်မသိပါဘူး... ကျွန်မ သုံးချင်တဲ့ အင်တာနက်လိုင်းကလေးကတော့ လုံးဝကို ဆားဗစ်ပျောက်လို့ နေပါတယ်ရှင့်.. ရှိစုမဲ့စု ချွေးနည်းစာလေးနဲ့ ခေတ်ကို အမှီလိုက်နေသော ကျွန်မတို့လို လူတွေ အဆင်ပြေပြေလေး မြင်ချင်တာလဲ ကျွန်မစိတ်ထားမို့ရော.. အခုလို အိုးမကွာ အိမ်မကွာ အဆင်ပြေပြေ သုံးစွဲလို့ရနိုင်တဲ့ GSM အင်တာနက်လိုင်း ကလေးတွေကို မြှင့်တင်ပေးစေလိုပါတယ်.. MPT မှ လူကြီးမင်းများရှင့်..

No comments:

Post a Comment