Pages

Sunday, 29 April 2012

ချစ်ပျိုးရေ..

ဒီနေ့ ငါတို့မြို့မှာ သင်္ကြန်အကြို ပိတောက်ပန်းတွေ ပွင့်တယ်။ အရမ်းလှတာပဲ။ တမြို့လုံးအနှံ့ ဝါထိန်နေတာပဲဟ။ တွေ့သမျှ မိန်းကလေးတိုင်းရဲ့ လက်ထဲမှာလဲ ပိတောက်ပန်းတွေ ဝေလို့ပေါ့။အနံ့စူးပြီး ခဏနဲ့ ကြွေတတ်တဲ့ ပန်းမို့ ပိတောက် မကြိုက်တဲ့ ငါတောင် သဘောကျလာပါရောလားဟ။ ရုံးဖယ်ရီပေါ်မှာလဲ ပိတောက်ပန်းတွေ ဝေလို့ရယ်လေ။ ငါ့သူငယ်ချင်းတွေရဲ့ လက်ထဲမှာတွေလဲ အပြည့်ပဲလေ။ ဒီနေ့တော့ ငါတို့မြို့ကြီး ဝါရွှေလူးတယ်ဆိုတာ အမှန်ပဲဟာ။ ပိတောက်ပန်းလေးတွေနဲ့ လှနေတဲ့သူတွေမှ တပုံတပင်ရယ်ပေါ့။ ကြွားချင်ပါ့အေ။ ရှင်တို့နေနေတဲ့ တိုင်းတပါးမှာ ငါတို့ဆီမှာလို ပိတောက်ပန်းတွေ ရှိရဲ့လားကွ။ ဟဲဟဲ.. ရှိမယ် မထင်ဘူးနော်။ ပိတောက်နဲ့ မြန်မာခွဲခြားမရဘူးဆိုတာ စာတွေ ရေးရေးနေတဲ့ ရှင်လဲ သိမှာပေါ့နော။ ပိတောက်ပန်းတွေ ကြည့်ရင်း ငါလေ.. သင်္ကြန်ကာလာ ရောက်တော့မယ်လို့ စဉ်းစားရင်း ပျော်တောင် ပျော်မိသေးတယ်အေ။

ဒီနှစ်တော့ ထူးထူးခြားခြားပဲဟ။ သင်္ကြန်နဲ့ပိတောက် တိုက်ဆိုင်တယ် ဆိုရမှာပဲ။ ရှေ့နှစ်တော်တော်များများက သင်္ကြန်နဲ့ ပိတောက် လွဲနေတတ်တာလေ။ ခုတော့ သင်္ကြန်မကျခင်လေးတင် ပိတောက်တွေ ဝေနေအောင် ပွင့်ပါရောလား .. ပျိုးရေ။ ရှင်.. အဲဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ ငါ မသိပေမဲ့ ငါတို့ မြန်မာပြည်ရဲ့ သင်္ကြန်ကိုတော့  မြင်စေချင်စမ်းပါဘိဟာ။ ပိတောက်ပန်းတွေ ဝေနေတဲ့ ဒီနှစ်ဦးက ငါတို့ ပြည်သူပြည်သားတွေအတွက် လာခြင်းကောင်းမယ့် နမိတ်များရယ်လားဟယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ငါတို့သင်္ကြန်က ပျော်စရာကောင်းတယ်ဆိုတာ မြန်မာလူမျိုးဖြစ်တဲ့ ရှင်လဲ သိမှာပါ။


ငါကတော့ ရှင်သိတဲ့အတိုင်း ကို့လို့ကန့်လန့်အရွယ်ဖြစ်နေပြီမို့ ဒီနှစ်လဲ အိမ်မှာပဲ ဖြစ်ဖို့များနေတယ်လေဟာ။ ခေတ်လူငယ်တွေလို လည်ချင်ပတ်ချင်စိတ်လဲ မရှိဘူးဟ။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကားတံခါးမှန် ပိတ်ပြီး မြို့အနှံ့ လျှောက်ကြည့်၊ ဓာတ်ပုံတွေ လိုက်ရိုက်ချင်သားလား။ ဒါပေမဲ့ မသွားအားလောက်ဘူး ထင်ပါရဲ့။ ဒါနဲ့ ပြောရဦးမယ် သိလား။ ရှင့်သယ်ရင်း .. ငါကလေ .. သင်္ကြန် ရုံးက မုန့်ဖိုး ပေးမယ်ထင်ပြီး လဆန်း လစာထုတ်ကတည်းကရတဲ့လခတွေကို အတော် သုံးထားလိုက်သေးဟ။ နောက်ကျ မုန့်ဖိုး မရတော့ဘူးလို့ သတင်းထွက်လာတော့ တော်တော်လေးကို နားကားသွားသေးတာ။ တော်သေးသပအေ။ နောက်ဆုံးနေ့ ပိတ်ရက်မှ မုန့်ဖိုးရတယ်။ နည်းနည်းလေးတော့ ပျော်သွားတယ်။ နည်းနည်းလေးမှ တကယ့်နည်းနည်းလေး ပျော်တာလေ။ ဘာဖြစ်လို့လဲဆိုတော့ အကြွေးဆပ်ရတာတွေက ရတဲ့မုန့်ဖိုးတောင် မကာမိအောင် ဖြစ်နေလို့ပေါ့ဟာ။ အဲ.. ငါ ဘာတွေ ပြောနေမိလဲ မသိဘူး.. ဟီး။

ဒီလို ငါတို့မြန်မာလူမျိုးတွေရဲ့ သင်္ကြန်ကို ရှင် လွမ်းနေမယ်ဆိုတာ ဟိုတစ်နေ့က ရှင်တင်ထားတဲ့ ကဗျာကနေ သိနေပါ့တော်။ ဘာပဲပြောပြောအေ။ ဒီတစ်နှစ်မကြုံလဲ နောင်နှစ်တွေ ကြုံအောင်တော့ ပြန်လာစေချင်ရဲ့အေ။ ဘယ်မှ လျှောက်မလည်ပဲ ဒီတိုင်း အိမ်မှာ ထိုင်နေရင်တောင်မှ သင်္ကြန်ရောက်နေပါလားဆိုတဲ့ ကြည်နူးတဲ့ ခံစားချက်ကို ရှင့်လဲ ခံစားစေချင်သေးတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့ ဝေးနေတဲ့ ရှင်တို့လို သူငယ်ချင်းတွေအတွက် .. ငါတို့ရိုးရာတွေကို ပြန်အမှတ်ရနေစေချင်သေးတယ်ဟာ။ ငုတွေ၊ ပိတောက်တွေ လှိုင်လှိုင်ပွင့်နေတဲ့ ငါတို့မြေရဲ့ အတာကူးတဲ့ နှစ်သစ်ကူးကို ရှင့်ကို မြင်စေချင်လျက်...

1 comment:

  1. ကိုးရေ..

    ပိတောက်တွေနဲ့လှနေမယ်ဆိုတာ မှန်းကြည့်ရုံနဲ့တင် သိပါတယ်။ နင်နေတဲ့မြို့၊ ငါချစ်တဲ့ နေရာ၊ ဒီနေရာမှာ အခြေတကျနေထိုင်ဖို့ ပြန်လာဖို့ကို ငါကြိုးစားနေတယ်။ ပိတောက်ပန်းမကြိုက်တဲ့နင်တောင် အတာ ရဲ့ဖျားယောင်းမှုကြောင့် ပိတောက်ပန်းတွေကို နှစ်သက်လာတယ်ဆိုရင် ပန်းတွေကိုချစ်တဲ့ ငါဆိုရင် ဘယ်လောက်မြင်ရတာ ပျော်မလဲဆိုတာ စဉ်းစားကြည့်ကွယ်။ ငါ အဲ့ဒီမှာရှိချိန်တုန်းက ပိတောက်တွေပွင့်ရင် ကန့်ကော်တွေပွင့်ရင် သတိတရနဲ့ ငါ့အတွက်ယူလာပေးတတ်ကြတဲ့ ငါ့ကို ချစ်ကြတဲ့သူတွေကိုလည်း ငါလွမ်းလှပါတယ်။ နောက်ဆုံးကွာ..ငါ့မေမေက ငါ့အတွက် နှင်းဆီပန်းတစ်ပွင့် တစ်ပွင့်တော့ နေ့တိုင်းပေးတယ်။

    အခုတော့ နင်သိတဲ့အတိုင်းပေါ့ကွယ်။ စက်ရုပ်ဆန်တဲ့ ကာလတစ်ခုမှာ ငါနေနေရတုန်းပါပဲ။ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကို ပစ်ချပြီး ငါမကြာခဏ ပြန်လာဖြစ်တယ်။ ပြန်လာတိုင်းလည်း ငါ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်မှ ဖြစ်မယ် ဆိုတဲ့ စိတ်နဲ့ ငါဟာ ငါမပျော်တဲ့နေရာတစ်ခုကို ပြန်ဖြစ်ခဲ့တယ်။ လွမ်းတဲ့စိတ်က ငါ့ကိုနှိပ်စက်နေတယ် ကိုးရေ..။ လူတစ်ဦးတစ်ယောက်ကို လွမ်းတဲ့စိတ် နေရာဒေသတစ်ခုကို လွမ်းတဲ့စိတ်က ဘယ်လိုမှကို ဖျောက်ဖျက်လို့မရဘူး။ နောက်ဆုံးတော့ ဝမ်းနည်းလာပြီး မျက်ရည်တွေကျပြီး အိပ်ပျော်သွားတာပါပဲ။ ချစ်တဲ့သူတွေနဲ့ ဝေးတဲ့နေရာမှာ နေနေရတဲ့သူတစ်ယောက် ဟာ သူ့ရဲ့အထီးကျန်တဲ့အချိန်တွေကို ဘယ်လို ကုန်ဆုံးအောင် အသုံးချမယ်လို့ နင်ထင်သလဲ ကိုး..။ အလုပ်လုပ်ရင်း၊ ကျောင်းစာတွေကြားမှာ နစ်ရင်းကကို အထီးကျန်ဆန်တဲ့ ခံစားမှုကို ငါ ကဗျာတွေရေးရင်း၊ ပုံတွေဆွဲရင်း ကျော်ဖြတ်ခဲ့တယ်။

    Release လုပ်တဲ့ နည်းအမျိုးမျိုးရှိပေမယ့် ငါကတော့ ဘယ်လိုမှာ အဲ့ဒီနေရာတွေနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူး။ ဖိတ်တဲ့ညစာစားပွဲတွေ၊ ပါတီတွေ၊ ပျော်ပွဲစားပွဲတွေ၊ ကပွဲတွေ၊ အားလုံးဟာ ငါ့အတွက် အခုအချိန်အထိ စိမ်းနေတုန်းပဲ။ ဒါတွေထက်ကို ငါပိုပြီးပျော်တာက ငါချစ်တဲ့၊ ငါ့ကိုချစ်တဲ့ သူငယ်ချင်းတွေနဲ့ online မှာစကားပြောတာပဲလေ။

    နေရာတွေကွာဝေးသလို၊ အချိန်တွေလည်းကွာတယ်ကိုးရေ။ဒါပေမယ့် မိုးကောင်းကင်တစ်ခုရဲ့အောက်မှာ ငါ့ကိုချစ်တဲ့သူတွေ တစ်နေရာမှာ ရှိနေပါလား ဆိုတဲ့ အသိစိတ်ကလေးက ငါ့ကို ဒီနေရာမှာ မတ်မတ်ရပ်နိုင်အောင် အထောက်အပံ့ပေးခဲ့တယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းနင့်ကိုလွမ်းတယ်..

    ReplyDelete