မှောင်မည်းမည်း ချောင်တစ်ချောင်က .. အခန်းငယ်တစ်ခု.. ထိုနေ့က ..
ပျိုးပြက်လင်းလက် စွာ နုပျိုသစ်လွင်လို့ နေခဲ့တယ်.. လန်းဆန်းတက်ကြွတဲ့
တောက်ပပ ခြေလှမ်းတွေက.. ဒီအခန်းငယ် ကလေးကို သက်ဝင်လှုပ်ရှားစေခဲ့ပြန်တယ်..
အဲဒီနေ့က ကျနော်တို့အတန်းတွေ စ တက်ရတယ်လေ..
စိမ်းသက်သော
ရွယ်တူ လူတွေကြားထဲ.. စိမ်းသက်သောအတွေးက.. ကျနော် ကြောက်တယ်တဲ့..
ဘာကြောင့်များ ကြောက်မိပါလိမ့်.. ကျောင်းရဲ့ အရှိန်ကြောင့်ရယ်လား..
အတန်းရဲ့ အရှိန်ကြောင့်ရယ် လား.. သေချာ မကွဲပြားခဲ့ဘူး.. ဒါပေမဲ့..
စတင်ထိတွေ့ခံစားရတဲ့ မှောင်ကုပ်ကုပ် ချောင်ကလေးထဲက..
မီးချောင်းထိန်ထိန်ထွန်းထားတဲ့ ဒီအခန်းငယ်လေးကတော့.. S-21 လို့ အမည်နာမရှိတယ်ဆိုတာ.. စ ရောက်ရောက်ချင်းမှာ မှတ်မှတ်ထင်ထင် သိခဲ့ရတယ်.. ကျနော် S-21 မှာ စတက်ရပြီတဲ့..
ဒီလိုနဲ့ S-21 ကို .. ကျနော် စတင်ရောက်ရှိခဲ့တယ်.. မှတ်မှတ်ရရ အဲဒီတုန်းက S-21
မှာ မိန်းကလေးဆိုလို့.. ကျနော်အပါအဝင်မှ (၃)ယောက်ထဲရယ်ပေါ့.. စိမ်းသက်သက်
လူတွေကြားထဲက မိန်းကလေး (၃)ယောက်ကို.. ထိုစိမ်းသက်သော လူရွယ်များကပဲ..
ဖေးကူထိန်းလို့ စောင့်ရှောက်ပေးခဲ့ တာက.. ကျနော် သိပ်ချစ်တဲ့
ထိုအခန်းငယ်ကလေးက စခဲ့တဲ့ သင်တန်းလေးတစ်ခုပါပဲ..
ခပ်စိမ်းစိမ်းပတ်ဝန်းကျင်က
တဖြည်းဖြည်း နွေးထွေးပျော့ပြောင်းလာခဲ့သလို..
စိမ်းသက်သက် သင်ခန်းစာတွေကလည်း.. စိတ်ဝင်စားဖွယ်၊ လေးနက်ဖွယ် သင်ခန်းစာတွေ
ဖြစ်လာခဲ့တယ်.. ဒီလိုနဲ့ လိုအပ်ချက်တွေကို.. စိမ်းသက်ရာကနေ..
ရင်းနှီးကျွမ်းဝင်လာသော.. လူသားအချင်းချင်း ဖေးကူကြရင်း..
ရဲဘော်ရဲဘက်သဖွယ်.. သေတူရှင်မကွာ နီးပါးရှိခဲ့တာက..
သွေးသားရင်းကဲ့သို့သော.. ချစ်သောသူများ ရယ်ပေါ့..
ဒီလိုနဲ့
ဒီအခန်းငယ်ကလေးမှာ ဝင်ထွက်သွားလာ လှုပ်ရှားကျင်လည်ရင်း..
ချစ်ခင်မြတ်နိုးသော ချစ်သောသူများကို.. ကျနော်ရရှိခဲ့တယ်..
တစ်သက်မမေ့နိုင်စရာ ချစ်စရာအတိတ်ဟောင်းများကို ထိတွေ့ခံစားခွင့်ရခဲ့တယ်..
သိုလှောင်သိမ်းဆည်းခွင့် ရခဲ့တယ်.. ဒီလိုနဲ့ ရက်မှ လ.. လမှ နှစ်..
အလီလီပြောင်းတော့လည်း.. ဒီနေရာကလေးကနေ.. အလျှိုလျှို..
ခွဲခွာခဲ့ကြရပြန်တယ်.. ဒါပေမဲ့လည်း.. ဘယ်တော့မှ မပြတ်သွားနိုင်တော့တဲ့
သံယောဇဉ်ကြိုးမျှင်တွေက.. တစ်ဦးချင်းစီရဲ့ ရင်မှာ.. တစ်ရစ်ပြီး တစ်ရစ်..
ချည်လို့ နှောင်လို့ရယ်ပေါ့…
S-21 က စတဲ့ သံယောဇဉ်ဟာ.. S-21 မှာ မဆုံးခဲ့တာတော့.. အသေအချာပါ.. ချစ်သောသူများနဲ့ ဝေးကွာခဲ့ပြီး နောက်ပိုင်းအချိန်တွေမှာ. ကျနော့်အတွက်.. S-21
နဲ့ အနီးကပ်ဆုံး နေရာ တွေဆီ ရောက်ခဲ့တဲ့ နေ့ရက်တွေကို ကြုံတွေ့ခဲ့ရတယ်..
အဲဒီလို အနီးဆုံးနေရာမှာ ရှိနေခဲ့တဲ့ အချိန်ကာလတိုင်းလည်း..
မှောင်မှောင်မှည်းမှည်းနဲ့.. အုံ့ဆိုင်းဆိုင်း ချောင်ကလေးကြားက အမြဲလိုလို
ပိတ်ထားတဲ့.. အိပ်မက်သဏ္ဍာန် ထိအခန်းငယ်ကလေးကို.. ဘယ်သောအခါမှ ပြန်သွားလို့
ငဲ့စောင်း မကြည့်ရဲခဲ့ဘူးလေ.. အဝေးက လှမ်းမျှော်ကြည့်ရုံနဲ့တင်..
လွမ်းတတ်တဲ့ ကျနော့်အတွက်.. မှောင်ရိပ်ထဲက.. လူသူကင်းမဲ့တဲ့..
ထိုအခန်းငယ်ကလေး ပတ်ဝန်းကျင်က အတိတ်ရဲ့ အရိပ်တွေက.. အနီးကပ် လွမ်းနိုင်တဲ့
အင်အားပဲ မရှိခဲ့တာလား.. S-21 ရဲ့ သံယောဇဉ်ကပဲ ..
မျက်ရည်ကို အလိုမရှိလို့.. ရင်မဆိုင်ရဲခဲ့တာလား.. သေချာ မသိခဲ့ပေမဲ့..
အနီးကပ်ဆုံး ခြေလှမ်း ၁၀ လှမ်းသာသာလေးနဲ့တင်..
ရင်ဆိုင်မကြည့်နိုင်ခဲ့လို့.. ခြေဦးပြန်လှည့်ခဲ့ရတဲ့ ရက်ပေါင်းက များစွာ..
ဒီလိုနဲ့ အတိတ်ကို လွမ်းဆွတ် သတိရ တမ်းတရင်း.. ကိုယ့်ကိုယ်ကိုယ်
သေချာဆန်းစစ်မိတာက.. ကျနော် တကယ့်ကို လွမ်းတတ်တာကိုးတဲ့…
အခုနောက်ပိုင်းတော့
ဘယ်သင်တန်းတက်တက်.. ဘယ်ကျောင်းသွားသွား.. ပျော်ရွှင်မှု၊ လွတ်လပ်မှု၊
ကြည်နူးမှုတွေနဲ့အတူ.. ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းတက်ချင်မှုဆိုတဲ့
စိတ်ဓာတ်တွေဟာ S-21 ထဲမှာ ရှိခဲ့တဲ့ အချိန်တွေလောက်
မပျော်ပိုက်တော့တာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မိခဲ့ပြန်တယ်..
တစ်သက်လုံးအတွက် အချစ်ဆုံးအတန်း၊ အချစ်ဆုံးကျောင်းနဲ့ အချစ်ဆုံးသော
သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ ရပြီးနောက်ပိုင်း.. နောက်ထပ် ရောက်လာသော
အရာအတော်များများက.. S-21 ကို ဘယ်လိုမှ အစားထိုး မရနိုင်အောင် ဖြစ်ခဲ့ရတယ်.. ထို့အတူပဲ.. အမြဲတမ်း လွမ်းဆွတ်တမ်းတနေခဲ့တဲ့.. S-21
အခန်းလေးနဲ့.. ထိုစဉ်က အတူရှိခဲ့ဖူးတဲ့ သူငယ်ချင်းများကလည်း.. ဘယ်သောအခါမှ
မေ့ပျောက်သွားနိုင်မယ့်သူတွေ .. မဟုတ်ခဲ့ဘူးဆိုတာ.. ပိုလို့ ပိုလို့ကို
သေချာလာခဲ့ပါတော့တယ်…
ကေပိုး
7:00 PM.
No comments:
Post a Comment