ဝါကျွတ်ပြီဆိုတာနဲ့
လာလိုက်တဲ့ ဖိတ်စာတွေ၊ ဖိတ်စာတွေဆိုတာ... ကျွန်မပတ်ဝန်းကျင်မှာ အောလမောတိုက်လို့ပါပဲ..
သီတင်းကျွတ်လပြည့်နေ့ကတည်းက သွားလိုက်ရတဲ့ မင်္ဂလာဆောင်တွေဆိုတာကလည်း... ပိတ်ရက်တိုင်း
နီးပါးဖြစ်ခဲ့ရသလို.. သီတင်းကျွတ်မုန့်ဖိုးဆိုတာကလည်း.. လက်အုပ်ချီဖို့အတွက်တင် မဟုတ်တော့ပဲ..
မင်္ဂလာဆောင်လက်ဖွဲ့အတွက်တွေနဲ့ပါ.. ရောလို့ လာခဲ့ပြန်တယ်လေ.. မင်္ဂလာဆောင် လက်ဖွဲ့ဖိုး၊
မင်္ဂလာဆောင်သွားဖို့ အဝတ်အစား ဘာညာ ကုန်ကျစရိတ်.. အဲဒါတွေ တွက်လိုက်တော့ တော်တော်ကြီးကို
စိတ်ညစ်ညူးလို့ လာခဲ့တဲ့အပြင်.. ဒီနှစ်မှ ဘာကြောင့် ကျွန်မ ဘေးနားက လူတွေ မင်္ဂလာဆောင်နေကြတာလဲလို့
ညိုညင်ချင်လာတော့တယ်.. အဲဒါတွေအပြင် အဲဒီမင်္ဂလာဆောင်ဆိုတာချည်းကို အမြင်ကတ်လို့လဲ လာသလို
စိတ်ဝင်စားလို့လဲ လာပါတော့တယ်..
ဒီအကြောင်းအရင်းလေးတစ်ခုတင်လားဆိုတော့
ဟုတ်မယ် မထင်သေးပြန်ဘူး.. ကြိမ်းသေတာ နောက်ထပ် အကြောင်းအရင်းတွေလဲ ပါသေးပြန်တယ်လေ..
အကြောင်းရင်းပေါင်းစုံထဲက နောက်ထပ်သေချာစေတဲ့ အကြောင်းရင်းတစ်ခုက... ရုံးသွားရုံးပြန်
အတူတူရှိတဲ့အပြင်.. တစ်ဌာနထဲ အတူတူအလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နှုတ်က ပြောပြောနေတဲ့
လာမယ့် လအနည်းငယ်အတွင်း ပြုလုပ်မယ်ဆိုတဲ့ သူ့မင်္ဂလာဆောင် ပြင်ဆင်ပုံတွေ.. သူ ကြိုတင်မျှော်လင့်နေတာတွေ..
ကြားရ မြင်ရတော့ .. ကျောက်တိုင်ကြီး မဟုတ်တဲ့ ကျွန်မ.. ချည့်နဲ့နဲ့ လှုပ်လို့ လာချင်ပါတော့တယ်..
ဒါပေမဲ့လည်း .. ကြိမ်းသေတာတော့ အများသူငှာ မိန်းကလေးတွေလို.. ငါ့ မင်္ဂလာဆောင်မှာတော့
ငါက ဘယ်လို၊ ဘယ်ပုံ ပြင်ဆင်မှာ.. ဘယ်ပုံ၊ ဘယ်နည်း ဝတ်ဆင်မှာ ဆိုတာတွေ မဟုတ်ပါပဲ.. ကေပိုးဆိုတဲ့
ကျွန်မရဲ့ .. မင်္ဂလာဆောင်ဆိုတာကြီးကို စိတ်ကူးရယ်ဖြင့် ယဉ်ကြည့်မိပါတော့တယ်..
မိန်းကလေးတွေ
ပြောပြောနေတဲ့.. လူကြီးသူမတွေ ပြောပြောနေတဲ့.. တစ်သက်မှာ တစ်မင်္ဂလာဆိုတဲ့စကားကို ကြားတိုင်း..
ပြန်ပြောချင်မိတာက .. ဘယ်သူကရော.. ဘယ်လိုလုပ် သူတို့ရည်ရွယ်တဲ့ မင်္ဂလာဆိုတဲ့အရာကို တစ်သက်မှာ
အခါခါလုပ်ချင်ကြလို့လဲ ဆိုတာပါပဲ.. အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး.. ဆိုတာတွေက
ပျက်စီးလို့မသင့်တဲ့အရာတွေဆိုတာ မြန်မာလူမျိုးတိုင်း သိကြပြီးသားပါ.. အဲဒီလို ဆိုရိုးတွေနဲ့အညီ..
မိန်းကလေးတွေရဲ့ တစ်သက်မှာ တစ်မင်္ဂလာကို.. တော်တော်များများ မိန်းကလေးတွေ ဇာချဲ့ကြတာကိုလည်း..
မြင်ဖူးခဲ့တယ်.. တတ်နိုင်လို့ ချဲ့တာ.. ရနိုင်ပေမဲ့.. မတတ်လဲ မတတ်နိုင်.. ချဲ့လည်း
ချဲ့ချင်ကြတဲ့.. ခေတ်ကာလကို မြင်တော့ ကေပိုးစိတ်ကူးမိတဲ့ ကေပိုးရဲ့ မင်္ဂလာဆောင်လေးကို
အားတောင် နာခဲ့မိတယ်.. ဒါပေမဲ့လည်း.. ကိုယ်ဖြစ်ချင်တာကို စိတ်ကူးယဉ်တာမို့.. စိတ်ကူးထဲမှာပဲ
ကေပိုး.. ပျော်ရွှင် ကျေနပ်ခဲ့ပါတော့တယ်..
မင်္ဂလာဆောင်တဲ့..
မိန်းကလေးတစ်ယောက်ရဲ့ အထွဋ်အမြတ်ကလေးတစ်ခုပေါ့.. ဒီလို အထွဋ်အမြတ်ကလေးကို မိန်းကလေးတိုင်း
ကောင်းကောင်းမွန်မွန်၊ သားသားနားနား ဖြစ်ချင်ကြတာချည်းပါပဲ... ကျွန်မအတွက်ကရော... ကျွန်မလည်း
မိန်းကလေးပါပဲ.. မိန်းကလေးတိုင်း စိတ်ကူးယဉ်သလို.. စိတ်ကူးယဉ် မင်္ဂလာပွဲကြီး.. တောင့်တာချင်တာပဲလေ..
ဒါပေမဲ့.. တကယ် သေချာသလား.. တကယ်ပဲ.. အဲဒီလို ခမ်းခမ်းနားနား မင်္ဂလာဆောင်တာချည်းကို
လုပ်ချင်တာ တကယ့်စိတ်ရင်းလားလို့ မေးလိုက်ရင်.. မဟုတ်ဘူးလို့ ပြန်ဖြေရမှာပါပဲလေ.. သူများမိန်းကလေးတွေအတွက်
လိုအပ်ချင် လိုအပ်ပါလိမ့်မယ်.. ကျွန်မအတွက်တော့..ခမ်းနားမှုဆိုတာ.. ပကာသနသပ်သပ်ပဲလို့
မြင်မိတတ်တဲ့ စိတ်နဲ့ဆိုရင်ပဲ.. ငြင်းဆန်မိမှာ သေချာလို့ နေခဲ့ပါတယ်..
ထိုနည်းတူပါပဲ..
လန့်ဖြန့်စရာ တစ်ခုထဲ ပါတဲ့.. ထိုင်မသိမ်းဆိုတာချည်းကိုလည်း.. ကျွန်မ.. အတွေးအိမ်ထဲ
လက်ခံလို့ မရခဲ့ပြန်ပါဘူး.. ဗမာမိန်းကလေးမို့ ထိုင်မသိမ်း ဝတ်ရမယ်.. တခြားလူမျိုးမို့
wedding dress ဝတ်ရမယ်.. ဘာညာဆိုတဲ့ ပညတ်ချက်တွေကို ဖယ်လို့.. ကေပိုး မင်္ဂလာဆောင်မှာ..
ထိုင်မသိမ်းဆိုတာကို ကေပိုး ပစ်ပယ်ခဲ့ချင်ပြန်တယ်လေ.. အကိုရင်းရဲ့ မင်္ဂလာဆောင်မှာ ယောင်းမ
ဝတ်ချင်တယ်၊ ပွဲထွက်ချင်တယ်ဆိုလို့.. ထိုင်မသိမ်းဆိုတာကြီးကို ဆင်ပေးခဲ့တာ.. ဝတ်စုံတစ်စုံကြေးကို
၆သိန်းကျော်လောက် ဖြစ်သွားတာကို ကြည့်ပြီး.. ဘေးက နှမြောမိခဲ့ဖူးတယ်.. အဲဒါအပြင် ပွဲထွက်တာတွေ၊
ဆိုင်းဝိုင်းတွေ၊ တီးဝိုင်းတွေ၊ စုလျားရစ်ပတ်ဆိုတာတွေ ဘာတွေကလည်း ကျွန်မအတွက်ဆို မလိုအပ်ပြန်ဘူးလို့ ထင်ခဲ့မိပြန်တယ်.. ကျွန်မနဲ့
ကျွန်မရဲ့ ရည်ရွယ်သူတို့သာ လက်ခံနိုင်လောက်တဲ့ နှစ်ဖက်မိဘ သဘောတူညီချက်ပါတဲ့ လက်မှတ်ထိုးခြင်းဆိုတဲ့
အမှုကို.. သင့်တော်ရာ တရားရုံးတစ်ခုမှာ သွား.. လက်မှတ်ထိုးပြီးရင်.. လူကြီးစုံရာ၊ ဆွေမျိုးမိတ်သင်္ဂဟတွေကို
အသိပေးနိုင်မယ့် မင်္ဂလာဦးဆွမ်းကျွေးဆိုတာလေး တစ်ခုလောက်နဲ့တင်.. ကျွန်မရဲ့ မင်္ဂလာဆောင်ဆိုတာကို
ရိုးရှင်းစွာ ကျင်းပချင်ခဲ့ပြန်တယ်..
ဟိုစဉ်တုန်းက..
ကျွန်မ အသိဖွားဖွားကြီးတစ်ယောက်... သူ့ရဲ့ အသက် ၇၀ ပြည့်ဆိုတဲ့ မွေးနေ့ကို.. ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ
အလှူရယ်လို့ လုပ်ခဲ့တယ်.. သူ အလှူလုပ်ခဲ့တဲ့ နေရာက.. ကမ္ဘာအေးဘုရားကြီးရဲ့ နောက်ဘက်က
သံဃာ့တက္ကသိုလ်မှာပါ.. အဲဒီအလှူကို သွားခဲ့စဉ်ကတည်းက ကျွန်မရဲ့ အတွေးထဲမှာ အဲဒီနေရာကို
မှတ်မှတ်သားသား မှတ်သားထားခဲ့ဖူးတယ်.. ကျွန်မအတွက် တစ်ခုခုသော အထိမ်းအမှတ်တွေအတွက်..
ဘယ်မှာ လုပ်မလဲလို့ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင်ပေါ့.. သေချာပေါက် ပြောနိုင်တာကတော့
ကျွန်မ .. သံဃာ့တက္ကသိုလ်ဆိုတာကို ရွေးမိမှာ အသေအချာပါပဲ..
သိပ်ကြီး
မကြာလွန်းတဲ့ အချိန်အတိုင်းအတာလေးတစ်ခုအတောအတွင်းမှာ.. ကျွန်မ မင်္ဂလာဆောင်လေးကို မငြီးငွေ့အောင်..
ပီတိဖြစ်အောင် ရွေးချယ်ခဲ့ချင်တယ်.. ကျွန်မရွေးချယ်ချင်တဲ့ ဒီသံဃာ့တက္ကသိုလ်လေးမှာကတော့..
တခြား၊ တခြားသော မင်္ဂလာအခန်းအနားကြီးတွေလို မဟုတ်ပဲ.. ဖဲစ ခင်း၊ ဖဲစ ကာ.. စားပွဲ၊ ကုလားထိုင်တွေနဲ့
ခမ်းနားမှုဆိုတာထက်.. သပ်ရပ်သန့်ရှင်းတဲ့ စားပွဲခင်းကို ခင်းထားပြီး ကော်ဇောခင်းထားတဲ့
ကြမ်းပြင်ပေါ် ထိုင်ချလို့.. ဘုရားဆင်းတုတော်ရှေ့၊ ဘုရားရိပ်၊ တရားရိပ်မှာ မင်္ဂလာဦးအလှူနဲ့အညီ အလှူဆိုတာကို ပြီးမြောက်စေချင်ခဲ့ပြန်တယ်လေ..
ခင်မင်မှု အတိုင်းအတာ ပိုလွန်းတဲ့ အပေါင်းအသင်းတွေ လာနိုင်မယ်ဆိုရင်ဖြင့်.. မင်္ဂလာဆောင်ပွဲလေး
မစခင်မှာ.. သံဃာ့တက္ကသိုလ်က ကျောင်းထိုင်ဆရာတော်ကြီးကို ပင့်ပြီး.. မင်္ဂလာဦးဆွမ်းကျွေးနဲ့အတူ
တရားနာ၊ ရေစက်ချချင်လို့လဲ နေပြန်တယ်.. ကြိမ်းသေတာတော့ အဲဒီနေ့မှာ ကေပိုးဆိုတဲ့ ကျွန်မ..
ထိုင်မသိမ်းဆိုတာကြီး ဝတ်မနေဘူးဆိုတာပါပဲ..
ဟိုစဉ်ကတည်းက
သူများတွေ ဘယ်လိုပြောပြော၊ ဘာတွေတွေးတွေး.. ဘယ်လိုအယူအဆတွေ ယူယူ.. ကြိုက်တယ်ဆိုတဲ့အထဲ
မပါပေမဲ့.. ဘာရယ်ကြောင့်မှန်းမသိ.. မင်္ဂလာဆောင်မယ်ဆိုရင်လို့ စဉ်းစားလိုက်တိုင်း ပေါ်လာတာက..
ဖက်ဖူးစိမ်းလို့ ခေါ်တဲ့ အရောင်လေးတစ်ရောင်ပါပဲ.. အစိမ်းရင့်လဲ မဟုတ်၊ အစိမ်းနုလဲ မဟုတ်..
သူများတွေပြောတဲ့ မော်ဒယ်လ်စိမ်းဆိုတာကြီးလဲ မဟုတ်တဲ့.. ဖက်ဖူးစိမ်းဆိုတဲ့ အရောင်ကလေးနဲ့..
ပိုးသားရင်ဖုံးကလေးရယ်.. ချိတ်လှိုင်းအပြည့်ပါတဲ့.. အဖြူခံပေါ်က ဖက်ဖူးစိမ်းလှိုင်းကလေးတွေနဲ့
ချိတ်ထမီရယ်၊ ဖက်ဖူးစိမ်းရောင် ပဝါကလေးရယ်နဲ့ တော်သင့်ရုံ ဝတ်စားထားတဲ့ ပုံစံမျိုးနဲ့
ထိုင်မသိမ်းမဟုတ်တဲ့.. ရိုးရိုးသော ဝတ်စုံလေးကို ဝတ်ပြီး.. မင်္ဂလာဦးရေစက်ချ၊ တရားနာချင်ခဲ့တယ်..
အဲဒီစိတ်ကူးဟာ.. ဟိုးအရင်းကတည်း စိတ်ကူးဖြစ်ခဲ့သလို.. အခုထက်ထိတိုင်လဲ မပြောင်းလဲသေးသော
စိတ်ကူးလို့ ပြောရင်လဲ ရနိုင်ခဲ့ပါတယ်.. ဒါပေမဲ့ .. သူငယ်ချင်းတွေရဲ့ အပြောမှာရော..
ကြားဖူးသမျှတွေထဲမှာပါ.. ဖက်ဖူးရောင်ဆိုတာ မင်္ဂလာအရောင်ထဲမှာ မပါဘူးဆိုတာပါပဲ.. ဒါပေမဲ့လည်း..
မင်္ဂလာဆိုတာ အဲလို သတ်မှတ်ချက်တွေ၊ ပိတ်ပင်ချက်တွေကို ပယ်ဖျက်နိုင်ရမယ်.. ဘယ်လိုလုပ်လုပ်
မင်္ဂလာအမှုကို ပြုတယ်ဆိုရင်ပဲ.. မင်္ဂလာမြောက်တယ်၊.. ကုသိုလ်အမှုကို ပြုတယ်ဆိုရင်ပဲ.. ကုသိုလ်ရတယ်လို့
သတ်မှတ်ချင်ခဲ့ပြန်တယ်လေ..
အဲဒီဝတ်စုံကလေးကို
ရိုးရှင်းစွာ ဝတ်ဆင်ပြီး.. ရေစက်ချ၊ တရားနာလို့ပြီးပြီဆိုရင်ဖြင့်.. လာသမျှ မိတ်သင်္ဂဟတွေသာ..
အမြင်နဲ့ ကုသိုလ်ပီတိယူချင်အောင်.. နောက်တစ်ခု ကုသိုလ်လုပ်ချင်သေးတာက.. အဲဒီသံဃာ့တက္ကသိုလ်ရဲ့
လုပ်ထုံးလုပ်နည်းကလေးတစ်ခုပါပဲ.. အဲဒါကတော့.. သံဃာ့တက္ကသိုလ်ကြီးမှာ စာသင်ကြားနေတဲ့
စာသင်သားသံဃာတော်တွေကို နေ့ဆွမ်းကပ်လှူတာလေးတစ်ခုပါပဲ.. ကျွန်မအသိအဖွား မွေးနေ့တုန်းကတော့
လာသမျှ ဧည့်သည်တွေကို မဧည့်ခံခင်.. စာသင်သားသံဃာတော်တွေ (အဲဒီတုန်းကတော့ စာသင်သားသံဃာချည်းပဲ
၃၆၀ လောက်ရှိတယ်လို့ သိရပါတယ်) ဆွမ်းဘုမ်းပေးတာကို ကြည်နူးကုသိုလ်ယူခဲ့တာကို မြင်ခဲ့ရတယ်..
ကျွန်မရဲ့ မင်္ဂလာဦးအလှူမှာလဲ.. လာမယ့် ဧည့်သည်တွေသာ စိတ်ပါမယ်ဆိုရင်.. ကျွန်မလှူမယ့်
အလှူဆွမ်းကို ဘုန်းပေးမယ့် စာသင်သားသံဃာတော်တွေကို ကြည်ညိုရင်း ကုသိုလ်လဲ ယူစေချင်သေးပြန်တယ်လေ..
ဒီလို..
ဒီလို ကုသိုလ်တွေ ပြည့်နေတဲ့ မင်္ဂလာဦးအလှူကို ကြည်နူးစွာ ပြီးဆုံးစေချင်သလို.. ပကာသနမဖက်တဲ့..
ကုသိုလ်လွှမ်းတဲ့ အပြုအမူလေးနဲ့ ကျွန်မရဲ့ ဘဝတစ်ဆစ်ချိုးကို စတင်လို့ နေခဲ့ချင်ပြန်တယ်..
ဘာပဲပြောပြော.. သူများတကာ မိန်းကလေးတွေလို.. လှလှပပ.. ခမ်းခမ်းနားနားကြီးတွေ ဆောင်မယ့်နည်းတူ..
ပိုက်ဆံကုန်တာချင်းအတူတူ.. ကုသိုလ်ရေးလုပ်ရင်း
စတင်မယ့် ဘဝမျိုးကို ပိုလို့သာ စိတ်ကူးယဉ်ချင်ပါတော့တယ်.. တကယ်လို့သာ ကျွန်မရည်ရွယ်သလို
ကျွန်မရဲ့မင်္ဂလာပွဲသာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ကြိမ်းသေတာကတော့ ကျွန်မရဲ့ မင်္ဂလာဆောင်ဖိတ်စာထဲမှာ
လက်ဖွဲ့ခြင်းသည်းခံပါ ဆိုတဲ့ စာသားလေးတော့ မပါမဖြစ် ထည့်မိမယ် ထင်ပါရဲ့.. (လက်ဖွဲ့မလိုချင်ဘူးရယ်
မဟုတ်ပေမဲ့.. လက်ဖွဲ့ပစ္စည်း လက်ခံယူရတာကိုတော့ တယ်ကို သဘောမကျခဲ့မိဘူးလေ.. ခင်လို့
မင်လို့၊ အမှတ်တရ ဖြစ်စေချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တွေပါတဲ့ လက်ဖွဲ့မျိုးတွေကိုသာ လိုချင်ခဲ့တာ
အမှန်မို့ရယ်...)
ကေပိုး
3:45
PM
25.11.2012.
https://www.facebook.com/note.php?saved&¬e_id=467432513299640
အရမ်းလှပြီးဖြူစင်မှုတွေပြည့်ဝနေတဲ့ စိတ်ကူး
ReplyDeleteအဲဒီစိတ်ကူးလေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ
အမှတ်တရဖြစ်စေချင်တဲ့ ပစ္စည်းလေးတွေလဲစုထားပါ့မယ်နော်
ကေကိုချစ်တဲ့ မကြီး jasmine
ပေးတဲ့ဆုတွေ ပြည့်ချင်ပါတယ်.. မမရေ
Deleteမရေ...ဖတ်ပြီးကြည်နူးရပါ၏....ဖက်ဖူးရောင်လေးကို ညလေးလဲ
ReplyDeleteသိပ်ကြိုက်တယ်မ...မျက်စိအေးတယ်လို့ထင်မိတယ်လေ..
ချစ်တဲ့...မိုးနတ်
မျက်လုံးထဲ ပေါ်လာတိုင်း အဲ့အရောင်လေးမို့လေ.. မိုးနတ်ရေ..
Deleteတီးရှော့ထဲမှာတွေ့တွေ့နေတဲ့ ကေပိုးဆီကိုလာလည်သွားတယ်နော်..
ReplyDeleteခင်တဲ့
ဆုမြတ်
ဟိုတယောက်ရော ဒီပို့စ်လေးဖတ်ပြီးပြီလားဟင်။
ReplyDeleteသူက ဘာပြောတုန်း :D