Pages

Sunday 29 April 2012

“အတိတ်ကာလဆီက သင်္ကြန်များသို့ အလည်တစ်ခေါက်”

♫♫ အချိန်တန် ဂိန်မာန် နွေဦးဝယ်
♫ မသွေအမှန် တောင်ပြန်လေမြူးတယ်
♫ အချိန်ခါဝေဆာ ပွင့်အလာထူးတဲ့
♫ အို ... ပိတောက်ဦး ရယ် ♫♫

စာရေးမယ်ဆိုပြီး စာကြည့်စားပွဲမှာ ထိုင်တွေးငေးနေတဲ့ ကိုယ်တစ်ယောက် အိမ်ရှေ့လမ်းမထက်ဆီက ဖြတ်သွားသော ထီကားမှ ပျံ့လွင့်လာတဲ့ သီချင်းသံကြောင့် ဘာလိုလိုနဲ့ သင်္ကြန်ရောက်ခါနီးပါရောလားလို့ သတိပြုမိခဲ့တယ်.. အဲဒါနဲ့ပဲ ရေးလက်စ စာကို ခဏရပ်ပြီး မကြာခင် ရောက်လာတော့မယ့် သင်္ကြန်ကာလလေးကို ကြိုတွေးမိသလို ကျန်ရှိခဲ့တဲ့ အတိတ်က သင်္ကြန်တွေကို ပြန်လည်ခံစားလို့ နေခဲ့ရပြန်ပါပြီ..



ကိုယ်သိထားတာတော့ သင်္ကြန်ဆိုတာ ကိုယ်တို့မြန်မာလူမျိုးတွေအတွက် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကြိုဆိုတဲ့ပွဲတော်တစ်ခုလို့ သတ်မှတ်ထားကြသလို.. နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို သန့်ရှင်းစင်ကြယ်စွာ ကြိုဆိုတဲ့ပွဲလို့လဲ သတ်မှတ်ထားခဲ့တယ် ဆိုတာပါပဲ.. မြန်မာလူမျိုးတွေအတွက် အထင်ရှားဆုံးပွဲတော်တစ်ခုလို့လဲ ကိုယ်တို့ မြန်မာတမျိုးသားလုံးရဲ့ ရင်ထဲမှာ မှတ်ယူထားကြပြီးသားဖြစ်တယ်လေ..

ဒီလိုသင်္ကြန်ရက်ကလေးတွေဟာ ကိုယ့်အတွက်တော့ ငယ်စဉ်ကတည်းက ပျော်ရွှင်စရာတွေကို ပေးခဲ့သလို ၀မ်းနည်းစရာမျိုးစုံကိုလဲ ကြုံဆုံဖူးခဲ့တယ်.. အဲဒီလို အမှတ်ရစရာတွေရှိတဲ့ သင်္ကြန်ရက်ကလေးတွေကို စာရေးရင်း ပုံဖော်ရင် ကောင်းမလားလို့တောင် စဉ်းစားလာမိတယ်.. ငယ်စဉ်က ရန်ကုန်မြို့ကြီးရဲ့ မြို့နယ်တစ်ခုမှာ နေခဲ့တဲ့ ကိုယ်တို့မောင်နှမတွေအတွက် သင်္ကြန်ဆိုတဲ့ ဒီပွဲကို အများနည်းတူ ဆင်နွှဲခဲ့ကြတယ်.. အမှတ်ရစရာများတဲ့ ကလေးဘ၀ သင်္ကြန်တွေထဲမှာ အမှတ်အရဆုံးအရာတွေကတော့ ဘာရယ်မှန်းမသိ သင်္ကြန်မတိုင်ခင်အထိ အခင်မင်မပျက်ခဲ့တဲ့ ဟိုဘက်ဒီဘက်လမ်းက သူငယ်ချင်းတွေဟာ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ရန်သူတွေဖြစ်ဖြစ်သွားတတ်တာ အမြဲလိုလို ဖြစ်ခဲ့ရတယ်..

ကိုယ်တို့အိမ်က ကိုယ်တို့လမ်းနဲ့ နောက်ကျောကပ်လမ်းကို ဆက်ထားပေးတဲ့ လမ်းသွယ်လမ်းကြားလေးနဲ့ ကပ်လျက်ဖြစ်ခဲ့ရတာဟာလည်း သင်္ကြန်တိုက်ပွဲတွေမှာ ကျေးဇူးတင်စရာ ဖြစ်ခဲ့ရတယ်။သင်္ကြန်တွင်းစပြီဆိုတာနဲ့ ကိုယ်တို့ကလေးတွေရဲ့ ၀တ်စားပုံတွေက ကျောင်းလွယ်အိတ်ကို လွယ်၊ ရေဖြည့်ထားတဲ့ စားအုန်းဆီပုံးတွေကို လွယ်အိတ်ထဲ ထည့်.. ပြီးတာနဲ့ ရေပြွတ်တစ်ချောင်းကိုင်ကာ တိုက်ပွဲစတော့တာပါပဲ.. ကိုယ်တို့လမ်းက ယောကျာ်းလေးတွေ စု၊ အဲဒီနောက် နောက်လမ်းက ကောင်လေးတွေနဲ့ ကိုယ်တို့အိမ်ဘေး လမ်းကြားမှာ ဖြစ်တဲ့ ရေတိုက်ပွဲဟာ ငယ်ဘ၀အတွက် အမှတ်ရစရာတစ်ခုလဲ ဖြစ်ခဲ့ရတယ်..

မိန်းကလေးတွေဖြစ်တဲ့ ကိုယ်တို့တွေကတော့ အိမ်ရှိရေကန်က ရေကို ပြေးယူ.. ရှေ့တန်းစစ်မျက်နှာက သူငယ်ချင်းတွေကို သယ်ပို့နဲ့ အလုပ်ရှုပ်လို့နေခဲ့တယ်လေ.. မှတ်မှတ်ရရတစ်ခုက အဲဒီအချိန်လောက်တုန်းက ရေပူဖောင်းတွေ ခေတ်စားပေမဲ့.. ကိုယ်တို့တိုက်ပွဲမှာ ရေပူဖောင်းပစ်တာကို လုံးဝတားဆီးခဲ့တာပါပဲ.. တစ်ရက်မှ ၂ ခါတိုက်တဲ့ စစ်ပွဲမို့ တစ်ပွဲရှုံးတိုင်း ရှုံးတဲ့ဘက်က လူတစ်ယောက်ကို အိုးမဲသုတ်တာဟာလဲ ကိုယ်တို့ တိုက်ပွဲရဲ့ ထုံးစံတစ်ခုလို ဖြစ်နေခဲ့တယ်.. ဘာပဲပြောပြော အနီးမှာ အိမ်ရှိနေတဲ့ ကိုယ်တို့အဖွဲ့အတွက် ရေကို လိုသလောက်ရနိုင်တာဟာလဲ တစ်ပမ်းသာခဲ့တယ်လေ.. ဒါပေမဲ့ သင်္ကြန်တွင်းသာ ရန်ဖြစ်ကြတဲ့ သူငယ်ချင်းတွေ သင်္ကြန်ပြီးတော့လဲ အလိုလိုစည်းလုံးသွားကြတာမို့.. သင်္ကြန်ရေတိုက်ပွဲလေးဟာ.. ကိုယ့်အတိတ်ရဲ့တစ်ပိုင်းတစ်စ အနေနဲ့ ပါဝင်လို့ နေခဲ့ပြန်တယ်လေ..

ဒါပေမဲ့လည်း ပျော်ရာမနေရ တော်ရာနေရဆိုသလိုပဲ.. မိဘတွေ ပြောင်းနေတဲ့.. မြို့သစ်လေး တစ်ခုဆီကို ပြောင်းလာတဲ့ ကိုယ်တို့မောင်နှမတတွေအတွက်တော့.. ဘာမှ မစည်ကားသေးတဲ့ မြို့သစ်လေးရဲ့သင်္ကြန်ကို ပျင်းရိစွာ စတင်ဖြတ်ကျော်ခဲ့ရတယ်.. စ ရောက်ခါစမို့လားတော့ မသိ.. လူမစည်ကားတဲ့ ကိုယ်တို့နေရာလေးရဲ့ သင်္ကြန်ကာလက.. အရင် နေရာဟောင်းရဲ့သင်္ကြန်လို ပျော်ရွှင်မှု မရှိခဲ့ဘူးလေ.. အဲဒါကို သိတဲ့ ကိုယ်တို့ဖေဖေက ကိုယ်တို့မောင်နှမတွေကို ဘတ်စ်ကားနဲ့ ရန်ကုန်မြို့သင်္ကြန်ကို လိုက်ပို့တာတွေကြောင့်လည်း အတွေ့အကြုံသစ်တွေ ရရှိခဲ့လို့ နေပြန်ခဲ့တယ်.. အဲဒီနောက်ပိုင်းတွေတော့ နေရာသစ်မှာ အသားကျလာသလို သူငယ်ချင်းအသစ်တွေနဲ့လဲ ခင်ခဲ့ရတာမို့ နောင်နှစ် နောင်နှစ် သင်္ကြန်တွေဟာ ပျော်စရာတွေ ဖုံးလွှမ်းခဲ့ပါတယ်...

မိဘတွေက ၀န်ထမ်းတွေမို့ ကိုယ်တို့အိမ်ဟာ နွေကျောင်းပိတ်ရက်ဆိုရင် ကလေးများ နားခိုရာ အိမ်ဖြစ်ခဲ့တာကြောင့် အမြဲ လူစည်ခဲ့သလို.. သင်္ကြန်တွင်းတိုင်းမှာလဲ ဖေဖေက ကားနဲ့မြို့အနှံ့ အလည် လိုက်ပို့ပေးတာတွေကြောင့်လည်း သူငယ်ချင်းတိုင်းရဲ့ ပျော်ရွှင်ရာနေရာတစ်ခု ဖြစ်ခဲ့ရတယ်.. သင်္ကြန်ဆိုရင် အိမ်မှာ အမြဲလူစည်ခဲ့သလို.. သင်္ကြန်တွင်းတိုင်းမှာ နေ့တိုင်းနီးနီး မုန့်လုပ်ကျွေးတတ်တဲ့ မေမေ့ကြောင့်လဲ ကိုယ်တို့ကလေးတစ်စု ပျော်ရွှင်ခဲ့ရတယ်.. ခပ်ငယ်ငယ်တုန်းကတော့ ဖေဖေလိုက်ပို့တဲ့ သင်္ကြန်နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ပေမဲ့.. ၁၀ တန်းတွေအောင်၊ တက္ကသိုလ်တွေ တက်တဲ့အချိန်မှာတော့ ကိုယ့်အကိုတွေ မောင်းတဲ့ကားနဲ့ ကိုယ်တို့တတွေ လျှောက်လည်ခဲ့ကြတာဟာလဲ မမေ့နိုင်တဲ့ သင်္ကြန်ပုံရိပ်တွေပဲ ဖြစ်လို့နေခဲ့တယ်..

သင်္ကြန်မတိုင်ခင် ၂ ရက်လောက်ကတည်းက အိမ်က ကားကို အမိုးတွေဖြုတ်၊ သင်္ကြန်အကြိုနေ့ရောက်တာနဲ့ ကားပေါ် တိုင်ကီတင်ပြီး ရေပက်ခံထွက်ခဲ့ကြတာဟာလဲ.. မမေ့နိုင်စရာ အတိတ်တစ်ခု ဖြစ်လို့ နေခဲ့တယ်.. ကားပေါ်မှာ ပါတာဆိုလို့ ကိုယ်အပါအ၀င်မှ မိန်းကလေး ၃ ယောက်ရယ်မို့.. ကျန်တဲ့ အကိုတွေ၊ သူငယ်ချင်းတွေရဲ့ ကာကွယ်ပေးမှုတွေကြောင့် မီးသတ်ပိုက်ဆိုတာမျိုးတွေနဲ့ ဝေးခဲ့ရတာဟာလဲ.. ကိုယ်တို့ရဲ့ ခင်မင်မှုတွေကို ပြသလို့ နေခဲ့ပြန်တယ်.. သင်္ကြန်ကြိုက်တဲ့၊ သင်္ကြန်မှာ ပျော်တဲ့သူတွေဖြစ်တဲ့ ကိုယ်တို့တွေကို ဖေဖေနဲ့မေမေက “မလည်နဲ့မပြောဘူး.. လည်ချင်လည်.. နေ့ခင်းတစ်ခေါက်တော့ အိမ်ပြန်လာရမယ်” လို့ ဆိုတာတွေကြောင့်.. မနက်ဆို ၈း၀၀ နာရီလောက် အိမ်ကထွက်ပြီး.. နေ့လည် ၂း၀၀ နာရီလောက်ဆို အိမ်ခဏ ပြန်ဝင်ကာ.. ညနေ ၃း၃၀ ဆို ပြန်ထွက်တတ်တဲ့ သင်္ကြန်နေ့ရက်တွေကိုလဲ သတိရမိတယ်.. ဘယ်လောက် သောက်စား သောက်စား၊ ဘယ်သူ့မှ မထိခိုက်တတ်သော အကိုတွေ၊ သူငယ်ချင်းတွေကြောင့်လည်း.. သင်္ကြန်တွင်းမှာ ဖြစ်တတ်တယ်ဆိုတဲ့ ရန်ပွဲတွေဆိုတာဟာလဲ စိမ်းကားလို့ နေခဲ့တယ်.. အဲဒီလို ပုံစံအတိုင်းလဲ သင်္ကြန်တော်တော်များများကို ကိုယ်တို့ ပျော်ရွှင်စွာ ဖြတ်ကျော်ခဲ့ကြတယ်..

အဲဒီနောက်ပိုင်းတွေမှာတော့ ကျောင်းတွေပြီး၊ အလုပ်တွေရ၊ အသက်အရွယ်တွေရလာတဲ့ ကိုယ်တို့ သူငယ်ချင်းတွေဟာ.. အလုပ်ကိုယ်စီနဲ့ နယ်တကာ ပြောင်းကြ၊ နိုင်ငံတကာ ရောက်ကြနဲ့ အမြဲဆုံဆည်းနေကျ သင်္ကြန်လေးကို မဆုံနိုင်တော့တာပါပဲ... ကျန်ရှိနေတဲ့ သူတွေကလည်း.. လူစုံတက်စုံ မရှိတော့တဲ့အတွက်.. ကိုယ့်ပုံစံနဲ့ ကိုယ် လည်ပတ်တာမျိုး၊ သင်္ကြန်မဏ္ဍပ်ထိုင်တာမျိုးတွေကြောင့်.. နှစ်စဉ်ထွက်လည်ခဲ့တဲ့ ကိုယ်တို့သင်္ကြန်လေး ဆိတ်သုန်းသွားခဲ့ရတယ်.. သူတို့တွေနဲ့ လိုက်လည်ဖို့တွေ ခေါ်ကြပေမဲ့လည်း.. အရင်လို လူစုံ မဟုတ်တော့တာကြောင့်လည်း.. ကိုယ် လိုက်လည်ချင်စိတ် မရှိခဲ့ဘူးလေ.. ဒါကိုသိတဲ့ ဖေဖေက.. သမီး လည်ချင်ရင် ဖေလိုက်ပို့မယ်လို့ ဆိုပေမဲ့ လည်ချင်စိတ် မရှိတော့တဲ့အတွက် ကိုယ် ဘယ်မှ မသွားခဲ့ဘူးလေ..


အဲဒီလို သင်္ကြန်မျိုးကို ၂ နှစ်လောက် ကြုံပြီးတဲ့နောက်မှာတော့ ကိုယ့်အတွက် အဲလို လည်ချင်ရင် လိုက်ပို့ပေးမဲ့ ဖေဖေ့ကို လွန်ခဲ့တဲ့ ၂ နှစ်သာသာလောက်က ကိုယ် ဆုံးရှုံးခဲ့ရပြန်တယ်.. အခု နောက်ပိုင်းသင်္ကြန်တွေဟာတော့ ကိုယ့်အတွက် လည်ချင်စရာ မရှိ.. စိတ်ဝင်စားမှု မရှိတော့တဲ့ သင်္ကြန်တွေ ဖြစ်ခဲ့လို့ နေခဲ့ရတယ်.. အသက်ရွယ် ရလာပြီ ဖြစ်သလို.. သူများတွေလို သင်္ကြန်မဏ္ဍပ်ထိုင်တတ်တဲ့ အကျင့် မရှိတာကြောင့်.. ဘယ်အပေါင်းအသင်းခေါ်ခေါ် မလိုက်တတ်ခဲ့ဘူးလေ.. အဲဒါကြောင့် နောက်ပိုင်းသင်္ကြန်တွေဟာ ဘုရား၊ တရား လုပ်လေ့ လုပ်ထ မရှိတဲ့ ကိုယ့်အတွက် အိမ်ထဲမှာတွေရယ်၊ အွန်လိုင်းပေါ်မှာတွေရယ်နဲ့ အချိန်ကုန်ခဲ့လို့ နေခဲ့တယ်..

ပြီးခဲ့တဲ့ သင်္ကြန်တတွင်းလုံးဟာလည်း.. အိမ်အလုပ်တွေနဲ့၊ အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်ခဲ့တာ မှတ်မှတ်ရရပါပဲ.. အဲဒီလို ကုန်ဆုံးတဲ့ နေ့ရက်တွေကို လူငယ်တိုင်းအသုံးပြုနေတဲ့ social network တစ်ခုဖြစ်တဲ့ Facebook မှာတောင် စာလေးတစ်ခု တင်ခဲ့မိသေးတယ်.. ဂွသင်္ကြန်ရယ်လို့လေ.. ဂွသင်္ကြန်ဆိုလို့.. ရခိုင်ပြည်နယ် ဂွမြို့က သင်္ကြန်လို့ မမှတ်ထင်စေချင်ဘူး.. ဆယ်ကျော်သက်တွေလို ငယ်တော့တဲ့ အရွယ်လဲ မဟုတ်၊ အသက်ကြီးသူတွေလို ဘုရား၊ တရားလုပ်ရမယ့်အရွယ်မဟုတ်လို့ လုပ်ချင်စိတ်လဲ မရှိ၊ သင်္ကြန်တွင်း တရားစခန်းဆိုတာတွေကိုလည်း ရှောင်ပြေးတတ်တာမို့.. ဘာမှ လုပ်စရာ မရှိပဲ.. အိမ်မှာပဲ တနေကုန်သောင်တင်နေတဲ့အတွက် သင်္ကြန်ဆိုတာကြီးဟာ ကိုယ့်အတွက်တော့ တကယ့်ကို ဂွတိုက်လို့ နေခဲ့တယ်လေ.. အခုနှစ်သင်္ကြန်လဲ မထူးလှစွာပဲ.. ဒီတိုင်း အိမ်တွင်းပုန်းလုပ်ရင်း အွန်လိုင်းပေါ် သောင်းကျန်းချင် သောင်းကျန်း၊ ဒါမှ မဟုတ် ခရီးလေးတစ်ခု ထွက်မလားလို့ စဉ်းစားထားရင်း.. ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့တဲ့ သင်္ကြန်လေးတချို့ကို.. ကိုယ်တစ်ယောက် တွေးရင်း ငေးရင်း စားမြုံ့ ပြန်လို့ နေပါတော့တယ်.....

No comments:

Post a Comment