Pages
Tuesday 12 June 2012
တမ်းတချိန်..
ဒီကျောင်း၊ ဒီပရဝုဏ်ကို ပြန်မရောက်ချင်ခဲ့ပေမဲ့လည်း မတတ်နိုင်စွာပဲ နောက်တစ်ဖန် ပြန်လည် ရောက်ခဲ့ရပြန်ပြီ ဖိုးကို.. ဒီနေရာ၊ ဒီဒေသက ငါ့အတွက် ဒဏ်ရာဟောင်းကို ပြန်ပေါ်စေခဲ့တာပဲလား.. ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲတစ်လုံး လွင့်စင်စေခဲ့ပြန်ပြီ ထင်ပါရဲ့ဟာ.. ရင့်ကျက်တဲ့အရွယ် ရောက်နေ ခဲ့ပေမဲ့ အတိတ်ဟောင်းရဲ့အရိပ်က ငါ့ကို ထပ်မံနှိပ်စက်ခဲ့ပြန်ပြီလေ..
လာခဲ့တုန်းက အသိတီချယ်တစ်ယောက်က လှမ်းခေါ်လို့… ဒါပေမဲ့ ဖိုးကိုရယ်.. ဒီပတ်ဝန်းကျင်က နင်နဲ့ငါ့ရဲ့ အတိတ်ကို ပြန်လည်ဆန်းသစ်စေပြန် ပါရောလား.. အထက်တန်းအောင်လို့ တက္ကသီလာဆီ စတင်ရောက် ခါကစ ငါ့နှလုံးသားကို တံခါးခေါက်လာခဲ့တဲ့ သစ်ရွက်ဟောင်းကလေးတစ်ရွက်ကို တွေ့နိုင်မလားလို့ ခုတဖန် လိုက်ရှာခဲ့မိပြန်ပြီလေ.. ဒါပေမဲ့ အတိတ်ရဲ့အရိပ်ဟောင်းတွေပဲ ငါ ပြန်ရှာတွေ့ခဲ့တယ် ဖိုးကို..
အတူပျော်ရွှင်ဖူးခဲ့တဲ့ နေ့ရက်တွေကို လိုက်လို့ရှာရင်း ငါလေ.. သိပ္ပံကင်တင်းဘက်ဆီလဲ ရောက်ခဲ့တယ် ဖိုးကို.. သူငယ်ချင်းတွေ အများကြီးကြားက နင့်ရဲ့ ဂရုစိုက်မှုတွေကို ကင်တင်းက စားပွဲခုံလေးမှာ ထိုင်ရင်း သတိရမိတာ ငါ့ဝေဒနာကို ငါ ပြန်တူးဆွနေသလိုပါပဲလား ဖိုးကို.. နင်နဲ့ငါရဲ့အတိတ်ဟောင်းက အစဆိုတဲ့ သံယောဇဉ်ဇာတ်လမ်းက သူများဇာတ်လမ်းတွေလို ထူးထူးဆန်းဆန်းလဲ မဟုတ်ခဲ့ပြန်ပါဘူးနော်.. ဒါပေမဲ့လည်း ဖိုးကိုရယ်.. အဲဒီလို မထူးခြားတဲ့ အဖြစ်အပျက်တွေကပဲ ငါ့ရင်ကို ရိုက်နှက်စေခဲ့တယ် ထင်ပါရဲ့..
ကျောင်းသားဘဝ အဖြစ်အပျက်တွေထဲမှာ ရေရေရာရာ အဖြေရှာပြပါဆိုရင် နင့်ဂရုစိုက်မှုက ငါ့အပေါ် အချစ်ဆုံးသူငယ်ချင်းသာသာပါ.. အဲဒီလို အခြေအနေကို ရူးသွပ်မိုက်မဲစွာ ကျော်လွန်ချင်ခဲ့သူ တစ်ယောက်က ငါပေါ့… ဒါပေမဲ့လည်း ငါတို့ မိန်းမသား သဘာဝ ကိုယ့်ကို ဖွင့်ဟလာတဲ့သူကိုပဲ ရွေးချယ် ခွင့် ရှိခဲ့တာကလည်း ငါ့အတွက် ကံကိုသာ ပုံချခဲ့ရတဲ့ အခြေအနေတစ်ရပ်ပေါ့.. ကျောင်းသက်တမ်း တစ်လျှောက် နင့်ရဲ့ ဂရုစိုက်မှုက သူငယ်ချင်းသံယောဇဉ်ထက် မကဘူးဆိုတာ ငါ သိနေရက်နဲ့တောင် ဘာမှ မထူးခြားလာခဲ့တာ ငါ့ကံကြမ္မာလား၊ နင့်သတ္တိမဲ့မှုလားဆိုတာ ငါ သေချာ မသိခဲ့ပါဘူး..
" ပုလဲ ငါ့လက်မောင်းကို ကိုင်ထား " လို့ နှစ်ယောက်အတူ လိုင်းကားတွေ တိုးစီးတိုင်း ကားလက်တန်းကို မမှီ့တမှီ ကိုင်တတ်တဲ့ ငါ့ကို ပြောခဲ့တဲ့ နင့်စကားသံတွေက ဖိုးကိုရယ်.. အခုအချိန် အဲဒီလို လိုင်းကားတွေ တိုးစီးဖြစ်တိုင်း ငါ ပြန်လွမ်းနေမိတယ်ဆိုတာ နင့်ကို သိစေချင်ခဲ့တယ်.. ငါ မသိ၊ နားမလည်တဲ့ စာတွေကို နင် ရှင်းပြချိန်မျိုး၊ နင် အတန်းမတက်လို့ ငါ စာကူးပေးရတာမျိုးဆိုတာတွေက ငါတို့ကြားမှာ ရိုးလို့ နေခဲ့တာ သေချာပေမဲ့ ဒီအဖြစ်မျိုးတွေကပဲ ငါတို့ သံယောဇဉ်ကို တိုးပွားစေခဲ့တာပါ ဖိုးကို..
နေ့လည်စာ စားပြီးတိုင်း ငါ့အတွက်ရယ်လို့ သီးသန့်ယူလာပေးတတ်တဲ့ သကြားလုံးလေးတွေ၊ ပန်းပန်ရတာကို မနှစ်သက်တတ်တဲ့ ငါ့အတွက် ကံ့ကော်ပွင့်ချိန်တိုင်း ယူလာပေးတတ်တဲ့ ကံ့ကော်တွေရယ်က .. ဒီနေရာ ဒီဒေသကို ပြန်ရောက် လာတဲ့ ငါ့အတွက် မျက်ရည်ဝဲစရာတွေ ဖြစ်လို့ နေခဲ့တယ်ဆိုတာ အဝေးတစ်နေရာက နင်တစ်ယောက် သိပါလေစ ဖိုးကို.. အဖြစ်သင့်ဆုံးလမ်းကို ရွေးချယ်ခဲ့ချိန်မှာ.. ငါလေ.. နောက်ကြောင်းကို ပြန်မလှည့်ကြည့်ချင်ခဲ့တာ နင် နားလည်မှာပါ.. ဒါပေမဲ့လည်း.. ဒီနေရာမျိုးကို ရောက်လာပြန်တဲ့ အချိန် မှာတော့ ငါတို့အတိတ်ရဲ့အရိပ်တွေကို ငါ မေ့နိုင်စွမ်း မရှိခဲ့ပြန်ဘူးလေ…
ဒီလိုနဲ့ တစ်နွေပြီး တစ်နွေကုန်သွားပေမဲ့ ငါ့အတွက် ဘာဆို ဘာမှ မထူးခြားလာခဲ့တာဟာ ဘဝဟောင်းက ဆုတောင်းအမှားတွေကြောင့်လို့ ငါ ပုံချရမလို ဖြစ်နေပြန်ခဲ့တယ်နော်.. ဒီလိုနဲ့ ငါတို့ တက်ခဲ့တဲ့ ကျောင်းတော်ကြီးသာ ပြီးဆုံးသွားခဲ့တယ်.. ငါလိုချင်တဲ့ အခြေအနေတစ်ရပ်ကို ငါ မရောက်ခဲ့နိုင်ပါလား ဖိုးကို.. ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေတော့.. ငါ့ရင်ထဲက ဝေဒနာတစ်ရပ်ကတော့ အမြစ်စွဲသလို တွယ်ခဲ့ပြီ ဖိုးကိုရယ်..
ကျောင်းသားဘဝ အပူအပင် ကင်းမဲ့ချိန်မှာတောင် တွေဝေခဲ့တဲ့ နင့်ကို ကိုယ့်လမ်းကိုယ် လျှောက်ကြရတဲ့အချိန်မှာတော့ ငါ ဘယ်အရာမှ မမျှော်လင့်၇ဲခဲ့တော့ဘူး ဖိုးကို.. ဒီလိုနဲ့ ငါတို့ တဖြည်းဖြည်း ဝေးခဲ့ကြတယ်နော်.. အနေနီးတုန်းကတောင် သွေးအေးခဲ့တဲ့ နင့်စိတ်၊ နင့်အခြေအနေတွေကို.. ငါလေ.. အရမ်းဝမ်းနည်းခဲ့ရပေမဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး..
ဒီလိုနဲ့ ငါတို့ ဘဝတွေ လျှောက်လှမ်းခဲ့ကြတယ်.. အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်၊ အချစ်ဆုံး သူငယ်ချင်းတွေအဖြစ်နဲ့ပေါ့.. တစ်ယောက်ကို တစ်ယောက် ဖေးမရင်း၊ ကူညီရင်း၊ နားလည်ရင်း.. သူငယ်ချင်းဆိုတဲ့ စည်းထဲက လုံခြုံစွာ လျှောက်လှမ်းခဲ့ကြရပြန်တယ်နော်.. ဒါပေမဲ့ ဖိုးကိုရယ်.. လူဆိုတာ တစ်ယောက်တည်း ရပ်တည်လို့ မရတဲ့အမျိုးဆိုတာ နင်လဲ အသိပဲလေ.. အထူးသဖြင့် ငါတို့မိန်းကလေး တွေပေါ့.. အလံမရှိတဲ့ ရထား.. တံခွန်မရှိတဲ့ ကုက္ကားတဲ့.. နင်လဲ ကြားဖူးမှာပေါ့.. ဘဝအတွက် တင့်တယ်မယ့် နေရာတစ်ခုကို ရွေးချယ်ဖို့က ငါတို့ မိန်းကလေးတွေရဲ့ တာဝန်လေ.. ဖိုးကို.. 
အသက်တွေ တဖြည်းဖြည်းရလာလို့.. ငါ့အတွက်၊ ငါ့ဘဝအတွက် တည်ငြိမ်အေးချမ်းတဲ့ မှီခိုစရာ အရိပ် ရှာဖွေရတဲ့အချိန်မှာ ငါ အရင်စဉ်းစားမိတာက နင်ပါ.. ဒါပေမဲ့လည်း ဖွင့်ဟပြောဆိုခြင်း မခံရတဲ့ မိန်းကလေးတစ်ယောက်အတွက် မြတ်နိုးသူကို သိက္ခာမဲ့စွာ ရွေးပိုင်ခွင့် မရှိခဲ့ဘူးလေ.. ဒါကြောင့် ငါ့ရွေးချယ်ခွင့်ထဲက အသင့်တော်ဆုံး၊ အလိုက်ဖက်ဆုံး၊ နားလည်ပေးနိုင်ဆုံးကို ငါ ရွေးချယ်ခဲ့တာ ငါ မမှားဘူး ထင်ပါရဲ့နော်..
ဒါပေမဲ့ ဖိုးကိုရယ်.. ငါက ငါ့လမ်းကို ငါ သေချာရွေးချယ်ခဲ့တဲ့အချိန်ကျမှ .. နင်က နင့်စိတ်ကို လူသိအောင် ကြေညာချင်ခဲ့တယ်.. ငါ မျှော်လင့်ခဲ့ရတဲ့ အချိန်တွေတုန်းက ရေငုံနှုတ်ပိတ် နေတတ်ခဲ့တဲ့ နင့်စိတ်ထားတွေ ဘယ်ကမ္ဘာဆီ ရောက်နေခဲ့လဲလို့ အခုအချိန်မှာ ငါ မေးချင်ခဲ့တယ်.. ငါ မှန်တယ်ထင်တဲ့ လမ်းကို ငါ ရွေးချယ်ခဲ့တဲ့အချိန်မှာ .. ငါ့စိတ်တွေ မတွေဝေချင်တော့ဘူး ဖိုးကို..
ဘယ်လောက်ပဲ ပျော့ညံ့တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့ပါစေ.. ငါ့ဆုံးဖြတ်ချက်ကလေး.. ငါ့ရွေးချယ်မှုကလေးကို ငါ တန်ဖိုးထားမြတ်နိုးချင်ခဲ့တယ် ဖိုးကို.. ဘဝလမ်းတစ်ကွေ့မှာ တစ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ အချစ်ရဆုံးသူတစ်ယောက်ကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် ဘ၀တစ်လျှောက် လုံး ခင်မင်သွားချင်မိတာက အခုအချိန်က ငါ့စိတ်ရင်းကလေးပါ သူငယ်ချင်းရယ်.. တစ်ယောက် နဲ့တစ်ယောက် နာကြည်းခြင်း မုန်းတီးခြင်းတွေ မပါတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် ရပ်တည် သွားချင်ခဲ့တယ်ဆိုတာ အဝေးတစ်နေရာက နင်တစ်ယောက်ကိုတော့ သိစေချင်ခဲ့တယ်..
ဘာပဲပြောပြောပေါ့ ဖိုးကိုရယ်.. ခုလို ဒီအရပ်ကို ရောက်ခဲ့ပြန်တော့လည်း ဝေဒနာမိုးက ကြေညာစရာမလိုပဲ ပြန်ခြိမ်းလာခဲ့တာကတော့.. ငါ့ရင်ထဲက တစ်သက်တာ သိမ်းထားတဲ့အရာတစ်ခုကို နောက်ကြောင်း ပြန်ရစ် ကြည့်သလိုသာ ဖြစ်ခဲ့ရပြန်ပြီလေ.. ဒါပေမဲ့လည်း ဖြစ်သင့်တဲ့ အခြေအနေတွေကို စဉ်းစားရင်း အတိတ်က အရိပ်ဟောင်းတွေကို ခေါက်သိမ်းလို့ ငါတစ်ယောက် ဒီကျောင်းပရ၀ုဏ်က ပြန်လည် ထွက်ခွာခဲ့ရပြန်ပါပြီ ဖိုးကိုရယ်...
8 comments:
  1. မြင်ရတာလွမ်းဖို့ကောင်းလိုက်တာနော်
    ReplyDelete
  2. ရှေ့လမ်းတွေကို လွမ်းမောခြင်းတွေနဲ့ပဲ ဆက်လျှောက်တော့မယ် ထင်ပါရဲ့။
    ReplyDelete
  3. ပုလဲရဲ့ လွမ်းမောခြင်း ဝေဒနာကို ကုစားမယ့်သူ ပေါ်လာမှာပေါ့.. မပျိုးရေ..
    ReplyDelete
  4. ကုစားမယ့်သူပေါ်လာပါစေ
    ReplyDelete
  5. ဒီလိုနဲ့ ငါတို့ ဘဝတွေ လျှောက်လှမ်းခဲ့ကြတယ်.. အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်၊ အချစ်ဆုံး သူငယ်ချင်းတွေအဖြစ်နဲ့ပေါ့.. တစ်ယောက်ကို တစ်ယောက် ဖေးမရင်း၊ ကူညီရင်း၊ နားလည်ရင်း.. သူငယ်ချင်းဆိုတဲ့ စည်းထဲက လုံခြုံစွာ လျှောက်လှမ်းခဲ့ကြရပြန်တယ်နော်.. ဒါပေမဲ့ ဖိုးကိုရယ်.. လူဆိုတာ တစ်ယောက်တည်း ရပ်တည်လို့ မရတဲ့အမျိုးဆိုတာ နင်လဲ အသိပဲလေ.. အထူးသဖြင့် ငါတို့မိန်းကလေး တွေပေါ့.. အလံမရှိတဲ့ ရထား.. တံခွန်မရှိတဲ့ ကုက္ကားတဲ့.. နင်လဲ ကြားဖူးမှာပေါ့.. ဘဝအတွက် တင့်တယ်မယ့် နေရာတစ်ခုကို ရွေးချယ်ဖို့က ငါတို့ မိန်းကလေးတွေရဲ့ တာဝန်လေ.. ဖိုးကို..
    ဖိုးကိုထက် အဲဒီစကားဝသုန်ကိုပြောပါခင်ဗျား
    ခင်မင်လျှက်
    ချစ်သူမောင်
    ReplyDelete
  6. ဒေါ်ဝသုန်လား. ခိခိ..
    သူ့ကြည့်ရတာ.. ငှက်ပျောတုံး ဖက်မလား မသိ.. :P
    ReplyDelete
  7. တမ်းတချိန်
    နွမ်းလျှချိန်
    ကွတတတ ဖြစ်ချိန်
    ရွစိရွစိဖြစ်ချိန်
    တွေ... ဘွမှာ အတော်များ..။ ဘာပုပု.. ဖိုးငိုကို တွေ.ရင် ပြောလိုက်မယ်အေ.. ကပုန်းရဲ...
    ReplyDelete
  8. ခုမှ တွေ့တယ်.. မန့်ထားတာကို..
    ကတောက် !!
    မခံစားတတ်လိုက်တာ... :P
    ReplyDelete