အချစ်ကို နားလည်သလောက် ရှင်းစမ်းဆိုရင် ရှင်းပြနိုင်မယ်
မထင်ခဲ့ဘူး.. ဒါပေမဲ့ ချစ်ခဲ့ဖူးတာတွေတော့ များခဲ့သား.. ကြာတော့ အချစ်ဆိုတာထက် ကိုယ့်အချစ်ကို
ကိုယ် မယုံတော့တာတွေများလို့ လာတော့တယ်.. ဒါပေမဲ့ မချစ်တော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ခဲ့ဘူး...
ကင်းကွာ မနေနိုင်တာ လဲ ပါမယ်ထင်တယ်.. ချစ်လိုက်၊ မုန်းလိုက် သံသရာထဲ တဝဲလည်လည်နဲ့ မလွတ်နိုင်ခဲ့ပါဘူး..
ကိုယ်ကိုယ်တိုင် အချစ်ကို မယုံခဲ့ချင်ပေမဲ့လည်း တစ်ခါ တစ်ခါ ချစ်တတ်လာတာ၊ ခံစားတတ်လာတာတွေကို
လစ်လျူ မရှုနိုင်ခဲ့ပြန်ဘူးလေ.. ဒါပေမဲ့ အခုအချိန်မှာ၊ ဒီအသက်အရွယ်မှာ အချစ်ဆိုတာထက်
လေးပင်နက်နဲတာတွေ ရှိနေပါလားဆိုတာ သေချာသိလာခဲ့သလို.. အချစ်ထက် အရေးကြီးတာတွေနဲ့ ဘဝတစ်ခု
တည်ဆောက်လို့ ရပါလား ဆိုတာတွေကို နားလည်သဘောပေါက်လာခဲ့တယ်...
အရင်က ကိုယ့်စိတ်၊ ကိုယ့်သဘောအတိုင်း လွတ်လပ်ပေါ့ပါးစွာ
နေထိုင်တာတွေကို သဘောကျနှစ်ချိုက်မိခဲ့သလို.. ကိုယ်ထင်ရာ ကိုယ်လုပ်ချင်တဲ့ စိတ်ကိုလဲ
ကျေနပ်အားရ ဖြစ်ခဲ့ဖူးတယ်.. ကိုယ့်အတွက် အချုပ်အနှောင်ဆိုတာ ကိုယ်ခံယူမှသာ ရတဲ့ ဘဝမျိုးကို
စိတ်ကျေနပ်ဖြစ်ခဲ့သလို ငါ့ဘဝမှာ ဘယ်သူမှ ငါ့ကို တားဆီးပိုင်ခွင့် မရှိရဘူး.. မရှိအောင်နေမယ်လို့
ကြွေးကြော်ဖူးခဲ့တယ်.. ငါ့စိတ်နဲ့ ငါ ချစ်လိုက်မယ်၊ မုန်းလိုက်မယ်.. ခံစားလိုက်မယ်၊
စံစားလိုက်မယ်လို့ တွေးခဲ့တယ်.. ချစ်နေတုန်း ၊အရှိန်တက်နေတုန်းတော့.. ဒါတွေနဲ့ အချိန်တွေကို
နစ်မျောလိုက်ချင်ခဲ့တယ်.. အဲ.. မုန်းပြီ၊ မေ့ပြီ ဆိုရင်တော့ .. ဘယ်လောက်ကြီး ဘာတွေဖြစ်ခဲ့
ဖြစ်ခဲ့ .. လှည့်မကြည့်ချင်ခဲ့မိတဲ့ စိတ်တွေနဲ့ ခံစားပစ်လိုက်တဲ့အထိပါပဲ..
အသက်အရွယ်လေး ရလာတော့... တစ်ခါ၊ တစ်ခါ စဉ်းစားမိတာ..
ငါ့ဘဝကို ငါနဲ့ပဲ ရှိစေတော့မယ်လို့ပေါ့.. လှိမ့်ဝင်လာတဲ့ ချစ်ခြင်းတွေကို ခံစားတုန်း
ခဏသာရှိခဲ့ပြီး.. ဘယ်တော့မှ အယုံအကြည် မရှိခဲ့တော့ဘူးလေ.. ကိုယ်အယုံအကြည်မရှိတဲ့ အခြေအနေမျိုးတွေနဲ့
ကိုယ့်ဘဝကို မတည်ဆောက် ချင်ခဲ့ဘူးကိုး.. ဒါပေမဲ့ မထင်မှတ်တဲ့ ဘဝက.. စိတ်ကို သံချောင်း
လာခေါက်တာပဲလား မသိ.. မယုံကြည်တော့ဘူး ကြွေးကြော်ထားတဲ့ အရာတစ်ခု ထက်.. ယုံကြည်ရမယ့်
အရာတွေ ပိုများလာတဲ့ အနေအထားမျိုး တိုးလို့ ရောက်လာခဲ့တယ်.. သေချာပါတယ်.. အချစ်ဆိုတာထက်..
ယုံကြည်မှုက ပိုများ ခဲ့တယ်ဆိုတာပါပဲ...
ခိုင်ခဲ့ပြီ ထင်ပါရဲ့.. ကိုယ် မယုံကြည်ဘူးဆိုတဲ့
အချစ်ထက်.. ကိုယ် ယုံကြည်တဲ့အရာတွေက ပိုများခဲ့တာ.. ကိုယ့်ကိုယ်ကိုယ် မယုံမှုထက်.. သူ့ကို
ပိုယုံခဲ့ တာ.. ဘာနဲ့မှ မတူတဲ့ စိတ်ခံစားချက်... ဒိန်းဆိုတဲ့ ရင်ခုန်သံထက် ပိုတဲ့ ရင်ထဲက
ရင်းနှီးမှု၊ ယုံကြည်မှု၊ အားကိုးမှု.. ဆိုတာ ဆိုတာတွေက အချစ်ဆိုတာ ထက်.. ကိုယ်ခံစားဖူးတဲ့
အချစ်ဆိုတာထက်.. ပိုနေခဲ့တာတော့ ရင်ထဲက သေသေချာချာ သိခဲ့တယ်..
တစ်ခါတစ်ခါကျတော့ မထင်မှတ်ထားတာတွေ သိပ်ဖြစ်ဖြစ်လွန်းခဲ့တယ်..
ရန်ပွဲနဲ့ စခဲ့တဲ့ ဇာတ်လမ်းဟာ အလံဖြူထောင်စရာ မလိုအောင် ကျေနပ်စွာ အရှုံးပေးရခြင်းတွေ
တွေ့ဆုံခဲ့ရလောက်တဲ့အထိ ကြုံခဲ့ရပြန်တယ်.. မုန်းတာများလာလို့ ချစ်တယ်လို့လဲ မဟုတ်ပြန်ခဲ့ဘူး..
သူ့ကို ကိုယ် မုန်းခဲ့သလား ဆိုတော့ မြူမှုန်တစ်စမှ မကျန်တင်တဲ့ ကိုယ့်စိတ်ကို ကိုယ်
တွေ့ရပြန်တယ်.. မုန်းမှ မမုန်းခဲ့တာ.. အခြေအနေ အကြောင်းကြောင်းကြောင့်သာ ဖြစ်ပွားခဲ့
တဲ့ ရန်စမို့ ထင်ပါရဲ့.. အဲဒီလိုတွေ တွေးမိပြန်တော့.. ကိုယ်နဲ့သူ အမုန်းတရား မရှိခဲ့သလို
အချစ်ဆိုတာ သေချာမသိနိုင်တဲ့ စိတ်တစ်ခုကိုလည်း ကိုယ် တွေ့မြင်ခဲ့ပြန်တယ်..မချစ်ဘူး
မဟုတ်ပါဘူး.. ဒါမယ့် ချစ်တယ်လဲ မဟုတ်ခဲ့ပြန်ဘူး.. ပတ်ချာလည် ရှုပ်နေတဲ့ စိတ်မဟုတ်ခဲ့ဘူး
ထင်မိပြန်တယ်.. သူ့အတွက် နေရာတစ်နေရာ ကိုယ့်မှာ ရှိတယ်.. သူ့အတွက် ရင်ခွင်တစ်စုံ ကိုယ့်မှာ
ရှိတယ်.. သူ့အတွက် ဘဝတစ်ခု ကိုယ့်မှာ ရှိတယ်.. အဲဒါတွေ အားလုံးက ကိုယ် အရင်က ကြုံတွေ့ထားတဲ့
အချစ်မျိုး မဟုတ်တာ သေချာခဲ့ပြန်တယ်..
လူတိုင်းကြောင့် ကိုယ် ပျော်ရွှင်ခဲ့ရဖူးတယ်၊
လူတိုင်းကြောင့် ကိုယ် စိတ်ညစ်ညူးရဖူးတယ်.. ဒါပေမဲ့.. သူ့ကြောင့်တော့.. လူတိုင်းဆီမှာ
မခံစားဖူးတဲ့ ခံစားချက်မျိုးတွေ ပိုလာခဲ့တယ်ဆိုတာ ကိုယ် ထင်မိပြန်တယ်.. စိတ်ညစ်ညူးရတာကို..
သူ့နဲ့ကျမှ ခုချိန်ထိ သေချာ မနားလည်ဖူးပေမဲ့.. သူ့ကြောင့် ပျော်ရွှင်ရသလို.. သူ့ကြောင့်ပဲ
ပီတိဆိုတာကို သေချာ ခံစားတတ်လာတယ်... ဘဝဆိုတာကို နားလည်လာခဲ့တာ မသေချာပေမဲ့.. သူ့ကြောင့်
ဘဝကို တည်ဆောက်ချင်လာခဲ့တယ်... သူ့ကြောင့် အေးချမ်းလုံခြုံတဲ့ဘဝ၊ ပျော်ရွှင်ပြည့်စုံတဲ့ဘဝတွေမှာ
နေချင်လာခဲ့တယ်...
ကိုယ်ကြုံဖူးခဲ့တဲ့ အချစ်ဆိုတာကို မယုံကြည်ခဲ့ပေမဲ့..
သူ့ဆီက အချစ်ဆိုတာကို လိုချင်လာခဲ့သလို.. သူ့အတွက်လည်း သူလိုချင်တဲ့ အချစ်ဆိုတာမျိုးကို
ပေးချင်လာခဲ့တယ်.. အပေးအယူဆိုတာ မလိုချင်ပေမဲ့.. ဒီလိုနေရာမျိုး၊ ဒီလိုအရာမျိုးရဲ့
အပေးအယူကိုတော့ တောင့်တမိခဲ့တယ်.. လိုချင်သလောက် ရယူချင်ခဲ့သလို.. ရသလောက်လဲ ထပ်တူ
ပြန်ပေးချင်ခဲ့တယ်.. ဒါဟာ အတ္တမဟုတ်သလို၊ မက်မောမှု တဏှာလဲ မဟုတ်ခဲ့ပါဘူး.. မက်မောစရာ မလိုဘူးလားဆိုတော့လဲ မဟုတ်ပြန်ခဲ့ဖူးလေ..
ပေးချင်တယ်၊ ပြန်ရချင်တယ်ဆိုတဲ့ လူ့သဘာဝအတိုင်း.. ကိုယ် လိုချင်တာလေးတွေ သူ့ဆီက ပြန်ရချင်
ခဲ့တာတော့ အမှန်ပဲပေါ့..
ဒါပေမဲ့ နားလည်ပေးပြီး ချစ်ပါဆိုရင်တော့..
သေချာတယ်.. စိတ်ထဲ အပြည့်အဝ နားလည်ပေးမိလိုက်မှာကိုပါပဲ.. ဘာကြောင့်လဲလို့ မေးလာရင်
ဖြေဖို့ အဆင်သင့်က ရှိနေခဲ့တယ်.. ခံစားမှု တစ်ခုကြောင့်ပါပဲ.. အချစ်ဆိုတာထက်ပိုတဲ့ အချစ်ထက်
မကတဲ့ ရင်ထဲက ခံစားချက်တစ်ခုကြောင့် ဆိုတာတော့ အသေအချာ ကြေညာချင်ခဲ့တယ်... ဘာပဲပြောပြောပေါ့..
အချစ်ဆိုတာထက် တန်ဖိုးကြီးတဲ့ ပြောပြလို့၊ ဖော်ပြလို့ မရအောင်ကို ခံစားရတဲ့ ခံစားချက်တွေနဲ့
လိုချင်ခဲ့တာ၊ လိုအပ်ခဲ့တာ၊ ပေးဆပ်ချင်ခဲ့တာတွေ ပြည့်နှက်နေတဲ့ စိတ်တစ်ခုကို အရင်းပြုပြီး
ခံစားရသမျှ ကိုယ့်ခံစားမှုတွေကို တတ်နိုင်သလောက် စာစီချကြည့်ခဲ့တာတော့ အသေအချာ ဖြစ်ခဲ့ရပါတော့တယ်...
လူတိုင်းကြောင့် ကိုယ် ပျော်ရွှင်ခဲ့ရဖူးတယ်၊ လူတိုင်းကြောင့် ကိုယ် စိတ်ညစ်ညူးရဖူးတယ်..
ReplyDeleteွှအဲဒီစကားသိပ်မှန်တာပဲရှင်