ဒီနေ့အိမ်အပြန် လိုင်းကားနဲ့ ပြန်ဖြစ်တယ်.. ရုံးဖယ်ရီ စောင့်စီးရင် မိုးချုပ်သွားတတ်လို့ အိမ်က မေ ကလဲ ဆူလှပြီလေ.. အဲဒါကြောင့် လိုင်းကားစီးပြန်တာ ၂ ရက်လောက်ရှိခဲ့ပြီ.. ဒီနေ့လဲ ပုံမှန်အတိုင်း ရုံးဆင်းချိန် ၅ နာရီသာသာလောက်မှာ လိုင်းကားဂိတ်ကို ထွက်လာခဲ့တယ်.. တစ်ခုစိတ်ညစ်တာက ဒီနေ့ဝတ်တဲ့ ယူနီဖောင်းက စိတ်ပျက်စရာ ဖြစ်နေတာပါပဲ.. လူက နဂိုကမှ ပိန်ပါတယ်ဆိုမှ ဝတ်ထားတဲ့ သုံးလွှာစကဒ်က တော်တော့်ကို အဆင်မပြေခဲ့ပါဘူး.. ပိတ်စမလောက်လို့ပဲလား.. အစ ခိုချင်လို့လား မသိ.. ခြေလှမ်း လိုက်တိုင်း ရွှမ်းကနဲ ရွှမ်းကနဲနဲ့ တော်တော်.. တော်တော့်ကိုပါပဲ.. အဲဒါကြောင့် ခြေလှမ်းကို ဖြည်းဖြည်း ချင်းလျှောက်လာခဲ့ရတယ်.. အဲဒီကြားထဲ ကားဂိတ်ဆီသွားတဲ့ လမ်းက လမ်းဆုံ၊ လမ်းခွကြီးတစ်ခုကို ဖြတ်ရတာမို့.. အဲဒီမှာ ပြဿနာစတက်တာပါပဲ.. နဂိုကမှ အတင်းဖုံးဖိသွားလာနေရပါတယ်ဆိုမှ လမ်းဆုံ အရောက် လွှတ်တိုက်လာတဲ့ လေကြောင့် တော်တော်ကို့ယို့ကားယားနိုင်လောက်အောင် ဖြစ်သွားခဲ့ ပါတယ်.. အခြေအနေ မကောင်းလှတဲ့ စကဒ်ကို မရမက ဖုံးဖိရင်း လိုင်းကားဂိတ်ကို အမြန် လျှောက်မိခဲ့တော့တယ်..
ကျွန်မတို့နေတဲ့ဘက်အခြမ်းကိုဆို ရုံးရှိတဲ့နေရာကနေ ကားနှစ်မျိုး ရောက်တာဖြစ်ပေမဲ့ အမြဲတမ်းလိုလို စီးဖြစ်တာက အဓိပတိ ပါပဲ.. ဒီနေ့လဲ ကားဂိတ်တောင် မရောက်သေးဘူး အဓိပတိကားကြီးကို လှမ်းတွေ့ လိုက်တာကြောင့် တော်တော်လေး ပျော်သွားခဲ့တယ်.. ကားပေါ်ရောက်တော့ လူတွေက အပေါက်ဝမှာပဲ ကြပ်သိပ်နေလို့ တော်တော်လေးတောင် ဒေါသထွက်သွားခဲ့သေးတယ်..
အထဲမှာ ချောင်ချိနေတာကို ဘာကြောင့်များ အထဲကို တိုးမစီးကြတာလဲလို့ တွေးပြီး ပေါက်ကွဲမိချင် ပြန်တယ်လေ.. သူများမတိုးလို့ ကိုယ်တိုးမလားဆိုတော့လဲ ဘယ်လိုမှ တိုးလို့ကို မရခဲ့ဘူး.. ထားတော့.. ရောက်တဲ့နေရာမှာပဲ နေတော့မယ်ဆိုပြီး ဒီအတိုင်းပဲ ရပ်နေလိုက်တော့တယ်.. သိပ်မကြာဘူး.. ထိုင်နေတဲ့ အန်တီကြီးတစ်ယောက် ဆင်းမှာမို့ ကျွန်မ ထိုင်စရာနေရာ တစ်နေရာ ရခဲ့တယ်.. ထိုင်စရာ နေရာရတာနဲ့ လုပ်နေကျအတိုင်း.. ဟိုငေးဒီတွေးနဲ့ အတွေးရေယာဉ်ကြောက စတော့တာပါပဲ..
ကျွန်မ ထိုင်စရာ နေရာရပြီး သိပ်မကြာခင် ရပ်တဲ့ ကားမှတ်တိုင်ကနေ သားသားနားနား မိန်းမတစ်ယောက် တက်လာခဲ့တယ်.. ဒီလောက်ကြပ်သိပ်နေတဲ့ အပေါက်ဝမှာ ဟိုတိုး ဒီတိုး တိုးနေရတဲ့အထဲ ထိုင်ခုံတစ်ခုံက အဒေါ်ကြီးတစ်ယောက် ဆင်းတာမို့ ခုမှတက်လာတဲ့ အဲဒီမိန်းမက.. အရင်ရောက် နှင့်နေတဲ့သူတွေကိုမှ အားမနာ.. အတင်းပဲ နေရာလုထိုင်တော့တာပါပဲ.. အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ကျွန်မ.. အဲဒီမိန်းမကို တော်တော် လန်ချဉ်ဖြစ် သွားခဲ့တယ်.. သားသားနားနား ဝတ်စားထားပြီးမှ လိုင်းကားပေါ်မှာ အတင်း နေရာလုတဲ့ စရိုက်ပုံစံကိုလဲ တော်တော်အမြင်ကတ်သွားတယ်.. ထားတော့.. အဲဒီမြင်ကွင်းကို ဆက်မကြည့်တော့ပါဘူး.. အကုသိုလ်များလွန်းလို့..
အဲဒီဘက်ကလှည့်ပြီး အပြင်ဘက် ပြတင်းပေါက်ကို ကြည့်တယ်ဆိုရင်ပဲ ကျွန်မအတွက် ကြည်နူးစရာတစ်ခု တွေ့ပြန်တယ်.. အရင်က ကျွန်မ ရူးခဲ့တဲ့လူတစ်ယောက်ကိုပေါ့.. အလှမ်းဝေးလွန်းတဲ့ ရွှေမင်းသားလေးကို ညခင်းဧည့်ခံပွဲကြီးတစ်ပွဲမှာ မြင်ပြီးကတည်းက ရူးခဲ့တာမို့ အဲ့တစ်လောတုန်းက သူ ဘယ်သူလဲ၊ ဘယ်ကလဲ စုံစမ်းခဲ့ရတာ အမောဖြစ်ခဲ့ရဖူးတယ်.. သူ ဘယ်သူ၊ ဘယ်ဝါ သိခဲ့ပေမဲ့ အလှမ်းဝေးခဲ့တာကြောင့် သူနဲ့ ပတ်သတ်တဲ့ သတင်း တွေ ဘာမှမသိခဲ့တာဟာလည်း အရမ်းကြီး ရူးသွပ်မှု မဟုတ်ခဲ့တာကြောင့်နေမယ် ထင်ပါတယ်.. အခုတော့ မထင်မှတ်ပဲ သူ့ကို လှမ်းမြင်လိုက်ရတယ်.. အခြေအနေချင်းကတော့ ကွာခြား လွန်းတာ တကယ့်ကိုပါပဲ.. မီးပွိုင့်မှာ ကားရပ်နေကြတာချင်းအတူတူ.. သူက နောက်ဆုံးပေါ် ကိုယ်ပိုင်ကားကြီးပေါ်မှာ.. အဲကွန်းလေးဖွင့်၊ သီချင်းလေး နားထောင်ပြီး ငြိမ့်နေခဲ့သလောက် .. ကျွန်မ ကတော့ ချွေးတစိုစို၊ ဆူညံလွန်းလှတဲ့ ဘတ်စ်ကားကြီးပေါ်မှာ ဒုက္ခခံနေခဲ့ရတဲ့ အခြေအနေတွေနဲ့ပေါ့.. အလွှာတွေ ကွာခြားလွန်းတဲ့ ဘဝတွေရယ်လေ..
ကဲ.. ထပ်လဲ ထားဦးတော့.. မီးပွိုင့်စိမ်းသွားတဲ့အထိ၊ သူ့ကားထွက်သွားတဲ့အထိ စောင့်ကြည့်ပြီး ကားထဲကို ပြန်ပြီး မျက်နှာလှည့်ခဲ့တယ်.. မြင်ရပြန်ပြီ.. စိတ်ဆင်းရဲစရာ အခြေအနေတွေ.. ကားပေါ်မှာ love scene များ ရိုက်နေကြသလားပဲ.. ဒီလောက် လူကြပ်နေတာ.. သူတို့ပဲ မဖုံးနိုင်မဖိနိုင် .. ရိုက်ရိုက် နိုင်လွန်းတယ်.. ယိုသူမရှက် မြင်သူရှက်ဆိုတာ အဲဒါမျိုးနေမယ် ထင်ပါ့.. ကောင်မလေးသာ ကျွန်မညီမလေး ဖြစ်ကြည့်.. အဲ့နေရာတင်.. အဲ.. အဲ့နေရာမှာ တော့ ဆူပူအော်ဟစ်တာမျိုး မလုပ်ရဲပါဘူး.. အရှက်တကွဲ အကျိုးနည်းက တစ်ခုမက ၂ ခု ၃ ခုလောက် ဖြစ်သွားမှာ.. ဘာပဲပြောပြော.. တော်တော်တော့ မြင်ရဆိုးတဲ့ မြင်ကွင်း တစ်ခုပါပဲ..
ဒီတစ်ခါလဲ ထားပြန်တော့ပေါ့.. အပြင်ဘက်ကို ထပ်လှည့်ကြည့်မိပြန်တယ်.. အိုးးး... မြင်ကွင်း.. လာပြန်ပြီ ဒီမြင်ကွင်းတွေပဲ.. ကျွန်မလောက် ကြည့်ကြည့် နိုင်လွန်းတာ.. တွေးတွေးနိုင်လွန်းတာ ကျွန်မပဲ ရှိသလား မသိ.. ကားရှိုးရွမ်းကြီး.. လိုချင်စရာ၊ မက်မောစရာ ကားတွေမှ အပုံအပင်.. ဟိုသီချင်းတစ်ပုဒ် သွားတောင် သတိရတယ်.. မြို့ထဲလမ်းမပေါ် ~~ ကားရောင်စုံများစွာ ~~ တစ်စီးမှ ကိုယ်မပိုင်ပါ.. ဆိုသလိုပေါ့.. ရှိုးရွမ်းထဲက ကားတွေများ.. လာပါ.. လာပါနဲ့ လက်ယပ်ခေါ်နေသလိုပဲ.. လာချင်တာပေါ့ကွယ်.. ခက်တာ က ဝယ်နိုင်စရာခြေနေက အောက်ဆုံးထစ်.. ဘယ်လိုမှ လာလို့မရတာ အသေအချာ မို့.. စိတ်ကူးတွေကို ဖြတ်ပစ်ရပြန်တယ်...
ဒီလောက်စိတ်ကူးတွေ ဖြတ်နေပါတယ်ဆိုတဲ့ကြားထဲက.. ကျွန်မစီးတဲ့ လိုင်းကားက နောက်ထပ် လမ်းဆုံတစ်ခုကို ထပ်ဖြတ်ရပြန်တယ်လေ.. အဲဒီမှာ ဘာထပ်တွေ့ပြန်လဲဆိုတော့ ပြိုင်ကားအနက်ကလေးနဲ့ ကောင်လေးတစ်ယောက်.. ကားတွေကို သွားရေကျနေပါတယ်ဆိုမှ.. ခုမြင်ကွင်းကျ လွန်လွန်းတယ်.. ကားတင်လှတာမဟုတ်.. ကောင်လေးကလဲ ချောလွန်းတယ်လေ.. အဲဒီပြိုင်ကားလေးနဲ့ အဲဒီ ကောင်လေးဘေးမှာ ထိုင်စီးလိုက် ရလို့ကတော့ ကျွန်မထင်ပါတယ်.. နတ်ပြည်ဆိုတာ တကယ်များ ရောက်သွားမလားပဲ.. ဟီး.. တော်ပြီ.. တော်ပြီ.. မဖြစ်နိုင်တာတွေ စိတ်ကူးမယဉ် တော့ပါဘူး..
ဟော.. မြင်ရတဲ့ မြင်ကွင်းတစ်ခု ကြည်သွားပြန်ပြီ.. ဘာလဲဆိုတော့ အခုရပ်မယ့် မှတ်တိုင်မှာ ဟိုစုံတွဲ ဆင်းသွားလို့ပါပဲ... ကျွန်မရဲ့ မြင်ကွင်းလေး ပြန်လည်ကြည်လင်သွားတယ်လေ.. ဆက်စီးလာရင်း.. မြန်မာပြည်၊ ရန်ကုန်မြို့ရဲ့ အထင်ကရ ဘတ်စ်စတန်းကြီး( THE BIG BUS STAND.. :) ) ဆီ ရောက်လာခဲ့ပြန်ပါရောလား.. ဘာတဲ့ .. ပါရမီ၊ ညောင်ပင်ဆိုလားပေါ့.. မှတ်မှတ်သားသား သတိထား မိတာက ..ဟိုးတလောက အဲဒီကားရပ် နားစခန်းရဲ့ အရှေ့မှာ LED Display ကြီး အကြီးကြီးတပ်ပြီး ကြော်ငြာတွေ ကြေညာနေတာ အပြည့်မှ အပြည့်ရယ်ပါ.. ခု ဒီနေ့ကျတော့.. ဦးပိုင်လဲ ဦးမပိုင် တော့တာလားမသိ.. အဲ့ကြော်ငြာဘီလ်ဘုတ်လဲ မှောင်နဲ့မဲမဲပေါ့.. ခုတော့ ဦးပိုင်ဆိုတဲ့လူကြီးလဲ.. အများ နည်းတူ ဒိုးရှာပြီ ထင်ပါရဲ့လေ...
အဲဒီနောက် လမ်းမက လူ ၃ ယောက်က ကျွန်မစီးလာတဲ့ ကားဒရိုင်ဘာကို လှမ်းခေါ်ပြီး စကားပြော ပြန်တယ်.. ဘာတွေပြောလဲတော့ ကျွန်မ မသိပါဘူး.. ကျွန်မခေါင်းထဲ အတွေးတစ်ခု ထပ်ဝင်လာတယ်.. ငါသာ အခုချိန် ကားပေါ်မှာ ထ သောင်းကျန်းရင် အဓိပတိကားစပယ်ရာတွေ ဝိုင်းရိုက် မလားလို့ရယ်လေ.. ဟိုတလောက အင်တာနက်မှာ တွေ့လိုက်တဲ့ သတင်းတစ်ပုဒ်ကို ပြန်သတိရမိလိုက်တာကိုး..
အဲဒီကနေ ဆက်ပြီးတော့ စီးလာတာ.. ကျွန်မတို့မြို့နယ်ကို ဝင်မယ့်နေရာကို ရောက်လို့လာတယ်.. ကျွန်မတို့နေထိုင်ရာ မြို့နယ်က ရန်ကုန်မြို့ရဲ့ အထင်ကရ ချောင်းတစ်ချောင်းကို ဖြတ်ပြီးမှ ရောက်တာလေ.. အဲဒီချောင်းကလဲ ရန်ကုန်ကို ရစ်ခွေစီးဆင်းနေသလား မှတ်ရတယ်.. ဟိုကနေလဲ အဲဒီချောင်း၊ ဒီကနေလဲ အဲဒီချောင်း နေရာတကာမှာ ရှိလို့ နေတာလေ.. ကျွန်မစီးနေကျကားက အဲဒီချောင်းကို ဖြတ်တဲ့ တံတားတွေထဲက ကားအပိတ်ဆုံးတံတားကနေ ဖြတ်တာမို့.. တံတားဆီ မရောက်ခင်ကတည်းက တံတားမပိတ်ပါစေနဲ့၊ ကားမပိတ်ပါစေနဲ့လို့ နေ့တိုင်း ဆုတောင်းခဲ့ရတာလဲ အမောပါ.. ဒီနေ့တော့ ကား မပိတ်ပြန် တာကြောင့် တော်တော်လေး ပျော်ရွှင်သွားမိတယ်.. ကားအရမ်း ပိတ်လွန်းလို့ အခုဖြတ်နေတဲ့ တံတားဘေးနားမှာ တံတား အသစ်တစ်စင်း ဆောက်နေတာလဲ.. ၄ လနဲ့ အပြီးဆိုတာ အခု ဘယ်နှလရှိပြီမသိ.. ပြီးကို မပြီးသေးဘူး.. ပြီးရင်တော့ ကားတော်တော် ချောင်သွား မယ်လို့ မျှော်လင့်ရတာပါပဲ.. ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျွန်မတို့ မြို့နယ်မှာ သူဌေးတွေ များလာ တာကြောင့် ကားအစီးရေလဲ များလာခဲ့တယ်.. မပြောတတ်တော့ပါဘူး.. တံတားပြီးမှသာ စောင့်ကြည့်ရတော့မှာပါပဲ..
ကျွန်မအတွေးတွေကတော့ သိပ်များလွန်းနေပြီထင်ပါ့လေ.. တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်နဲ့.. အဲဒီလိုနဲ့ ကားဆက်စီးသွားရင်းနဲ့.. အင်တာနက်ဆိုင်တွေ မြင်ပြန်တော့.. ကျွန်မ ခုတလော ဝိုင်မက်စ် လိုင်းတစ်လိုင်းလောက် ရချင်နေတာကို ထပ်တွေးမိပြန်တယ်.. ကိုယ်ပိုင်ဝယ်ဖို့ မတတ် နိုင်လို့ သူများဆိုင် ကများ လပေးနဲ့ လိုင်းခွဲလို့ ရနိုင်မလားလို့ တွေးထားပေမဲ့ ကျွန်မနေတဲ့ အိမ်နားမှာက ဝိုင်မက်စ်ဆိုင် မရှိပဲ ADSL ဆိုင်တွေသာ ရှိတာကြောင့် လိုချင်သလို မဖြစ်ခဲ့ပြန်ဘူး.. အဲဒါကြောင့် ဝိုင်မက်စ်တိုင်တွေ ရှိတဲ့ ဆိုင်တွေကိုပဲ လိုက်ရေတွက်ရင်း သွားရေလိုက်ကျနေရတော့တယ်..
ကဲ.. ကဲ .. တော်လောက်ပြီ ထင်ပါရဲ့.. ကျွန်မဆင်းရတော့မယ့် မှတ်တိုင်လဲ ရောက်တော့မှာမို့.. အတွေး တွေကို ရုတ်ပြီး ထိုင်ရာမှ ထ ကာ .. ဆင်းမယ့် အပေါက်နား သွား မတ်တပ်ရပ်မိပါတော့တယ်.. ကားစီးခဲ့ ရတဲ့ တစ်နာရီသာသာ အချိန်မှာ ငေးလိုက်၊ တွေးလိုက်.. တွေးထားသမျှ၊ ငေးထားသမျှတွေ စာနဲ့ ပြန်ချရေးမယ်လို့ စဉ်းစားရင်း မန်မိုရီတွေ ရီကောလ်ပြန်လုပ်လိုက်နဲ့ .. မရိုးနိုင်တဲ့ ကျွန်မရဲ့ စိတ်ကူးတွေကို စဉ်းစားရင်း ရပ်မိတဲ့ခဏ.. ကားပေါ် တက်လာတဲ့ ရှပ်ပြာပြာ စုံတွဲကြောင့် ထောင်းကနဲ ဒေါသထွက် သွားခဲ့ရတယ်.. ဘယ့်နှယ်.. ကောင်လေးက အဲဒီလောက်မဟုတ်ဘူး.. နောက်က လိုက်တက်လာတဲ့ ကောင်မလေး ဘယ်လောက်တောင် ပြာရိပြာယာနိုင်သလဲဆို.. သူ စီးလာတဲ့ ဒေါက်ဖိနပ်နဲ့ ကျွန်မခြေမကို တက်နင်းတာပါပဲ.. အသည်းခိုက်အောင် နာလိုက်တာ လွန်ပါရောလား.. ဒေါသထွက်လွန်းလို့ ပိတ်ပြော ချင်စိတ်တွေ ဒိန်းကနဲ ထွက်လာခဲ့တယ်.. စိတ်တိုတိုနဲ့ ပြောထ လိုက်တော့.. ဆောရီးအမ တဲ့လေ.. ဒါပဲလား.. ဒါလောက်ပဲလား.. သူစီးလာတာ ဒေါက်မြင့်.. အနင်းခံရတဲ့သူ.. ဘယ်လောက်ဖြစ်ပျက် သွားမယ်ဆိုတာ မသိရော့လေသလား.. ဖြစ်နိုင်ရင် ကျွန်မ.. သူ့ကို ပြန်ပြီး တက်နင်းပစ်လိုက်ချင်တယ်.. ဒေါသထွက်လွန်းလို့ပါ.. ဒါပေမဲ့လည်း အတွေးက အတွေးပေပဲမို့.. ကျွန်မဆင်းမယ့် ကားမှတ်တိုင် အရောက်မှာ ဆင်းချလာခဲ့လိုက်ရပါတော့တယ်..
အိမ်ပြန်ရောက်ရင် စာပြန်ချရေးမယ်ဆိုတဲ့အတွေးတွေက အဲဒီလို တက်နင်းခံရပြီးတဲ့နောက်မှာ
ရေးချင်စိတ် ပျောက်သွားလောက်အောင် ဖြစ်ခဲ့ရတယ်.. ဒါပေမဲ့လည်း..
ပိုးဆိုတာမျိုးက သိတဲ့အတိုင်း အငြိမ် မနေတတ်တာမို့..
အိမ်အပြန်အခြေအနေလေးတစ်ခုကို စာချရေးမိရင်း နောက်နေ့၊ နောက်နေ့တွေမှာ
ဘယ်လိုပုံစံတွေနဲ့ ကြုံရဦးမယ်ဆိုတာ စဉ်းစားရင်း ဒိုင်ယာရီဆန်ဆန် စာတစ်ပုဒ်
အဆုံးသတ်ခဲ့ ပါတော့တယ်..
ဒေါက်ဖိနပ်နဲ့ နငိး ပြီးဆောရီတစ်ခွန်းနဲ့ နှစ်သိမ့်တာတော့လွန်ပါတယ်။
ReplyDeleteဒါပေမယ့်လဲ ခွင့်လွတ်လိုက်ပါ။ခွင့်လွတ်လိုက်တော့ သူငယ်ချင်းစိတ်လဲ
ပေါ့ပါးသွားတာပေါ့
ခုတော့.. အနာပျောက်သွားလို့. မေ့သွားပါပြီခမျ..း)
ReplyDeleteကိုလွင်ပြင်ဆီကနေလိုက်လာပါတယ်
ReplyDeleteစိတ်ဝင်စားစရာကောင်းတဲ့ ဘလော့လေးကိုလဲမှတ်သွားရင်းစာတွေအများကြီးဖတ်သွားပါတယ်း))
ခင်မင်လျှက်
မဒိုးကန်
လာလည်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်..
ReplyDeleteဧည့်ဝတ်ကျေအောင်လဲ အမြဲ ကြိုးစားပါ့မယ်.. ;)