Pages

Wednesday 16 May 2012

သူမ ကြောက်တတ်သည်..


ညသည် တိတ်ဆိတ်ငြိမ်သက်လို့ နေလေသည်။ မိုးငွေ့၊ မိုးနံ့များနှင့်အတူ ယုဇနပန်းရနံ့များက တစ်ခြံဝင်းလုံးကို လွှမ်းခြုံထားလျက်ရှိနေပေသည်။ ညနေက တစ်ပြိုက်၊ နှစ်ပြိုက် ရွာချလိုက်သော မိုးကြောင့် ဒီနေ့ညသည် နေလို့ထိုင်လို့ အတန်အသင့် ကောင်းမွန်လျက်ရှိသည်ဟု သူမ မှတ်ထင်မိသည်။ သို့သော်လည်း ထုံးစံအတိုင်း သူမ၏အိပ်ရာခေါင်းရင်း ထက်ဆီက ပြတင်းပေါက်ကိုတော့ဖြင့် ဖွင့်ထားမိခဲ့သည်။ တိုက်ခတ်ဝင်ရောက်လာသော လေပြေညှင်းက ယုဇပန်းရနံ့များကို ပြတင်းပေါက်ကတစ်ဆင့် သယ်ဆောင်လာသောကြောင့် ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့မှာပဲလို့ သူမ ယူဆမိပြန်သည်။

ညနေက အလုပ်ကအပြန် ရွာချလိုက်တဲ့ မိုးကြောင့် ထီးယူရမှာ ပျင်းတဲ့သူမ တစ်ကိုယ်လုံး မိုးရေ စိုရွှဲကာ ကြွက်စုတ်ဘဝ ရောက်ခဲ့ရသည်။ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများက ထီးငှားမည်ဟု ဆိုလာတာကိုပင် ပေပေတေတေ နေတတ်တဲ့သူမ ငြင်းဆန်ခဲ့မိသည်။ မိုးတွင်းမှာ မွေးတဲ့သူတစ်ယောက်မို့ မိုးရေထဲ ပြေးလွှားဆေားကစားရတာကို နှစ်သက်မိသလို၊ မိုးရေထဲမှာ မိုက်မိုက်ကန်းကန်း မည်သူ့မှ ဂရုမစိုက်ပဲ သွားရတာကိုလဲ အရမ်းနှစ်သက်မိလေသည်။ ဒီအတိုင်းတောင် မိုးရေထဲ လျှောက်သွားတတ်တဲ့ သူမ၊ ဒီနေ့တော့ ပျော်ပျော်ကြီး မိုးထဲလေထဲ လျှောက်ခဲ့မိပြန်ပါသည်။ ဖျားကာမှသာ ဖျားတော့ဆိုတဲ့ စိတ်နဲ့ မိုးထဲလေထဲ ပေတစ်ရာမကသော လမ်းမထက်မှာ သူမ လျှောက်ခဲ့ပြန်ပါသည်။


မိုးရေထဲ မည်သူကြည့်ကြည့် ဂရုမစိုက်ပဲ လျှောက်လာခဲ့တဲ့ သူမ.. အိမ်သို့ အရောက်မှာတော့ မိခင်ရဲ့ ဆူပူငေါက်ငန်းသံကို စတင်ကြားလိုက်ရပါတော့သည်။ ကလေးအရွယ်မဟုတ် နေချင်သလိုနေတတ်သော၊ စိတ်အလိုကို လိုက်တတ်သော သူမအား မိခင်က ဘယ်သောအခါကမှ ကြည့်မရခဲ့ပေ။ မိခင်ပြောဆို ဆူပူနေတာတွေကို ဂရုမစိုက်ပဲ ရေစိုအဝတ်ကြီးနဲ့ပင် လွယ်လာတဲ့ အိတ်နဲ့ထမင်းချိုင့်ကို ချပြီး ရေချိုးခန်းထဲသို့ တန်းဝင်လာပါတော့သည်။ စည်းနှောင်ထားသော ကျောသာသာ ဆံပင်ကို ဖြေချပြီးနောက် ရေပန်းက ရေမှုန်ရေမွှားလေးများကြားထဲမှ တွေးမိသည်က ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု ဖြစ်လို့နေခဲ့သည်။ ဇာတ်လမ်းတော်တော်များများတွင် ပါဝင်ဖူးသော ရေချိုးသော ဇာတ်ဝင်ခန်းများကို မဆီမဆိုင်တွေးမိရင်း အသံထွက်ကာ ရီမိခဲ့ပြန်သည်။

ရေချိုးပြီးနောက် ထမင်းစားစောင့်နေသော မိခင်နှင့်အတူ ထမင်းဝိုင်းတွင် ထိုင်ရင်း တစ်နေ့တာရဲ့ အဖြစ်အပျက်တစ်ချို့ကို ရင်ဖွင့် ပြောဆိုမိခဲ့ပြန်သည်။ တစ်အိမ်လုံးမှာ ရှိတာမှ ဒီသားအမိ နှစ်ယောက်တည်းမို့ တစ်ဦးကို တစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နေခဲ့ကြသည်မှာ ကြာခဲ့ပေပြီ။ စားသောက် သိမ်းဆည်းပြီးနောက် လုပ်နေကြအတိုင်း ကွန်ပျူတာ ဖွင့်ရင်း ဒီနေ့တော့ စာတစ်ပုဒ်လောက် ရေးမှလို့ စဉ်းစားမိခဲ့လေသည်။ စာမရေးဖြစ်တာ အတော်ကြာခဲ့ပြီလေ။ တိတ်ဆိတ်တဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု ဖြစ်တာကြောင့် ညနေ  ၆ နာရီကျော်တာနဲ့ လူသွားလူလာ သိပ်မရှိတတ်တဲ့ သူမတို့ ရပ်ကွက်ကလေးက ဒီနေ့လို မိုးတွေ ရွာတဲ့ နေ့မျိုးဆို ခပ်စောစောကတည်းက လူခြေတိတ်လို့ နေခဲ့လေသည်။ စာရေးရန် အလွန်ကောင်းသော အခြေအနေလို့ပင် သူမ မှတ်ယူလိုက်မိလေသည်။ကွန်ပျူတာရှေ့ထိုင်ရင်း ဒီနေ့ညတော့ မိုးအေးအေးနဲ့ စောစောအိပ်ရာဝင်ဖို့ပါ တစ်ခါတည်း တွေးတောကာ ဘာအကြောင်းကို ဘယ်ကစရေးရင် ကောင်းမလဲ စဉ်းစားမိခဲ့ပြန်လေသည်။

စာ စရေးလို့ အဆင်ပြေလာသည်နှင့် အချိန်ဆိုတာကို သူမ မမှန်းမိတော့ပေ။ ကွန်ပျူတာစားပွဲမှ ထဖို့ မိခင်က အော်ဟစ်သတိပေးမှသာ နာရီကို ကြည့်မိသည်။ ဆယ်နာရီခွဲလို့ပင် နေခဲ့ပြန်လေသည်။ ရေးနေတဲ့စာထဲ စိတ်ဝင်စားနေတာကြောင့် လက်ပ်တော့ကို ခဏပိတ်ပြီး သူမအိပ်ခန်းထဲသို့ သယ်ဆောင်လာခဲ့သည်။ ဆက်ရေးချင်နေတဲ့ စာအတွက် မိခင်ရဲ့ဆူပူမှုမှ လွတ်စေရန် အိပ်ခန်းမီးကို မဖွင့်ပဲ အိပ်ရာထဲမှာပင် လက်ပ်တော့ ပြန်ဖွင့်ပြီး သူမ စာဆက်ရေးနေမိခဲ့သည်။ အမြဲဖွင့်ထားသော ခေါင်းရင်းပြူတင်းပေါက်ဆီမှ ဝင်လာတဲ့ ယုဇပန်းနံ့နှင့် မြေသင်းနံ့တစ်ချို့ကြောင့် စိတ်တွေ ကြည်လင်ကာ စာရေးချင်စိတ် ပိုမိုဖြစ်မိလေသည်။

ဈာန်ဝင်ရင်း ရေးနေတာတွေက ဇက်ကြောတက်လာတော့မှ ရပ်ဖို့ သတိရမိလေတော့သည်။ ထိုအချိန်မှ နာရီကြည့်မိလေတော့ ညတစ်နာရီခွဲနီးနီးပင် ရှိနေခဲ့ပေသည်။ မနက်စောစောအလုပ်သွားရမှာကို သတိရပြီး စက်ကို ပိတ်ကာ ခြေ၊ လက်ဆေးရန် အိပ်ရာထက်ဆီမှ ထခဲ့မိသည့်အခိုက် မထင်မှတ်တဲ့ မျက်လုံးအကြည့်က ခေါင်းရင်းပြတင်းပေါက်ဆီမှ တစ်ဆင့် ဘေးအိမ်နံရံဆီသို့ ရောက်ခဲ့မိသည့်ခဏ အရိပ်တစ်ခု၊ လူတစ်ယောက်ရပ်နေတဲ့အရိပ်တစ်ခု ကို ပြတ်ပြတ်သားသား မှတ်မှတ်ထင်ထင် တွေ့မိလေသည်။  သတ္တိရှိလှပြီထင်တဲ့ စိတ်က ဘာကြောင့်ရယ်မသိ။ ကြက်သီးဖြန်းဖြန်း ထမိလေသည်။ ညကြီးသန်းခေါင် ဘာမှန်းမသိတဲ့အရာတစ်ခုက လူလော၊ နာနာဘာဝလော မသေချာ မရေရာ။ ဘယ်အရာပဲဖြစ်ဖြစ် သူမ ကြောက်မိခဲ့သည်။ တစ်ယောက်တစ်ခန်းစီ အိပ်တဲ့ မိခင်ကြီးတော့ အခုချိန်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်မည်မှာ သေချာသလောက်ပင် ရှိလေသည်။ သူမ ဘာလုပ်ရမည်နည်း။ လူဆိုလျှင် ကိစ္စသိပ်မရှိ။ ပရလောကသားသာဆိုလျှင်တော့ မလွယ်လှပေ။

ကြောက်စိတ်ကို အားတင်းပြီး ပြတင်းဆီသို့ မျက်နှာလှည့်ကြည့်မိစဉ်မှာတော့ မြင်ခဲ့ရတဲ့ အရိပ်သဏ္ဍာန်က တွေ့ခဲ့သည့်နေရာမှာ ဗလာနတ္ထိ။ အမြင်ပဲမှားတာလား၊ စိတ်ပဲ ထွေပြားတာလား သူမ မသိတော့ပေ။ မရတော့။ ဒီနေ့ကျမှ အိမ်ကခွေးတွေကလဲ တိတ်ဆိတ်ငြိမ်သက်လို့ နေနေလေသည်။ နှစ်ယောက်ထဲ ရှိတဲ့အိမ်မို့ ဒီတိုင်းထားလိုက်ရင် တစ်စုံတစ်ခုဖြစ်နိုင်လာတာမို့ ထိုင်နေရာ အိပ်ရာထက်မှ ထကာ အခန်းမီးကို ဖွင့်ပြီး စိတ်ကို တည်ငြိမ်အောင် အရင် လုပ်မိတော့သည်။ ပြီးမှ ချောင်းဟန့်သံပေးရင်း အခန်းပြင်ထွက်ပြီး ခဏတဖြုတ် ဟိုလျှောက်ဒီလျှောက် လျှောက်မိလေသည်။

သူမ၏ လမ်းလျှောက်သံကြောင့် အိပ်နေသော မိခင် လန့်နိုးလာလေသည်။ ဘာကြောင့်လဲဟူသော မိခင်၏ အမေးအား အကျိုးအကြောင်း ပြောပြရင်း နှစ်ယောက်သား အိမ်ရှေ့ ဧည့်ခန်းတွင်း၌ ခဏထိုင်မိလေသည်။ လူဆိုပါက အိမ်သားတွေ နိုးသွားတာ သိလျှင် ပြန်ထွက်သွားနိုင်သည်ဆိုသော ရည်ရွယ်ချက်ဖြင့်  ထထိုင်နေခဲ့ခြင်း ဖြစ်လေသည်။ နာရီဝက်လောက်အကြာမှာတော့ ဘာသံမှလဲ မကြား၊ ဘာမှ မထူးခြားလာတာကြောင့် သူမတို့ အိပ်ရာဝင်ခဲ့ကြလေသည်။

မိုးအေးအေးနှင့် စောစောအိပ်မည်ဆိုတဲ့ သူမ၏ ရည်ရွယ်ချက် ပျက်ခဲ့ရသလို အိပ်ရာထဲ ရောက်ခါစက ရခဲ့တဲ့ ယုဇနပန်းနံ့လည်း ပျောက်ခဲ့ရတော့သည်။ ရေးလက်စ စာလည်း ဘယ်ဆီရောက်းမှန်း မသိတော့သလို၊ ဥာဏ်ရွှင်နေတယ်လို့ ထင်တဲ့အတွေးတွေလဲ ပြေး ပျောက်ကွယ်သွားခဲ့လေသည်။  ဒီတစ်ညကတော့ဖြင့် သူမအတွက် မှတ်မှတ်ရရ တစ်ည ဖြစ်ခဲ့ရပါသည်။ သတ္တိ ရှိသည်ထင်ထားသော စိတ်၏ အောက်ခြေကိုလဲ ကွက်ကွက်ကွင်းကွင်း လှမ်းမြင်လိုက်ရသည့် ထိုတစ်ညကိုတော့ သူမ ဘယ်တော့မှ မေ့တော့မည်မဟုတ်တော့သလို ဘာမှန်းသေချာ မသိခဲ့ရသည့် အရိပ်တစ်ခုကိုလဲ  မှတ်မှတ်ထင်ထင် ကြောက်ခဲ့မိလေသည်။ နောက်ညတွေမှာတော့ သူမတစ်ယောက် ဘယ်တော့မှ အိပ်ရာပြတင်းမှတစ်ဆင့် အပြင်ကို လှမ်းမကြည့်တောဟူသော ဆုံးဖြတ်ချက်ကို တစ်ထိုင်တည်းပင် ချပစ်ခဲ့လေတော့လေသည်။

3 comments:

  1. ယုဇနပန်းနံ့တွေသင်းနေတဲ့ပိုစ့်လေးကိုခံစာနေပါတယ်

    ReplyDelete
  2. ကျေးဇူးတင်ပါဒယ်ချင့်

    ReplyDelete