မြို့သစ်ဆိုတဲ့ စကားနဲ့အညီ လယ်ကွက်၊ ရွံ့ဗွက်ပေါများလှတဲ့ ကေပိုးတို့ မြို့နယ်ကတော့ဖြင့် မြို့သစ်ထုံးစံအတိုင်း အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံနဲ့ တည်ရှိနေခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ခဲ့ပါတယ်.. အကောင်ရှည်လို့ ဆိုလိုက်ကတည်းကလည်း မျက်လုံးထဲ မြင်ယောင်လာခဲ့တာက မြွေဆိုးဆိုတာပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့.. အမှန်ပါပဲ.. မြို့သစ်နေ ကေပိုးတို့လို လူတွေအတွက် ဒုက္ခမျိုးစုံထဲက တစ်ခုကတော့ မြွေဆိုတဲ့ အန္တရာယ်တစ်ခုပါပဲ.. မြို့သစ်မို့ ပေါများလှတဲ့ အကောင်ပေါင်းစုံ ထဲမှာ အန္တရာယ်အရှိဆုံးကတော့ မြွေအန္တရာယ်ပဲ ဖြစ်လိမ့်မယ်ဆိုတာ မြို့သစ်နေ သူငယ်ချင်းတိုင်း သိထားပြီးသား ဖြစ်လိမ့်မှာပါ..
ဒီလိုအန္တရာယ်မျိုးစုံရှိတဲ့ မြို့သစ်မှာ အနေကြာလာတဲ့ ကေပိုးကတော့ မြွေကို မျိုးစုံနီးပါး၊ ဆိုဒ်စုံနီးပါး တွေ့ဖူးခဲ့ပါတယ်.. anaconda ဆိုတဲ့ မြွေမျိုးတွေက လွဲလို့ပေါ့.. ဒါတောင် ခလောက်မြွေဆိုတာမျိုးက သဲကန္တာရမှာပဲ အနေများတယ် ဆိုလို့သာပေါ့.. မြွေဆိုရင် သံကွင်းစွပ်၊ မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေ၊ ငန်းစပ်၊ လင်းမြွေ အစရှိသည်ကနေ.. အဆိပ် မရှိပါဘူးလို့ ဆိုကြတဲ့ ရေမြွေတွေအထိ တော်တော်များများ မြင်ဖူးခဲ့တယ်.. မြင်တာများတော့ အဲလိုမြွေတွေကို ကေပိုး ကြောက်ရကောင်းမှန်းလဲ မသိတော့ဘူးလေ.. ကေပိုးနေတဲ့အိမ်က နိမ့်တော့.. ခဏ၊ ခဏ .. ခြံဝင်းထဲ မြွေဝင်လို့၊ ဧည့်ခန်း ထဲ မြွေဝင်လို့ဆိုတာမျိုးတွေ၊ ထိုင်ခုံအောက် တက်နင်းမိမလိုလို ဖြစ်ရတာမျိုးတွေ ခဏ၊ ခဏ ကြုံခဲ့ရတယ်..
ဇာတ်လမ်းရဲ့အစက လွန်ခဲ့တဲ့ ၆ နှစ်လောက်ကပေါ့.. အပေါ်ထပ် အခန်းထဲက ဆင်းလာတဲ့ ကျွန်မ ကေပိုး.. လှေကား ခြေရင်း မျက်နှာချင်းဆိုင်က အခန်းထဲ မထင်မှတ်ပဲ မျက်စိရောက်သွားတယ်ဆိုရင်ပဲ.. အခန်းနံရံ ပြတင်းပေါက်က တွဲလဲကျ နေတဲ့ အရာဝတ္ထုတစ်ခုကို မြင်လိုက်ရတယ်.. မြင်မြင်ချင်းတော့... " အော်.. စက်ဘီးတာယာကြီး .. ဖေက ပြတင်းပေါက် သံပန်းမှာ လာချိတ်ထားတယ်".. လို့တောင် ရေရွတ်လိုက်မိသေးခဲ့တယ်.. နောက်မှ .. "မဟုတ်ပါဘူး.. ငါမြင်တာ စက်ဘီး တာယာမှ မဟုတ်တာ" ဆိုပြီး နောက်တစ်ကြိမ် ပြန်ကြည့်မှ.. "အမလေး.. မြွေ.. မြွေ.. " ရယ်လို့ အာမေဋိတ်သံ ကျယ်လောင်စွာဖြင့် အိမ်သားတွေကို လှမ်းခေါ်မိပါတော့တယ်..
လူတွေရဲ့ အော်သံ၊ လှုပ်ရှားသံတွေအကြားမှာတော့ ကိုရွှေမြွေမင်းတစ်ကောင်.. ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်.. ကေပိုးရဲ့အိမ်သားတွေလဲ ကေပိုးကို 'နင် သေချာ မြင်လိုက်လို့လား" .. ဘာညာနဲ့ ပြစ်တင်ပြောဆိုကြပါတော့တယ်.. အဲဒီတော့ မခံချင်လှသော ဒေါ်ကေပိုးတစ်ယောက်... အဲဒီမြွေသကောင့်သားကို မရမက လိုက်လို့ရှာရတော့ပါတယ်.. အချိန်ကြာကြာ မရှာလိုက်ရပါပဲ.. ပြတင်းပေါက်နှင့်ကပ်ရက် သံသေတ္တာတွေနောက်ကြားမှ လှုပ်လှုပ်ရှားရှား ပြောင်ပြောင် လက်လက်ကို သံသေတ္တာပေါ်မှ ကျော်ကာ မြင်လိုက်ရပါတော့တယ်..
ကျွန်မရဲ့.. "မေရေ.. ဒီမှာ.. တွေ့ပြီ.. ဒီမှာ တွေ့ပြီ" ဆိုတဲ့ စကားသံအဆုံးမှာတော့.. ထိုမြွေစုတ်က သေတ္တာအောက်က ကွပ်ပျစ်အစုတ်ကြားထဲ တိုးလျှိုဝင်ရောက် ပျောက်ကွယ်သွားခဲ့ပြန်ပါတော့တယ်... ဒီတစ်ခါတော့ သေချာပြီမို့ ကေပိုး.. ထိုအကောင်ရှည်ရှိရာသို့ လက်ညှိုးညွှန်ပြ နိုင်ခဲ့ပါပြီ.. သံသေတ္တာတွေကို တတ်နိုင်သလောက် ရှေ့ကိုဆွဲပြီး.. ထိုမြွေကို ရှာလိုက်တယ်ဆိုရင်ပဲ.. အုတ်နံရံနှင့် ကပ်လျက် အစွန်ဘက်အကျဆုံးကွပ်ပျစ်အောက်မှ စင်းစင်းကြီး ရှိနေတာကို.. ကွပ်ပျစ်စုတ်ရဲ့ အစွန်းအကျိုးတွေ ကြားကနေ တွေ့မြင်လိုက်ရပါတော့တယ်..
မြင်ကာစက.. သိပ်မကြီးလှဘူးလို့ထင်ထားတဲ့ ဒီမြွေက ကွပ်ပျစ်စုတ်ရဲ့ အရှည်နီးပါး ရှိနေတာကို တွေ့ရခြင်းအားဖြင့် ဒီမြွေဆိုးဟာ ၇ ပေသာသာမက ရှိနေတာကိုလည်း မျက်မြင် မြင်တွေ့ရပြန်ပါတယ်.. ဘာမြွေလဲ သေချာ မသိပေမဲ့ ရှည်လဲ ရှည်.. လုံးပတ်ကလည်း နို့ဆီဗူးသာသာရှိတာမို့ မသေးဘူးလို့ သိထားတာကြောင့် ဘာမြွေဖြစ်ဖြစ် ကြောက်မိတာ အမှန်ပါ.. ကေပိုးထက် ကြောက်တဲ့သူကတော့ ကေပိုးရဲ့ ဗလကောင်းကောင်းမောင်လေးပါပဲ.. သံသေတ္တာတွေကို ရှေ့ဆီကို ဆွဲထုတ်ကတည်းက " ဟဲ့.. ဖြေးဖြေးလုပ်.. စွတ်မလုပ်နဲ့.. မတော် ထွက်လာဦးမယ် " ဆိုပြီး အနားမကပ်ပဲ ခပ်ဝေးဝေး ပြေးထွက်နေသော.. အဝေးကနေလဲ တုတ်အကြီးကြီးကို လက်က ကိုင်ထားသော သတ္တိခဲမောင်မောင်ပါပဲ..
သေတ္တာတွေ ဆွဲထုတ်ပြီး တွေ့ရတာက.. ကွပ်ပျစ်အစွန်း တချို့တဝက် အကျိုးတွေကြားထဲက ပြောင်လက်လက် ခန္ဓာကိုယ် ပါပဲ.. အစွန်းက သစ်သားချောင်းတွေက အကုန်ကျိုးနေတာလဲ မဟုတ်တော့ ကွပ်ပျစ်အစွန်း ရှည်လျားလျားမှာ စန့်စန့်ကြီး ရှိနေတဲ့ ထိုမြွေကြီးကို ကော်ထုတ်ဖို့ အခက် ဖြစ်နေခဲ့ရပြန်တယ်လေ.. ဆူကာညံကာ ဘာလုပ်ရမယ် မသိဖြစ်နေချိန် မှာတော့.. ကူကယ်ရာက အိမ်ထဲ မြွေဝင်တယ်ဆိုလို့ လာကူညီတာက လမ်းမက ဖြတ်သွားတဲ့ အိမ်နီးနားချင်း စစ်သားဟောင်း ဦးလေးကြီးပါပဲ.. သူရောက်လာတော့မှပဲ အရှည်လိုက်ရှိနေသော အရွယ်အစား ခပ်ကြီးကြီး မြွေကြီးကိစ္စ ဆက်ကြိုးပမ်းကြပြန်ပါတယ်..
ဆွဲထုတ်ဖို့ မလွယ်တဲ့ ဒီမြွေကို ဒီတိုင်းထားလို့လဲ မဖြစ်တော့တာကြောင့်.. တစ်ခုခုလုပ်ဖို့ ကြံစည်ကြပါတော့တယ်.. နောက်ဆုံးတော့လည်း လူကို အန္တရာယ်ပေးနိုင်တဲ့ ဒီမြွေကို သတ်ပစ်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်.. စစချင်း ဆွဲထုတ် မရဖြစ်နေတဲ့ ဒီကောင်ကြီးကို အိမ်မှာ ရှိတဲ့ တုတ်တွေနဲ့ ရိုက်ပြန်တော့လဲ မထူးခြားတာကြောင့် စစ်သားဟောင်းဦးလေး ကြီးကပဲ.. ရေနွေးရှိလားလို့
မေးတာကြောင့် ရေနွေးဓာတ်ဗူးထဲက ရေနွေးတွေ ထုတ်ပေးခဲ့ရပြန်တယ်.. ရေနွေးသာ ကုန်သွားတယ်.. နည်းနည်းမှ မဖြုံတာကြောင့် နောက်တစ်မျိုး ထပ်ကြံရပြန်ပါတော့တယ်.. ရေနွေးလောင်းချိန်လေးသာ လွန့်လွန့်လူးလူး ဖြစ်ပေမဲ့ ရေနွေးလဲ ကုန်ရော.. ဘယ်လိုမှ နေပုံမရတဲ့ ဒီမြွေဆိုးကို အိမ်မှာရှိတဲ့ insect killer ဗူးနဲ့ မှုတ်တော့မှပဲ ကို့ယို့ကားယား လွန့်လူးလာပြီး အပေါက်ထဲက ထွက်လာပါတော့တယ်..
ကွပ်ပျစ်ပေါ် ထွက်လာတဲ့ မြွေခမျာ.. အနားယူချိန်ကို မရလိုက်ပဲ.. ကြောက်အားလန့်အား ရိုက်ချသော ကေပိုးတို့ မောင်နှမတွေရဲ့ တုတ်အောက်မှာ ပုံပျက်ပန်းပျက် အသက်ပျောက်ရရှာပါတယ်.. အဲဒီတော့မှပဲ အိမ်သားတွေအကုန်လုံး သက်ပြင်းမောတွေချပြီး အနားယူခဲ့ရပါတော့တယ်.. ဒါတောင်မှ သတ္တိခဲ မောင်လေးက မြွေအသေကြီးကို မကိုင်ရဲတာကြောင့် စစ်သားဟောင်းဦးလေးကြီးကပဲ အပြင်ကို သယ်ထုတ်လာခဲ့ရတယ်.. အပြင်ရောက်တော့ ခပ်ဝေးဝေး မှာ သွားပစ်ဖို့ ကြံရွယ်ပေမဲ့ လမ်းကဖြတ်သွားတဲ့ ချင်းအကိုကြီးနှစ်ယောက်က ဘာမြွေလဲ.. သူတို့ကိုပေးဆိုလို့ ပေးလိုက်ကာမှ သူတို့ရဲ့ လင်းမြွေ.. ငန်းစပ်တဲ့အကောင်ကြီး.. ဆိုတဲ့စကားသံကို ကြားခဲ့ရပါတော့တယ်.. သူတို့အပြောအရ လင်းမြွေဆိုတာ အန္တရာယ်မရှိပေမဲ့ ငန်းစပ်ရင် ကြောက်ဖို့ကောင်းတဲ့အကြောင်း၊ အဆိပ်ရှိကြောင်း သိရှိခဲ့ရပါတယ်..
ဘယ်လိုပဲဖြစ်ဖြစ် မြွေဆို မသတ်နဲ့ဆိုပေမဲ့လည်း.. အဲသလောက်ကြီးတဲ့ အကောင်မျိုး.. အဆိပ်ရှိလား၊ မရှိလား မသိတဲ့ ဒီလိုအကောင်ကြီးမျိုးကိုတော့ဖြင့် မသတ်ပဲ ဒီတိုင်းလွှတ်လိုက်ဖို့ကို မရဲခဲ့တဲ့.. နောက်တစ်ခါ ထပ်ပြန်လာမှာ ကြောက်တဲ့ ကေပိုးတို့နဲ့ ဒီအကောင်ရှည်တိုက်ပွဲကတော့ ကေပိုးဘဝမှာ မှတ်မှတ်ရရ တိုက်ပွဲတစ်ခုဖြစ်ခဲ့ရသလို.. မြွေဆိုတာကို အရမ်းကြီး မကြောက်တတ်တဲ့ ကိုယ့်စိတ်ကိုလဲ သေချာ ပြန်မြင်ခဲ့ရပါတော့တယ်...
ဟမလေး ကိုးပေရယ် .. ငန်းနဲ့ လင်းနဲ့စပ်တဲ့မြွေ တဲ့လား .. ဘုရားဘုရား ..
ReplyDeleteနောက်တစ်ပုဒ်က ပိုဆိုးတယ်ဟ.. ရေးတုန်းမို့ .. စောင့်
ReplyDelete