Pages

Tuesday 30 October 2012

ကျမကြိုက်ခဲ့တဲ့ ဇာတ်ကားလေးတစ်ကား..


ခုတလော အွန်လိုင်းပေါ်ရောက်တိုင်း တခြားအလုပ်တွေတင်မကပဲ.. နောက်ထပ် အလုပ်တစ်ခု ပိုလို့ နေခဲ့တယ်.. တခြားတော့ မဟုတ်ပါဘူး.. ငယ်ဘဝတည်းက သဘောကျကြိုက်နှစ်သက်ခဲ့တယ် ဇာတ်ကားလေးတစ်ကားကို ပြန်ရှာနေရလို့ပါပဲ.. ကျမ ကေပိုးအတွက်တော့ ကျမရှာတဲ့ကားလေးက ကျမအရမ်းကြိုက်တဲ့ ကားလေးတစ်ကားဖြစ်ခဲ့ရတယ်..


ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေက ကျမစိတ်ကို ပုံဖော်ပေးနေသလိုပဲလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့မိတယ်.. ကလေးသာသာအရွယ်တုန်းက ကာတွန်းကားလေးတွေ၊ နည်းနည်းလေး အရွယ်ရောက်လာတော့ ကလေးကားလေးတွေ၊ တိရိစ္ဆာန်ကားလေးတွေ.. နောက် နည်းနည်းအသက်ကြီးလာတော့ comedy ဆန်ဆန်၊ drama ဆန်ဆန် ဇာတ်လမ်းမျိုးတွေ၊ ဟာသကားတွေ.. အခုအသက်အရွယ်လောက်ကျတော့ အက်ရှင်ကားတချို့နဲ့ အဓိပ္ပါယ်ရှိရှိဇာတ်လမ်းမျိုးတွေ၊ လျှိ့ဝှက်ဆန်းကျယ်ဇာတ်လမ်းမျိုးတွေကို သဘောကျ နှစ်ခြိုက်မိခဲ့တယ်.. ဒါပေမဲ့ ကျမစိတ်နဲ့ကျမ ဘယ်တော့မှ မကြည့်ဖြစ်တဲ့ ကားတွေက သရဲကား၊ စုန်းကား၊ အကောင်ကား(ငါးမန်း၊ မိချောင်း..) အဲလိုကားမျိုးတွေတော့ ဘယ်တော့မှ မကြည့်ဖြစ်ခဲ့ဘူးလေ.. ကြောက်တတ်လို့၊ သတ္တိမရှိလို့လို့ ပြောရင် ရနိုင်လောက်အောင် အဲလိုကားတွေဆို မကြည့်ရဲခဲ့ဘူးလေ..


အခုရှာနေတဲ့ ကားလေးကတော့ ကလေးဟာသကားလေးတစ်ကားပါ.. ကြည့်ခဲ့ရတာ ကြာလှပြီဖြစ်ပေမဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့၊ ရီစရာ ဟာသကားလေးတစ်ကားပါ.. ဇာတ်ကားအမည်လဲ မသိတာကြောင့်.. လွန်ခဲ့တဲ့ နှစ် ၂၀ နီးနီးလောက်က ကားလေးဖြစ်နိုင်တာမို့ အတော်လေး ရှာခဲ့ရတယ်.. တော်တော်ကြာကြာရှာလိုက်ရပေမဲ့ နောက်ဆုံး ကျမတွေ့ချင်နေတဲ့ ဇာတ်ကားလေးကို ရှာတွေ့လိုက်ပါတော့တယ်..


The Little Rascals တဲ့.. ၁၉၉၄ ခုနှစ်က ထွက်ထားတဲ့ ကားလေးတစ်ကားပေါ့.. ကလေးလေးတွေ တစ်ပုံတစ်ခေါင်းနဲ့ တခြားကားတွေနဲ့ မတူတဲ့ ဇာတ်ကားလေးတစ်ကားပါ.. အကုန်လုံး မမှတ်မိတော့ပေမဲ့.. မှတ်မှတ်ရရကတော့ အဲ့ကားလေးကို အကြိမ်ကြိမ်အခါခါ ကြည့်ဖူးတယ်ဆိုတာပါပဲ.. ဇာတ်ကားအစက ဘာလဲ သေချာမသိတော့ပေမဲ့.. မျက်လုံးထဲ တစ်စစီ.. တစ်စစီ ပေါ်လာတာကတော့ ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတွေပါပဲ.. အဲဒါနဲ့ပဲ.. အဲဒီဇာတ်ကားလေးကို အင်တာနက်မှာ မြည်းစမ်းရှာဖွေခဲ့ပါတော့တယ်..


မိန်းမမုန်းဝါဒီသမားလေးတွေကြီးပဲ စုစည်းထားတဲ့ ကလပ်လေးတစ်ခု.. အဲဒီကလပ်ကလေးထဲက လူငယ်လေးတွေရဲ့ ရီစရာအဖြစ်အပျက်ကလေးတွေနဲ့.. အဲဒီကလပ်ကလေးထဲက ကောင်လေးတစ်ယောက်ရဲ့ ကောင်မလေးတစ်ယောက်ကို သဘောကျမှုတွေ၊ ကောင်မလေးနဲ့ နီးစပ်အောင် ကြိုးစားမှုတွေနဲ့ သူတို့အဖွဲ့လေးရဲ့ ဝါသနာပါရာ ကားပြိုင်ခြင်းကလေးတွေကို ဟာသနှောပြီး ရိုက်ထားတဲ့ ကားလေးတစ်ကားပေါ့.. ကလေးလေးတွေကြား ချစ်စရာပြိုင်ပွဲလေးတွေ.. ချစ်စရာအကျင့်ကလေးတွေကို ဒီဇာတ်ကားလေးမှာ တော်တော်များများတွေ့ခဲ့ရတယ်.. နောက်ပြီး အဲဒီကလေးငယ်လေးတွေနဲ့အတူ.. မျက်လုံးတစ်ဖက်မှာ အကွင်းကြီးနဲ့ ခွေးမျက်ကွင်းလေးတစ်ကောင်ကိုလဲ ချစ်စရာတွေ့ခဲ့ရပြန်တယ်.. အဲဒါကြောင့် ဒီကားလေးကို အလွယ်အနေနဲ့ ခွေးမျက်ကွင်းကားလို့ ငယ်ငယ်ကတည်းက ကျမ မှတ်ထားခဲ့တယ်လေ..


အဲဒီကားလေးထဲမှာ သတိထားမိတာက ဇာတ်လမ်းရဲ့ မင်းသားလို့ ပြောရင်ရတဲ့.. ဇာတ်ကောင်လေး ၂ယောက်.. တစ်ယောက်က ဒီကလပ်ကလေးရဲ့ ခေါင်းဆောင်ကလေး နဲ့ နောက်တစ်ယောက်က ခေါင်းဆောင်ကောင်လေးရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ပြိုင်ကားမောင်းသမားကလေး.. ဒီနှစ်ယောက်ရဲ့ ဇာတ်ကောင်ပုံစံလေးတွေနဲ့.. တစ်ကားလုံးမှာပါတဲ့ ကလေးလေးတွေရဲ့ ချစ်စရာပုံစံကလေးတွေက ကျမ ဒီကားလေးကို နှစ်သက်အောင် တွန်းပို့ထားသလိုပါပဲ.. သရုပ်ဆောင်ခြင်းရယ် မမြည်လောက်အောင်.. သဘာဝကျလှတဲ့ ပုံစံလေးတွေထဲမှာ.. သူတို့ ကလပ်ကလေး မီးလောင်လို့ မီးငြှိမ်းသတ်တဲ့ အခန်းလေးက အရီရဆုံးပါပဲ.. အငယ်ဆုံးကလေးလေးတွေဖြစ်တဲ့ Porky နဲ့ Stymie ဆိုတဲ့ ကလေးလေးတွေရဲ့ မီးငြှိမ်းသတ်တဲ့ပုံစံလေးတွေပါပဲ.. ကလေးငယ်ငယ်လေးတွေက မီးသတ်ပိုက် မနိုင်မနင်းကြီးကို ကိုင်ပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားရာက .. မီးသတ်ပိုက်က လာတဲ့ ရေအားကြောင့် မီးသတ်ပိုက်ကို ခွပြီးကိုင်ထားတဲ့ Stymie ကလေး.. မီးသတ်ပိုက်နဲ့အတူ လေထဲ မြောက်တက်သွားတာကို ရီစဖွယ် ကြည့်ခဲ့ရသေးတယ်လေ.. အဲဒါအပြင် ဇာတ်လမ်းထဲက ခွေးကလေးရဲ့ မီးငြှိမ်းသတ်ပုံကိုလည်း ရီချင်စဖွယ် တွေ့ခဲ့ရပြန်တယ်လေ..


နောက်ပြီး ဇာတ်လမ်းထဲက ပြိုင်ကားမောင်းတဲ့ မင်းသားကလေး.. သူ့ပုံစံကလေးက ရီချင်စရာ.. ဆံပင်အလယ်ခွဲကလေးနဲ့.. အလယ်ခွဲကလေးရဲ့ ထိပ်ဆုံးမှာတော့ ထောင်နေတဲ့ဆံပင်စုကလေး.. အဲလိုပုံလေးနဲ့ ရီချင်စရာ Alfalfa ဆိုတဲ့ သူကလေးက မိန်းမမုန်းဝါဒီအဖွဲ့ထဲမှာနေပြီး  Darla ဆိုတဲ့ ကလေးမလေးကို သဘောကျနေတဲ့ သူကလေးပေါ့.. သူ့ကြောင့်ပဲ ပြဿနာမျိုးစုံတက်ခဲ့ရ.. သူ့ကြောင့်ပဲ သူငယ်ချင်းတွေ ရန်ဖြစ်ကြ.. သူ့ကြောင့်ပဲ မိန်းမမုန်းတီးရေးအဖွဲ့လေး ပျက်စီးခဲ့ရနဲ့.. ဇာတ်လမ်းလေးက မပျင်းမရိ ချစ်စဖွယ် ခံစားခဲ့ရပြန်တယ်.. အဲဒါတွေအပြင် ကလေးတွေဘဝကတည်းက စုပေါင်းလုပ်ကိုင်တတ်တဲ့.. team တစ်ခုအနေနဲ့ ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်ကလေးတွေ.. ပုံစံလေးတွေကိုလဲ မြင်တွေ့ခဲ့ရတယ်..


နောက်ပိုင်းမှာ သူသဘောကျနေတဲ့ ကောင်မလေးကို သူဌေးသား ကောင်လေးတစ်ယောက်က ဖြတ်လုတာလေးတွေ.. အဲဒီသူဌေးသားလေးနဲ့ ကားပြိုင်ပွဲမှာ .. ကားချင်းပြိုင်မောင်းတာလေးတွေ.. နောက်ဆုံး သူတို့အဖွဲ့လေး အနိုင်ရရှိသွားခဲ့ပြီး.. သူသဘောကျနေတဲ့ ကောင်မလေးက သူ့အနား ပြန်လည်ရောက်ရှိလာခဲ့ပုံလေးတွေ.. နောက်ဆုံးမှာ မိန်းမမုန်းတဲ့အဖွဲ့ကလေး ပျက်စီးသွားပြီး.. Alfalfa ကြောင့်ပဲ သူတို့အဖွဲ့လေးဆီကို မိန်းကလေးတွေပါ ပါဝင်လာကာ.. အဆုံးမှာ ပျော်ရွှင်စွာ.. ဇာတ်သိမ်းထားတာလေးတွေကိုလည်း တွေ့မြင်ခဲ့ရတယ်..


ဘာပဲပြောပြော.. ဇာတ်လမ်းအစအဆုံး သေချာမမှတ်မိတော့ပေမဲ့.. ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းတွေထဲက အကြိုက်ဆုံးကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကိုတော့.. ကျမရဲ့မှတ်ဥာဏ်ထဲက ဘယ်တော့မှ ဖျောက်ရနိုင်မှာ မဟုတ်သလို.. ကျမလိုပဲ ဒီလိုကားမျိုးလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ သူငယ်ချင်းများကိုလည်း.. ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရင်း.. ဖြစ်နိုင်ရင် ရှာဖွေကြည့်ကြည့်ပါလို့..  ကလေးလေးတွေရဲ့ ချစ်စဖွယ် အကျင့်စရိုက်၊ ပုံသဏ္ဍာန်လေးတွေကိုလည်း တွေ့မြင်ခံစားရမှာ ဖြစ်သလို.. နွမ်းနယ်နေတဲ့ စိတ်အမောတွေကိုလည်း ပြေစေမှာပါလို့ ပြောကြားရင်း .. ကျမကြိုက်ခဲ့တဲ့ ဒီဇာတ်လမ်းလေးကို ဝေမျှခဲ့ချင်ပါတယ်...



ကေပိုး
10:00 PM,
30.10.2012.

2 comments:

  1. နေကောင်းပြီးအားတဲ့တနေ့တော့ ရှာပြီးကြည့်မှထင်တယ်
    မကြည့်ခဲ့ဖူးလို့လေ ကေပိုးစားရေးကောင်းတာနဲ့ စိတ်ဝင်စားနေပြီ
    ပျော်ရွှင်စရာတွေ ပြည့်နေတဲ့ သီတင်းကျွတ်လေးဖြစ်ပါစေလို့
    ခင်တဲ့ sis jasmine

    ReplyDelete
  2. ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်... မမရေ

    ReplyDelete