Pages

Saturday 19 January 2013

ကျွန်မနှင့် ဝန်ဆောင်မှု



မင်္ဂလာပါရှင်..
ကျေးဇူးတင်ပါတယ်ရှင်..


ကြားနေကျ အလွယ်ကူဆုံးစကားလေးတွေပါ.. လောကဝတ်လို့ပဲဆိုဆို.. လူ့ကျင့်ဝတ်လိုပဲ ဆိုဆို.. နေ့စဉ်လူမှုဘဝထဲ မြင်ရ ကြားရနေတဲ့ အလွယ်ကူဆုံး စကားလုံးတွေပါ.. အဲဒီစကားလုံးတွေကို နှုတ်က လွယ်လွယ် ထွက်နိုင်ကြသလားလို့.. မေးကြည့်ရင် .. ထွက်နိုင်တယ်လို့.. လူတော်တော်များများ. ဖြေကြဦးမှာပါ.. အဲဒီလိုပဲ.. ကျွန်မလည်း အရင်က ထင်မြင်ခဲ့ဖူးပါတယ်.. အဲလို ထင်မြင် မိတယ်ဆိုရင်.. တစ်ချက်တော့ စဉ်းစားကြည့်ကြတာပေါ့.. Customer Service ဆိုတဲ့ သင်တန်းတွေ.. ဘယ်မှာလာ  ပေါ်ပေါက် လာနိုင်မှာပါလဲလို့..



အရင်က ကျွန်မ.. အဲဒီလို service ပေးရတဲ့ အလုပ်ဆိုတာကို လွယ်ကူမယ် ထင်ခဲ့ဖူးတယ်.. ကိုယ်ကိုယ်တိုင် တကယ်တမ်း လုပ်ဖြစ်ပြီဆိုတော့မှ .. အရမ်းကို ခက်ခဲမှန်း သိလိုက်ရတယ်.. ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက.. အထူးသဖြင့်တော့.. customer ကို service နိုင်နိုင်ပေးရတဲ့.. လုပ်ငန်းတစ်ခု.. အဲဒီလုပ်ငန်းရဲ့ operation ပိုင်းကို တစ်ခါမှ မဝင်ရောက်ဖူးခဲ့တော့.. service ပေးခြင်း ဆိုတဲ့ နည်းလမ်းတွေ၊ နည်းနိဿယတွေ ဘာတစ်ခုမှ မသိခဲ့ပါဘူး.. သူငယ်ချင်းတွေနဲ့ ပြောပြောနေတဲ့.. smile.. smile... ဝီစကီ.. ဝီစကီ ဆိုတာတွေနဲ့.. တော်သင့်ရုံ လူမှုဆက်ဆံရေးလေးနဲ့.. ရီပြရတာတွေနဲ့.. ထင်တစ်လုံး ရမ်းနေတဲ့ ကျွန်မ.. service ဆိုတဲ့ အလေ့အကျင့်.. service ပေးခြင်းရဲ့ စိတ်ခံစားချက်တွေကို.. လက်တွေ့ကျကျ သိမြင်လိုက်တော့မှ တကယ် မလွယ်မှန်း သိလာခဲ့ရပါတယ်..



မင်္ဂလာပါရှင်.. တဲ့.. ဘေးက သူငယ်ချင်းလေးတစ်ယောက်ရဲ့ နှုတ်က ချိုသာတဲ့ နှုတ်ထွက်စကား.. ဘေးချင်းယှဉ်ရပ်နေရတဲ့ ကျွန်မ.. နှုတ်က စေ့လို့.. ပြောထွက် ခက်နေခဲ့တယ်.. ရှက်နေခဲ့တယ်.. ရီပြနိုင်ဖို့ ဝေးစွ.. ကိုယ်နဲ့ မသိမကျွမ်း.. မပြောမဆိုဖူးတဲ့ သူတွေနဲ့ စကားပြောဆိုဖို့၊ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ service ပိုင်းကို customer ဆိုတဲ့ လူသားတွေ စိတ်ကျေနပ်မှု ရစေဖို့.. အလွယ်ဆုံးဖြစ်တဲ့ မင်္ဂလာပါရှင် ဆိုတာကိုတောင်.. ကျွန်မ တော်တော် ကြိုးစား ထွက်ယူခဲ့ရပြန်တယ်..



ကိုယ်ကို ကိုင်းလို့.. ချိုသာတဲ့ နှုတ်ထွက်စကား.. ဖောက်သည်လို့ ခေါ်တဲ့ customer တွေ.. စိတ်ကျေနပ်စေဖို့.. service ပေးတဲ့ လူတွေရဲ့ တာဝန်တွေကို.. ကျွန်မ.. တော်တော်လေး ကြိုးစားလေ့ကျင့်ခဲ့ရတယ်.. မင်္ဂလာပါရှင်.. ဘာအကူအညီများ ပေးရမလဲရှင်.. ကျေးဇူးတင်ပါတယ်ရှင်.. ပြောတော့ အလွယ်လေး စကားအသုံးအနှုန်းတွေကို.. ကျွန်မ .. ကျွမ်းဝင်မှု ရှိအောင် လေ့ကျင့်ခဲ့ရတယ်.. ကျွမ်းဝင်မှု ရှိလာပြန်တော့.. လည်ဝယ်လာအောင်.. သွက်လက်လာအောင်.. ထပ် ကြိုးစားရပြန်တယ်.. အဲဒီလိုတွေ.. လေ့ကျင့်ရတာများလာတော့.. ပြောဆိုဆက်ဆံရတာ များလာတော့.. customer service ဆိုတဲ့ စကားလုံး၊ customer service ဆိုတဲ့ အရည်အသွေးကို သဘောကျ နှစ်ခြိုက်လို့ လာခဲ့တယ်..



အချင်းချင်းတွေထဲမှာ.. service ပေးနေတဲ့ သူငယ်ချင်းတစ်ချို့နဲ့ စကားပြောဆိုဖြစ်ခဲ့တယ်.. ခံစားချက်တွေ ရင်ဖွင့်ခဲ့ကြတယ်.. ဝန်ဆောင်မှုဆိုတဲ့ စကားအတိုင်း.. စကားလုံးအတိုင်းအတာတစ်ခုအထိ.. ပေးဆပ်ခြင်းတွေ များခဲ့တယ်.. ကိုယ်က သူများအကြိုက် လိုက်လို့.. သူများကို ကူညီတယ်ဆိုပေမဲ့.. ကိုယ်လိုအပ်ရာကို ရရှိဖို့ ကြိုးစားမှုတွေထဲမှာ.. တခါ တခါ.. အနှိမ်ခံရတာမျိုး.. ပြဿနာ အရှာခံရတာမျိုးတွေ တွေ့ကြုံခဲ့ရတာတွေကို.. ကြားခဲ့၊ သိခဲ့ရတယ်.. လူတစ်ကိုယ် စိတ်တစ်မျိုးဆီမို့.. အမျိုးမျိုး၊ အဖုံဖုံသော လူတွေနဲ့ ဆက်ဆံရတာကြောင့်.. ကောင်းတဲ့သူတွေနဲ့ တွေ့ကြုံကြသလို.. စိတ်သဘောထား အမျိုးမျိုးရှိသောလူတွေနဲ့ ကြုံကြိုက်ခဲ့ရတယ်ဆိုတာလည်း.. သူငယ်ချင်းတွေရဲ့ ပြောစကားတွေနဲ့.. အကြားအာရုံ ဝ ခဲ့ရတယ်.. အဆိုးဆုံးကတော့.. ခင်မင်ရာ သူငယ်ချင်း အပေါင်းအသင်းတွေရှေ့မှာ.. customer ကို ဝန်ဆောင်မှု ပေးရတာပါပဲတဲ့.. မိတ်ဆွေအပေါင်းအသင်းရှေ့.. ကိုယ်က သူများရဲ့စိတ်အလိုကို လိုက်.. သူများအတွက် လိုအပ်တာကို အောက်ကျို့ခံ ကူညီရတာမျိုး.. အပေါင်းအသင်းတွေ ရှေ့.. ရှက်စရာကောင်းတာလောက်.. ခံစားရတာ.. မရှိဘူးဆိုတဲ့ စကားတွေ.. ကြားသိခဲ့ရတယ်..



ပြန်စဉ်းစားတော့လည်း ဟုတ်သားပါ.. အိမ်မှာ၊ လမ်းမှာ၊ ကျောင်းမှာ.. ဘယ်နေရာရောက်ရောက်.. ကိုယ်က များသောအားဖြင့်.. ထားရှိခဲ့တဲ့ မာန်မာနက.. service ဆိုတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်တာနဲ့.. ကိုယ်ပေါ် ပါလာတဲ့ မာန်မာနတွေကို ခဝါချ ချန်ထားခဲ့ရတယ်.. ကိုယ်လုပ်နေတဲ့ အလုပ်မှာ အောင်မြင်မှု ရရှိဖို့.. တခါ တခါကျတော့ အောက်ကျို့ခံခြင်းတွေ ထားရှိရတယ်တဲ့.. အဲဒီလိုပဲ.. ကျွန်မတို့ ကြိုးစားတည်ဆောက်နေတဲ့ customer is always right ဆိုတာမျိုး ဖြစ်လာရအောင်.. Age of the customer ဆိုတဲ့ ခေတ်ကြီးမှာ.. ကျွန်မတို့ လုပ်နေတဲ့ လုပ်ငန်း အောင်မြင်မှုရအောင်.. ဝန်ဆောင်မှုကောင်းတွေ တည်ဆောက်မှသာ.. ဖြစ်နိုင်တာမို့.. ကိုယ့်ကိုယ်ကိုယ်.. ငါစွဲလေး အရင်ဖျောက်ပြီး.. customer စိတ်ကျေနပ်အောင် လိုက်ပါဆောင်ရွက်ပေးရပြန်တယ်.. ဒီလို.. ဒီလို.. အောက်ကျို့ခံမှု များစွာနဲ့.. တည်ဆောက်ရတဲ့.. ဝန်ဆောင်မှုဆိုတဲ့ လုပ်ငန်းကို.. တခါ တခါ စိတ်ညစ်ရပေမဲ့.. သေချာပြန်စဉ်းစားကြည့်တော့.. ကျွန်မတို့အတွက်.. အကျိုးများစွာကို ဖြစ်ထွန်းစေတယ်ဆိုတာ.. သိမြင်လာခဲ့ပြန်တယ်..



လူကို လူက သင်ယူတယ်ဆိုတဲ့ စကားကို.. ဘယ်နေရာမှာမှန်း မသိ.. ကျွန်မကြားဖူးခဲ့တယ်.. ပြန်စဉ်းစားကြည့်တော့ မှန်ပါတယ်.. ကျွန်မတို့ မသိတဲ့ ပညာရပ်တွေကို.. ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေဆီကပဲ.. ပြန်လည် သင်ယူခဲ့ရတာများတာကိုး.. အဲဒီလို သင်ယူရတဲ့ အထဲမှာ.. အခကြေးငွေနဲ့ သင်ယူရတဲ့ သင်တန်းတွေ ရှိသလို.. အခကြေးငွေ ပေးစရာ မလိုတဲ့.. သင်တန်းတွေလည်း များစွာ ရှိတယ်ဆိုတာ.. အရွယ်ရောက်ပြီးသား လူတိုင်း သိကြပါတယ်.. အဲဒီထဲမှာမှ.. ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုနေထိုင်ရေး၊ ဆိုတာတွေက.. သင်တန်းဆိုတာ ရှိရင်တောင်.. များသောအားဖြင့် ထိရောက်မှု မရှိနိုင်ပါဘူး.. စာအုပ်တွေထဲမှာ.. သင်တန်းတွေထဲမှာ.. သင်ကြားပြသထားတာတွေက.. တစ်ချို့သော လက်တွေ့ပတ်ဝန်းကျင်မှာ အံဝင်ဂွင်ကျ မဖြစ်တာတွေ .. အများကြီးရယ်ပါ.. အဲဒီလို အံချော်နေတဲ့ ပေါင်းသင်းဆက်ဆံရေး.. အတတ်ပညာတွေကို.. ပြုပြင်ပြောင်းလဲနိုင်ဖို့.. အများဆုံး ပညာပေး၊ အသုံးချနိုင်တာက.. ဝန်ဆောင်မှုဆိုတဲ့ လုပ်ငန်းတွေဆီကလို့တော့.. ကျွန်မရဲ့ သီးသန့်အမြင်လေးနဲ့ မြင်မိပြန်တယ်..



လူတကာ စိတ်ကျေနပ်အောင်.. ပြောဆိုပေါင်းသင်းဆက်ဆံတတ်တဲ့သူဟာ.. ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အောင်မြင်မှု များစွာရတယ်လို့လည်း.. စာတော်တော်များများမှာ.. ဖတ်ခဲ့ရဖူးပါတယ်.. အဲဒီလိုပဲ.. ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ကလည်း.. စကားအပြောအဆိုပေါ်မှာ အများကြီး မူတည်တယ်ဆိုတာလည်း သိခဲ့ရတယ်.. စကားတစ်ခွန်းကို ပြောဆိုတဲ့အခါ.. လူတစ်ဖက်သားက ကိုယ့်ဖက်ပါလာအောင် စည်းရုံးနိုင်ခြင်းကလည်း.. ကျွမ်းကျင်တဲ့ elocutionist ဖြစ်ဖို့ အရည်အချင်းတစ်ခုလည်း ဖြစ်ပြန်တယ်လေ.. အဲလိုအရည်အချင်းတော်တော်များများ ရဖို့ဆိုရင်.. အိမ်တွင်းပုန်း၊ အလုပ်စားပွဲမှာထိုင်.. အဲလိုနေရုံနဲ့ မရနိုင်ဘူးဆိုတာ.. customer service ဆိုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်လာတော့မှသာ ထိထိရောက်ရောက် မြင်လာခဲ့ပြန်တယ်..



အခက်အခဲတိုင်းကို ပါးနပ်စွာ ကျော်ဖြတ်နိုင်ဖို့.. အပြောအဆို ကြွယ်ဝဖို့.. လူအများနဲ့ ပေါင်းသင်းဆက်ဆံရေး ညက်ညောဖို့.. သင်ကြားပေးလိုက်သလို ဖြစ်တဲ့.. ဝန်ဆောင်မှုလုပ်ငန်းဆိုတာ.. စဉ်းစားကြည့်ရင်.. အပြင်မှာ အခကြေးငွေ ပေးပြီး တက်ရတဲ့ သင်တန်းတွေထက်ကို ပိုပြီး အရည်အချင်း ပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်စေဖို့ supporting ကောင်းကောင်းပေးတဲ့  နေရာတစ်ခုဆိုတာ.. service ပိုင်းမှာ လုပ်ကိုင်မိမှသာ ကျွန်မ သေချာ သိလာခဲ့ရတယ်.. အရင်က အရာရာကို.. မာနတစ်ခုနဲ့ တည်ဆောက်ခဲ့တာတွေ ပြန်တွေးကြည့်တော့.. မာနဆိုတာ.. နေရာတိုင်း မထားကောင်းဘူးဆိုတာ သိလာရသလို.. ညက်ညောတဲ့ ပြည့်ဝတဲ့ ပြောဆိုဆက်ဆံမှုကို ရရှိလာအောင် ပေးစွမ်းနိုင်တာ.. ဝန်ဆောင်မှု လုပ်ငန်းတွေကလို့ သိမြင်လာခဲ့တယ်..



 ဘယ်လိုပဲဖြစ်ပါစေ... ဝန်ဆောင်မှုကြောင့်.. တခါတခါ စိတ်ညစ်ရတာတွေ ရှိလာခဲ့ရင်တောင်.. ကျွန်မအတွက်.. အတွေ့အကြုံ၊ ဗဟုသုတ တိုးစရာ.. အပြောအဆို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်စရာ.. စိတ်ထားတတ်အောင် လေ့ကျင့်ပေးရာ.. နေရာလို့ သတ်မှတ်ပြီး.. အခုဆို.. ကျွန်မ.. service ဆိုတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို သဘောကျနှစ်ခြိုက်လို့ လာခဲ့ပါတယ်.. ကျွန်မအတွက်.. ကျွန်မလို.. တခါတခါကျရင် ငါဆိုတဲ့ အစွဲလေး ရှိတဲ့ မိန်းမတစ်ယောက်အတွက်.. အရာရာမှာ.. ငါဟာ ဘာမှ မဟုတ်ပါလားဆိုတဲ့ အသိအမြင်လေးရယ်.. လူကြားထဲ တိုးပေါက်အောင်.. စွမ်းဆောင်နိုင်မဲ့ ပြောဆိုဆက်ဆံမှုတွေကို.. သင်ယူတတ်မြောက်နိုင်မယ့်.. ဝန်ဆောင်မှုလုပ်ငန်းဆိုတာကို.. အခုဆို.. ကျွန်မ.. သဘောကျ နှစ်ခြိုက်လို့ လာခဲ့ပါတော့တယ်..





စာကြွင်း။    ။ မာနကတော့ ဝန်ဆောင်မှုဆိုတဲ့ လုပ်ငန်း လုပ်နေတုန်းသာ ခဏချန်ထားခဲ့ခြင်းပါ။







ကေပိုး
9:50 PM.
19.1.2013.
(စိတ်ထဲ ရှိရာ ရေးသည်။)

3 comments:

  1. တကယ့်ကို မှတ်သားထိုက် တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ ။

    ReplyDelete
  2. သာမီးရေ....၀န်ဆောင်မှုဆိုတာ တကယ်အရေးကြီးပါတယ်
    အိုမားလဲသိထားပေမယ့်ဒီပိုစ့်လေးဖတ်ပြီးပိုပြီးသိလိုက်ရတယ်
    အိုမား.......အာဘွား.......

    ReplyDelete
  3. မရေ..တကယ်ကို ကောင်းတဲ့ပို့စ်လေးပါပဲ...မိုးနတ်လဲ စိတ်ဝင်စားတယ်
    မ၀င်စားလို့က မရဘူးရယ်...မိုးနတ်တို့အိမ်က စီးပွားရေးအရ အဲဒိဝန်ဆောင်မှု
    ဆိုတာက တပါတည်းတွဲပါနေတယ်..ချန်ခဲ့လို့မှမရတာ...
    တန်ဖိုးရှိတဲ့ ပို့စ်ကောင်းလေးပါပဲမ......:)
    ခင်တဲ့...မိုးနတ်

    ReplyDelete