တစ်နှစ်ပြီး တစ်နှစ် ကုန်ခဲ့ပြန်ပြီ..
တစ်နှစ်ပြီး တစ်နှစ် ပျော်ခဲ့ပြီးပြီ..
ဒီတစ်နှစ်လည်း.. နှစ်စဉ်နှစ်တိုင်းလို.. ပျော်ရွှင်ရမည်ပေါ့….
မျှော်လင့်ခဲ့တယ်.. ထင်မှတ်ခဲ့တယ်.. ယုံကြည်ခဲ့တယ်….
ဒါပေမဲ့လည်း…..
…………………………………
မျက်လုံးတွေ… မျက်လုံးတွေ…
သနားတာလား.. ဂရုဏာသက်တာလား….
စုပ်တသပ်သပ်နဲ့..
ခန်းမကြီး အပြည့်.. မျက်လုံးတွေ..
မမြင်ပါရစေနဲ့… မကြည့်ပါရစေနဲ့.. မကြည့်နေကြပါနဲ့…
Hall
ခန်းမကြီးရဲ့ အလယ်ကောင်တည့်တည့်က လဲလျောင်းနေရာနေရာဆီ .. ကြက်သေ သေ..
ငေးမောနေရင်း.. စိတ်တွင်းက ကျယ်လောင်စွာ.. အော်ဟစ်မိခဲ့ပြန်ပြီ… ကြမ္မာဆိုးက
ငါ့ကျမှ ကြုံရတယ်တဲ့လား.. ငါ့ကျမှ စောစီးစွာ ရင်ဆိုင်ရသတဲ့လား…
စောလွန်းပါသေးတယ်.. ငါတို့အတွက် စောလွန်းပါသေးတယ်… ပြန်ယူသွားကြပါ..
ပြန်ယူသွားပေးကြပါ…
မကြည့်ကြပါနဲ့… ဒီလိုမျက်လုံးတွေနဲ့… ငါ မုန်းလွန်းလို့ပါ…
မပြောကြပါနဲ့… ဒီအသံတွေနဲ့.. ငါ မကြားချင်လွန်းလို့ပါ…
ငါ.. အသနားခံ လူသား မဟုတ်ပါဘူး.. ငါ့ကို လာမသနားကြပါနဲ့… စိတ်ထဲက ထပ်မံ အော်ဟစ်မိပြန်တယ်..
အဲဒါ အကြီးမလေးလေ.. သမီး ၂ယောက်ရှိတာပေါ့..
ငယ်ငယ်လေးတွေ ရှိသေးတာပဲ..
ဟုတ်ပါ့.. ရုတ်တရက်ဆုံးတာဆိုတော့.. သူတို့ ဖြေမဆည်နိုင်အောင်ပဲပေါ့..
မကြားလိုတော့ပါ.. မခံစားနိုင်တော့ပါ… ဒီနေရာရဲ့ အဝေးဆုံးကို ထွက်ပြေးသွားချင်မိပြီ.. အဝေးဆုံး.. အဝေးဆုံးနေရာဆီ..
ဖေဖေ… ဖေဖေ ဘယ်မှာလဲ…
မျက်လုံးကစားမိပြန်တယ်…
လာသမျှ ဧည့်သည်တွေကို လိုက်လံဧည့်ခံ စကားပြောနေတာကို တွေ့ရပြန်တယ်…
လာခဲ့ပါ ဖေဖေ… သမီးတို့နား လာခဲ့ပါ… မေမေ့နား နေလှည့်ပါ..
ဒေါသထွက်မိပြန်တယ်..
ဖေဖေ.. ဘာလို့ မေမေ့အနား မနေရတာလဲ.. မနေချင်တော့တာလား.. ထားခဲ့ချင်တော့တာလား.. ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တာလား…
နောက်ဆုံးရယ်ပါ.. နောက်ဆုံးနှုတ်ဆက်ခြင်းရယ်ပါ.. ဖေဖေ..
မေမေ့အနား နေလှည့်ပါ… မေမေ့လက်ကို ကိုင်ပြီး ငိုလှည့်ပါ..
အဲဒီဧည့်သည်တွေကို.. ပစ်ထားပေးပါ… မေမေ့အနား နေလှည့်ပါ.. နောက်ဆုံးရယ်ပါ .. ဖေဖေ.. နောက်ဆုံးရယ်ပါ..
ရုတ်တရက်ဆုံးတာတဲ့.. ကလေးတွေ အသက်တောင် မမှီဘူးဆိုပဲ..
ဘာရောဂါမှ မရှိဘူးဆို… သားအဖတွေ သနားစရာပါဟယ်..
လာပြန်ပြီ.. ဒီအသံတွေ…
ညီမလေးဆီကို လှမ်းကြည့်မိတယ်… အဒေါ့်ရင်ခွင်မှာ ခိုလို့.. ငိုလို့..
အားအင်ချိနဲ့နေတဲ့ ခြေလှမ်းနဲ့.. ညီမလေးဆီ.. လှမ်းလာမိခဲ့တယ်…
ငါတို့လောကအလယ်မှာ အမိမဲ့ခဲ့ပြီ.. ညီမလေးရယ်…
နှုတ်က ထွက်စရာ မလိုတဲ့ စကားတွေ… ညီအစ်မ ၂ယောက်.. မျက်လုံးချင်း ပြောမိတယ်..
မျက်ရည်အပြည့်နဲ့ မျက်လုံးတွေက.. ဝေဝေဝါးဝါး..
ညီမလေး လက်ကို ဖေးမ ကိုင်တွဲရင်း.. ညီအစ်မ၂ယောက် ငိုမိပြန်တယ်..
ညီမလေး .. ငယ်လွန်းသေးတယ်..
အများက စုပ်တသပ်သပ်ကြည့်လို့.. အဲဒီမျက်လုံးတွေကို မုန်းတယ်..
အမကြီးတော့ အမိအရာတဲ့.. င့ါအတွေးထဲ ဝင်လာပြန်တယ်.. မေမေ မရှိတော့ရင်.. အရာရာ ငါ့တာဝန် ဖြစ်လာခဲ့ပြီ..
ညီမလေးအတွက်.. ငါတို့အိမ်အတွက်.. ငါ့ဖေဖေအတွက်… ငါ .. သမီးကောင်း၊ အမကောင်း ဖြစ်စေရမယ်.. စိတ်ထဲက သံန္နိဌာန် ချမိပြန်တယ်..
ကြည့်စမ်း.. လူတွေ
သူများတကာတွေ ပူဆွေးဝမ်းနည်းနေပါတယ်ဆိုမှ.. ပြောဆိုနေလိုက်ကြတာ… အားပါးတရပါလား..
ဟယ်.. မတွေ့တာကြာပေါ့.. နင်အဆင်ပြေရဲ့လား.. ဒီလိုမှပဲ ငါတို့ တွေ့ကြရတော့တယ်..
အေးဟယ်.. ဟုတ်ပါ့.. နင် အဆင်ပြေရဲ့လား.. သားသမီးတွေရော.. ဘယ်အရွယ်တွေ ရောက်ကုန်ကြပြီလဲ..
ဒါ အဝင်းလေ… နင် မှတ်မိတယ်ဟုတ်.. ဘကြီးမောင်ရဲ့ သမီးလေ..
တိုးတိုးအသံတွေ.. နားထဲ ကျယ်လောင်လွန်းလှသလို..
အော်ဟစ်ပစ်လိုက်ချင်တယ်.. ဒါ မိတ်ဆုံစားပွဲ မဟုတ်ဘူး.. ဒါ မိသားစု ဆုံတွေပွဲ မဟုတ်ဘူး..
နားမလည်ကြဘူးလား.. သူများတွေ ဝမ်းနည်းပူဆွေးနေပါတယ်ဆိုမှ.. သူတို့က အမျိုး လာစပ်နေကြတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်..
နားမလည်တတ်တဲ့ လူတွေကို မုန်းတယ်…
………………………………..
ဟော….
လူပရိတ်သတ်တွေ လှုပ်လှုပ်ရှားရှား ထကြပြန်ပြီ.. အသိစိတ် ပြန်ဝင်လာပြန်တယ်..
စင်မြင့်ထက်က .. ဝတ်ပြုဆုတောင်းဆရာရဲ့ နှုတ်က တရားသံတွေ.. ခန်းမတစ်ခုလုံး.. လွှမ်းမိုးလို့ နေပြန်တယ်..
မေမေ..
ဒီမိသားစုဘဝထဲမှာ ဘယ်လောက်တောင် မျက်နှာငယ်ခဲ့ရမလဲ… စဉ်းစားမိပြန်တယ်..
မိသားစုကလေး ၄ယောက်မှာ.. သူတစ်ယောက်ထဲ ဘာသာခြား..
ကိုယ်ယုံကြည်ရာ..
ကိုးကွယ်ကြတော့.. ဒီညီအမ၂ယောက်က ဖေဖေ့ဘာသာထဲ ဝင်ရောက်ခဲ့တယ်.. သမီးတွေ..
သူ့ယုံကြည်ရာ သူ့ရှင်သန်ခွင့်တွေ ရွေးချယ်တာကို မေမေ လိုလိုလားလား
လက်ခံပေးခဲ့သလို.. သမီးတွေအတွက်၊ သမီးတို့ ယုံကြည်ရာအတွက်.. လိုလေသေးမရှိ၊
ညိုညင်ခြင်းမရှိ.. လိုအင်ဆန္ဒ ဖြည့်ဆည်းပေးခဲ့တယ်..
တဖက်ကလည်း..
ကိုယ်ယုံကြည်ရာ၊ ကိုယ်ကိုးကွယ်ရာ.. မိရိုးဖလာ ဘာသာတရားကို .. ဘယ်တော့မှ
ပစ်ပယ်ထားခြင်း မပြုခဲ့.. ဆွဲဆောင်ခြင်း၊ ခေါ်ယူခြင်း.. စည်းရုံးခြင်း
တစ်ခုမှ မပါပဲ… ကိုယ့်မိရိုးဖလာကို သမီးတွေ နားလည်လာအောင်.. အမြဲတစေ
ရှင်းပြဆုံးမခဲ့တယ်..
ငါ့သမီးတွေက ငါ့အတွက်..
ကံကောင်းခြင်းတွေ.. ဂုဏ်တက်ရခြင်းတွေကို ယူဆောင်ပေးသတဲ့.. ငါ ဖြစ်စေချင်တဲ့
ပညာအရည်အချင်းမျိုးတွေ ငါ့အတွက် ရယူနိုင်ပေးခဲ့သလို.. ငါ့သမီးတွေကို ..
ငါ့ဘက်က အတတ်နိုင်ဆုံး မျက်နှာမငယ်နိုင်အောင် ငါ ထားခဲ့နိုင်ပြီ.. လို့
မေမေကြွေးကြော်နိုင်ခဲ့တယ်..
အာမင်..
ရုတ်တရက် လန့်သွားမိပြန်တယ်.. ပစ္စုပ္ပန်လောကထဲ ပြန်ရောက်သွားတယ်.. အခုထက်ထိ ဘုန်းတော်ကြီးက တရားဟောနေတုန်း..
လောကအလယ်မှာ..
အဖိုးထိုက်တန်တဲ့ သမီးတွေအဖြစ်၊ လူတကာက အားကျဂုဏ်ယူရတဲ့
သမီးကောင်းတွေအဖြစ်.. မေမေ ပဲ့ပြင်ယူခဲ့တယ်.. ဒီသမီးတွေနဲ့ပတ်သတ်ပြီး..
ဂုဏ်ယူဖွယ်ကောင်းအောင် ထိန်းကျောင်းခဲ့ရုံလားဆိုတော့.. မဟုတ်ပြန်..
ဖေဖေ့လက်ရုံး.. ဖေဖေ့တိုင်ပင်ဖော်.. ဖေဖေ့အိမ်ရှင်မ.. အိမ်ရဲ့ ရှင်မ..
အိမ်ရှင်မကောင်း ပီသအောင် နေထိုင်ခဲ့တယ်.. ဇနီးကောင်းတစ်ယောက်၊
မိခင်ကောင်းတစ်ယောက်၊ လူပီသသော.. လူသားတစ်ဦးအတွက်.. ခွဲခွာခြင်းတရားက..
စောစီးလွန်းတာလား.. ငိုမိပြန်တယ်..
ဘုရားသခင်က.. မြေမှုန့်ကို ယူပြီး လူတွေအဖြစ် ဖန်ဆင်းခဲ့တယ်..
နားထဲသို့ ဝတ်ပြုဆုတောင်းဆရာရဲ့ အသံက ထပ်မံ ဝင်လာခဲ့ပြန်တယ်..
အပြစ်လုပ်သော
လူသားတွေအတွက်.. သေခြင်းဆိုတာကို.. ဘုရားသခင်က ထပ်မံ ဖန်ဆင်းခဲ့ပြန်တယ်..
အဲဒါကြောင့် လူတွေဟာ အပြစ်အတွက် ပေးဆပ်ဖို့ ပြန်လည် သေရပြန်တယ်..
အဲဒါကြောင့် လူသားဆိုတာ မြေမှုန့်က လာပြီး.. မြေမှုန့်အဖြစ်
ပြန်လည်သွားရောက်ကြရတယ်.. ဒါဟာ ဝမ်းနည်းစရာ မဟုတ်ပါဘူး..
နားထောင်လို့တော့ ကောင်းခဲ့ပြန်တယ်.. ဒါကြောင့် လူတော်တော်များများက ပြောခဲ့တာ.. မေမေ့ကိုးကွယ်ရာ ဘာသာက အေးချမ်းတယ်တဲ့..
ရင်ထဲ ခဏလေး ငြိမ်းချမ်းသွားသလိုလို..
သေခြင်းဆိုတာ.. ထာဝရ မသေခြင်းဆီကို သွားဖို့ တံခါးပေါက်ပဲ..
တရားဟောဆရာက ထပ်ဟောတယ်..
အဲဒီလို
ထာဝရ မသေခြင်းကို သွားဖို့ဆိုရင် .. ဘာလို့ သေခိုင်းနေသတုန်း..
ဘာလို့ခွဲခိုင်းနေသတုန်း.. အတူ သွားဖို့ ပြင်ဆင်ခိုင်းပါလား.. အခုတော့..
ချစ်ခင်တဲ့သူတွေကို စိတ်ဒုက္ခပေးရတယ်လို့..
ဒေါသထွက်ရပြန်ပြီ…
ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်မိတယ်.. ငါ့စိတ်တွေ မတည်ငြိမ်ပါလား.. ထိန်းဦးမှ.. ငါ သမီးအကြီးလေ..
ငါ ထိန်းနိုင်မှ.. ငါ့ညီမလေး ရင်ထဲ သက်သာမှာ..
အားတင်းမိပြန်တယ်…
ဘုန်းတော်ကြီးက ထပ်မေးတယ်.. နောက်ဆုံးမေးခွန်းတဲ့..
သေခြင်းနဲ့ မနက်ဖြန် ဘယ်ဟာက ပိုနီးသလဲ.. တဲ့
မေးစရာတောင်
မလိုတော့ဘူး ထင်ပါ့.. တကယ်ပဲလေ.. သင်တန်းမသွားခင် မနက်ကတင် မေမေနဲ့
စကားပြောခဲ့မိသေးတယ်.. တနင်္ဂနွေပိတ်ရက်မို့ သင်တန်းတွေ တပုံတပင်
ပြေးတက်နေတဲ့ ကျောင်းသူညီအမ ၂ယောက်.. ခရီးစရိတ်၊ လမ်းစရိတ်
တောင်းရုံတင်မက.. လိုချင်တာလေးတွေ ပူဆာလို့.. မနက်စောစောကတင် မေမေနှင့် စ
နောက် ပြောဆိုခဲ့မိသေးတယ်..
ညနေ သင်တန်းဆင်းချိန်တောင်
မရောက်ခဲ့ဘူး.. ဖေဖေရဲ့ ဖုန်းဆက်ခေါ်မှုကြောင့်.. ညီအမ ၂ယောက် ..
တက်သုတ်ရိုက်လို့.. အိမ်ပြန်ပြေးခဲ့ရတယ်.. အိမ်ရောက်တော့.. ကြိုလင့်နေကြ..
မျှော်သူ ဝေးခဲ့တယ်…
ဘာတဲ့…
သေခြင်းနဲ့ မနက်ဖြန် ဘယ်ဟာက ပိုနီးသလဲ..
ကွေးသောလက် မဆန့်နိုင်ခဲ့သလို.. ဆန့်သောလက်သည်လည်း.. လှုပ်ရှားမှု ကင်းမဲ့ခဲ့ရတယ်…
…………………………………….
လာမယ့်
၁၀ ရက်လောက်ဆို.. မေမေ့အတွက် ပျော်ရွှင်ဖွယ်ရာ.. ပွဲတော်တစ်ခု ..
သယ်ဆောင်လို့ လာဖို့.. အကြံအစည်တွေ.. အစီအစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ပြီးသား
ဖြစ်ခဲ့တယ်..
ခရစ်တော်ရဲ့ မွေးနေ့လို့
သတ်မှတ်ထားတဲ့.. ဒီဇင်ဘာလ ၂၅ ရက်နေ့ဆိုတဲ့ ခရစ်စမတ်စ်နေ့ ရောက်ရင်..
မဆုံတာကြာတဲ့.. မေမေ့အမျိုးတွေနဲ့ ဆုံစည်းဖို့.. အစီအစဉ်တွေ အမျိုးမျိုး
ချမှတ်လို့.. စိတ်ကူးနဲ့ ကြိုတင် ပျော်ရွှင်ခဲ့ကြတယ်..
အဝတ်အစားအသစ်တွေ
ချုပ်လို့.. ပွဲလမ်းသဘင်တွေဆီ သွားမယ်.. မိသားစု စုံညီစားပွဲကြီး
ကျင်းပမယ်.. နယ်ဝေးရောက်နေတဲ့ ဆွေမျိုး၊ မောင်နှမတွေနဲ့ အတူတကွ
ပြန်လည်ဆုံဆည်းမယ်.. ဆိုတဲ့ အမျိုးမျိုးသော အတွေးတွေက စိတ်နှလုံးကို
ပျော်ရွှင်ကြည်နူးစေခဲ့တယ်..
အဲဒါတွေက.. အခုတော့..
ဆွေမျိုး၊ မောင်နှမတွေကိုတော့ ဆုံဆည်းစေခဲ့ပါရဲ့.. ဘယ်မှာလဲ.. ပျော်ရွှင်ခြင်းတွေ.. ဘယ်မှာလဲ.. ကြည်နူးခြင်းတွေ..
ပျော်ရွှင်ကြည်နူးမှုနေရာမှာ.. အစားထိုးလာတာက.. ပူဆွေးဝမ်းနည်းမှုတွေရယ်ပါ..
မထင်မှတ်တဲ့
ထောင့်တစ်နေရာက တိုက်ခိုက်လာတဲ့ ကြမ္မာဆိုးက.. ငါတို့မိသားစုရဲ့
ပျော်ရွှင်ခြင်းတွေကို ဝါးမျိုချေဖျက်လို့.. ရက်စက်လွန်းလှတယ်..
………………………..
ရှုပ်ရှုပ်ထွေးထွေး.. လှုပ်ရှားမှုတွေကြောင့်.. လက်ရှိကို ပြန်သတိရမိလိုက်တယ်..
ဘုန်းတော်ကြီးရဲ့ ဆုတောင်းပွဲက .. ပြီးဆုံးသွားခဲ့ပြီပဲ..
ဖေးမ လာခေါ်ယူသူ.. ဘယ်သူလဲ မသိခဲ့ပေမဲ့.. ဇာပုဝါလွှမ်းထားတဲ့.. မေမေ့ရုပ်ကလာပ်အနီး ထိုင်ချ ငိုမိပြန်တယ်..
နောက်ဆုံးအနေနဲ့ သားသမီးတွေ.. ကန်တော့ကြတဲ့.. တစ်ယောက်ယောက်ရဲ့ ပြောဆိုသံကြားလိုက်ပြန်တယ်..
ကန်တော့လို့ပြီးတော့.. ဘုန်းကြီးအငယ်လေးတွေနဲ့ အသိမိတ်ဆွေတွေ ဝိုင်းလို့.. မေမေလဲလျောင်းတဲ့ ခေါင်းတလားကို ဖုန်းအုပ်ဖို့ ပြင်ကြပြီ..
ဇာပုဝါအောက်က.. မေမေ့ရုပ်သွင်က.. တခြားသူတွေအတွက်တော့ မသိ.. သမီးတို့အတွက်တော့ သီတာရေကြည်ပါပဲ မေမေ..
ဟော…
မေမေ့ကို သူတို့ သယ်ဖို့ ပြင်ကြပြီ..
ရင်ထဲ ဆို့တက်လို့ လာခဲ့တယ်..
မယူသွားကြပါနဲ့.. ကျွန်မတို့ မေမေကို မယူသွားကြပါနဲ့..
နှုတ်က ထွက်မလာတဲ့.. ဆို့နင့်သံတွေ..
လဲပြိုကျချင်နေတဲ့ ခန္ဓာကိုယ်ကို.. အဒေါ်တစ်ယောက်က လာထိန်းလို့.. မေမေ့ရုပ်ကလာပ်နောက်က လိုက်ခဲ့ရပြန်တယ်..
လှမ်းနေတဲ့ ခြေလှမ်းတွေ.. လဲပြိုမတတ် ခြေလှမ်းတွေ.. အားအင်ချိနဲ့နေတဲ့ ခြေလှမ်းတွေ.. ကိုယ့်အတွက် အားကိုးရာကို ရှာမိပြန်တယ်..
ဖေဖေ..
သေချာကြည့်မိတယ်..
ဖေဖေ့မျက်လုံးမှာ မျက်ရည်စ တွေနဲ့ပါလား..
ဖေဖေ ငိုတယ်.. ဖေဖေ.. ဖေဖေ.. ငိုတယ်တဲ့လား..
ယောက်ျားတစ်ယောက်တန်မဲ့ ကျတဲ့ မျက်ရည်..
မေမေရေ..
သမီးတို့ မိသားစုအဖြစ်ကို ကြည့်လှည့်ပါဦး…
ဂူသွင်းသဂြိ င်္ုလ်မယ့် နေရာရောက်တော့.. ဘုန်းတော်ကြီးက နောက်တစ်ခေါက် ဆုတောင်းပြန်တယ်..
…………………………………………..
တော်ပါတော့.. ပြီးဆုံးပါတော့.. ဆုတောင်းမိတယ်.. ဒီနေရာမှာ .. တစ်စက်မှ မနေချင်တော့ပါ..
ပွဲပြီးစေချင်ပါပြီ.. ပွဲပြီးလျှင် ဖေဖေ၊ မေမေ၊ ညီမလေးနဲ့.. အတူတူ အိမ်ပြန်တော့မယ်..
အခြေနေမှန်ကို.. သိရက်နဲ့.. စိတ်က ဘယ်လိုမှ.. လက်မခံနိုင်ခဲ့ပြန်ပေ..
ဘုန်းတော်ကြီးရဲ့ ဝတ်ပြုဆုတောင်းအပြီးမှာ.. ပါလာတဲ့ ပန်းခြင်းတွေက ပန်းတွေကို ခြွေချလို့.. မေမေ့တစ်ကိုယ်လုံး ဖုံးလွှမ်းစေခဲ့တယ်..
မေမေ..
ပန်းတွေနဲ့အပြိုင်.. ကျက်သရေ ရှိနေတုန်းပါပဲ..
ကဲကဲ.. ဂူပိတ်ပါတော့မယ်.. အာလုံး ပြန်နိုင်ပါပြီ.. စောင့်ကျန်ဖို့ တစ်ယောက်၊ နှစ်ယောက်လောက်ဆို ရပါပြီ…
အော်လိုက်တဲ့ အသံ ကြားလိုက်ရတယ်..
နင့်ကနဲ.. စိတ်ထဲက ဖြစ်သွားပြန်တယ်.. ငိုရတာ မောလှပြီ..
မငိုချင်တော့ပါ.. ခက်တာက ဆို့နင့်လာတဲ့ စိတ်.. ဘယ်လိုမှ ထိန်းမရ..
ဖေဖေ အနားကို ရောက်လာတယ်..
သမီးတို့ ပြန်ကြတော့… တဲ့
ပြီးပြီလား..
အဲလိုပဲ ထားခဲ့ရတော့မှာလား.. နေချင်သေးတယ်.. မေမေ့အနားမှာ နေချင်သေးတယ်..
မေမေနဲ့အတူ နေချင်သေးတယ်.. မပြန်ခိုင်းပါနဲ့ ဖေဖေရယ်..
လက်ကို အဒေါ် လာတွဲတယ်..
လာ.. သမီးကြီး သွားကြစို့… တဲ့
ငြင်းဆန်ဖို့ အင်အားပြင်မိတယ်..
ဆတ်ကနဲ သတိရမိတာက.. ညီမလေး..
ငါ ထိန်းမှ ငါ့ညီမလေး စိတ်ထိန်းနိုင်မှာပဲ..ရုတ်တရက် ဝင်လာတဲ့ အတွေးကြောင့်.. အဒေါ်ခေါ်ဆောင်ရာသို့.. မငြင်းဆန်ပဲ ..လိုက်ခဲ့ရတယ်..
…………………………………………
နောက်ဆုံးအနေနဲ့ အုတ်ဂူရှိရာ.. လှမ်းကြည့်မိတယ်..
နောက်ဆုံး နှုတ်ဆက်ပါရစေ.. မေမေ
မေမေ..
သမီးတို့ နှုတ်ဆက်ပါတယ်..
မေမေ
အေးချမ်းပါတော့.. အရာရာအတွက်၊ မိသားစုအတွက်၊ ညီမလေးအတွက်.. စိတ်ချပေးပါ..
ဖေဖေ့အတွက် သမီးကောင်းတစ်ယောက် ဖြစ်စေဖို့ သမီးကတိပေးပါတယ်.. ကတိပေးပါတယ်..
သမီး ကတိပေးပါတယ်..
မေမေ စိတ်ချစေဖို့.. ကတိအကြိမ်ကြိမ်ပေးရင်း..
နောက်လှည့်မကြည့်တမ်း.. ခေါင်းငိုက်စိုက်ချလို့.. ဒီပရဝုဏ်က လေးကန်စွာ .. ဖေးကူတွဲသူများနဲ့.. ညီအမ ၂ယောက်..ထွက်လာခဲ့ရပါတော့တယ်…
ကေပိုး
1:00 PM.
22.12.2012
(ဘာသာ ၂ ခု ကို ခြားနားစွာ တင်ပြခြင်းမဟုတ်၊ လူတစ်ယောက်ရဲ့ စိတ်အလျဉ်ကို တတ်နိုင်သလောက် တင်ပြထားခြင်း သပ်သပ်ရယ်ပါ)
အရေးအသားတွေ အရမ်းကောင်းတယ် ။အားပေးလျက်ပါ
ReplyDelete!!!
ReplyDeleteအနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါပဲကွယ်...။သေဆုံးခြင်းနဲ့..မနက်ဖြန်....သေခြင်းကပိုနီးတာပေါ့..၊ ယူသွားနိုင်တာ..ကုသိုလ်ရယ်.အကုသိုလ်ရယ်...။ အသေမဦးခင်...ဥာဏ်ဦးဖို့...ကြိုးစားကြစို့....
ReplyDelete