Pages

Monday, 22 October 2012

ဝေးလွန်းလှတယ်.. လမင်းငယ်

ပြတင်းပေါက်က လှမ်းအငေး
အလှမ်းဝေးတဲ့ ကောင်းကင်မှာ
ကြည်လင်စွာ ထင်အရှား
မြင့်မားစွာ ရှိနေတာ
မင်းရယ်ပေါ့ လမင်းငယ်..

ငိုနေသူ ငါ့အား
ပြုံးရယ်ကာ နင်ကြည့်တော့
အပျော်ခံ စိတ်အမြူးက
ရင်ခွင်ကို ကူးတာမို့
ပျော်ရွှင်မယ် ငါ ထင်ခဲ့ဖူးတယ်..

ကမ္ဘာပျက်တယ်..

ဆစ်ကနဲ..
စူးကနဲ..
ဘယ်ရင်အုံရဲ့ ချက်ပြသံက
ဒီမြေကမ္ဘာ တုန်ဟီးသလိုမို့
ကြိတ်မှိတ်ခံစား နေရပြန်တယ်.. သူငယ်ချင်းရယ်

ကြင်နာကင်းတဲ့ ဆိုဓိပ္ပါယ်က
လာခြင်းဆိုးစွာ ခံစားရတော့
ရင်မှာ နာကာ ထင်မှတ်တာက
အော်..
သူငယ်ချင်းရေ..
ဒီနေ့ ငါ့အတွက် ကမ္ဘာပျက်တယ်..

Friday, 19 October 2012

ဟူးးးး

သက်ပြင်းရှည်ဆို မချချင်ပါဘူး..
ရင်မောလွန်းလို့...
အတွေးရှည်ဆို မတွေးချင်ပါဘူး..
စိတ်မောလွန်းလို့..
အချစ်တွေဆို မမေ့ချင်ပါဘူး..
ပျော်ရတတ်လို့..
အလွမ်းတွေဆို မခံစားနိုင်ဘူး..
ရင်နာရလို့..

ငါ့ရင်ထဲမှာ ဒီလိုဆိုတာ
မင်းတစ်ယောက် သိရက်နဲ့တောင်..
ချစ်သူရေ..
______________

(ပြောချင်စိတ်တွေ မရှိတော့ဘူး..)



ကေပိုး
7:35 PM,
19.10.2012

Saturday, 13 October 2012

မှတ်မှတ်ရရ ငယ်ဘဝလေးတွေ.. (၁)

ရေးစရာတွေ စဉ်းစားမရတဲ့ ကျွန်မ ကေပိုး.. ဘာရေးရင် ကောင်းမလဲ.. ဘာသွေးရင် ကောင်းမလဲ အမြဲလိုလို အားချိန်တိုင်း စဉ်းစားမိတယ်.. စာရေးတဲ့ အလုပ်ဆိုတာ မလွယ်မှန်း အခုလို စာရေးစရာ ရှာမရတဲ့ အခြေအနေမျိုး.. အကြောင်းအရာ စဉ်းစားမရတဲ့ အခြေအနေမျိုးနဲ့ ကြုံမှပဲ သေချာသိတော့ တယ်လေ.. ဒါပေမဲ့လည်း.. မရေးတာ ကြာရင်.. မသွေးတာ ကြာရင် တုံးသွားတတ်တာမို့.. တစ်ခုခုကြံကာ ဦးနှောက်ကို အသုံးချဖို့ ကေပိုး ကြံရပြန်ပါတော့တယ်.. ကံက ကောင်းချင်တော့.. ချစ်သော ချစ်သူနဲ့ စကားပြောတိုင်း.. သူက သူ့ရဲ့ အကြောင်းလေးတွေ.. သူကျော်ဖြတ်ခဲ့ရတဲ့ ငယ်ဘဝလေးတွေ ပြောပြော
 ပြတာကို နားထောင်ရင်း အကြံတစ်ခု ရခဲ့တာက.. ကေပိုးလဲ ငယ်ဘဝကို ဖြတ်သန်းခဲ့တာပဲလေ.. ဒီတော့ ဘယ်ရမလဲ.. လာထား.. အာဘွားပေါ့..

Saturday, 22 September 2012

စိုးထိတ်ည




အင့်ကနဲ ပင့်သက်တစ်ရှိုက်က အိပ်မက်ကို နိုးထစေခဲ့သလို ဘေးမှာ အိပ်နေတဲ့ ကိုကို့ကိုလည်း စိုးထိတ်အားနာမိခဲ့တယ်.. မေ့ထားခဲ့တာ ကြာပြီဖြစ်တဲ့ အတိတ်ဇာတ်လမ်းက ညနေ ဖုန်းဝင်အလာမှာ ညအိပ်မက်ကို ထိုးနှက်ခဲ့ပြန်ပြီလေ..


“ မေသီ.. မောင် လက်ထပ်တော့မယ်”
ဆိုတဲ့ ဖုန်းထဲက မောင့်စကားက စောစောစီးစီး ကျောခိုင်းပြတ်သားခဲ့တဲ့ မေသီ့စိတ်ကို ဖျက်ဆီးလိုက်ပြန်ပါပေါ့လား.. မဖြစ်နိုင်တော့လို့ ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ မေသီ့အတွက်တော့ ကိုကိုနဲ့ အိမ်ထောင်ပြုခဲ့ခြင်းကို လျှောက်တဲ့လမ်း မှန်ကန်ခဲ့တယ်လို့ ထင်ခဲ့မိတယ်.. ၄နှစ်ကျော် လက်တွဲခဲ့တဲ့ အချစ်ဦး မောင့်အတွက်တော့ အကြောင်းပြချက်မျိုးစုံနဲ့ ထားရက်နိုင်ခဲ့သလို ..
“မေသီ့ကို နားလည်ရင် လက်ထပ်ပွဲကို မလာခဲ့ပါနဲ့”
ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရက်စက်စွာ နှုတ်ဆက်နိုင်ခဲ့ပြန်တယ်လေ..



ရေတမာလမ်းတစ်လျှောက်က မေသီနဲ့ မောင့်ရဲ့ ကြည်နူးစရာ ခြေရာဟောင်းတွေက ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ဝင် စီးပွားရှာတဲ့အချိန်မှာတော့ ကတောက်ကဆပေါင်းများစွာ၊ အဆင်မပြေမှုများစွာနဲ့ ကြုံဆုံခဲ့ရတယ်.. ဘဝကို အလှပဆုံး ထုဆစ်ချင်သူ မေသီနဲ့ ဘဝက ဘာမှန်း မရေရာတဲ့ မောင်တို့ရဲ့ ညှိမရတဲ့ ဇာတ်လမ်းအဆုံးက မေသီ.. မောင့်ကို ချန်ထားခဲ့ရတာပါပဲ.. 

Tuesday, 14 August 2012

မုန်းတီးခဲ့တဲ့ ဒီနေရာသို့ နောက်တစ်ခေါက်


ဒီနေ့ ရုံးက အမတစ်ယောက်နဲ့အတူ ပုဂ္ဂလိကဆေးရုံတစ်ခုကို ရောက်ခဲ့တယ်.. အမှတ်ရစရာကတော့ အဲဒီဆေးရုံကို အခုအကြိမ်နဲ့ဆိုမှ နှစ်ကြိမ်တိတိ ရောက်ဖူးခြင်းပါပဲ.. အဲဒီကို သွားမယ်လို့ ထိုအမက ဆိုလာတော့ မျက်လုံးထဲ အရင်က မြင်ကွင်းတွေ တစ်ခုချင်း ပြန်မြင်လာခဲ့တယ်.. ရှင်းရှင်းပြောရရင် ကိုယ်.. အဲဒီနေရာ၊ အဲဒီပတ်ဝန်းကျင်ကို ပြန်မရောက်ချင်ဘူးလေ..

အလုပ်သွားရင် နေ့တိုင်းဖြတ်သွားနေရတဲ့ လမ်းဖြစ်ပေမဲ့ သာမန်သဘောမျှသာ သဘောထားနိုင်အောင် ကြိုးစားခဲ့ပေမဲ့ လမ်းမကြီးကနေ ချိုးကွေ့ဝင်တဲ့ ဆေးရုံအဝင်လမ်းလေးဆီရောက်တာနဲ့ ရုပ်ရှင်ပိတ်ကားပေါ်က အရုပ်တွေ အသက်ဝင်လာလေသလား.. အတိတ်ပုံရိပ်တွေက ကြည်လင်ပီသလို့လာခဲ့တယ်.. တစ်ဆက်တည်းမှာ .. ကိုယ့်မျက်လုံးတွေ ဝေဝါးလာရလောက်အောင်.. မျက်ရည်ဝဲခဲ့ရတယ်.. ဒါပေမဲ့ ကိုယ် မျက်ရည်မကျခဲ့ပါဘူး.. သြော်.. ၂ နှစ်တောင် ကြာခဲ့ပြီပဲလေ..

လာမယ့် စက်တင်ဘာရဲ့ လဆန်းရက်တွေထဲက တစ်ရက်ဟာ.. ကိုယ့်အတွက်.. ဒီဆေးရုံကို ပထမဆုံးရောက်ဖူးတဲ့ နေ့ရက်တစ်ရက်အဖြစ် လွန်ခဲ့တဲ့ ၂ နှစ်က သတ်မှတ်ခြင်း ခံခဲ့ရတယ်.. အဲဒီနေ့က ထူးထူးခြားခြား မိုးတွင်းကြီး နေတွေပူလို့.. ဒါပေမဲ့ ကိုယ့်အတွက်တော့ အမှောင်ကျခဲ့ရတဲ့ နေ့ရက်တစ်ရက် ဖြစ်ခဲ့တယ်..

Friday, 3 August 2012

ကေပိုးနှင့် အကောင်ရှည်တိုက်ပွဲ - ၂


ကေပိုး.. ကိုးပေရဲ့ စာမျက်နှာထဲမှာ အကောင်ရှည် ပထမပိုင်းကို ထည့်သွင်းရေးပြီးတဲ့နောက်.. နောက်ထပ် အကောင်ရှည်တစ်ကောင်နဲ့ တွေ့ဆုံတာကိုလည်း ထပ်တင်ပြချင်ခဲ့ပြန်တယ်.. ဒီတစ်ခါတော့ ကေပိုး အသက်ဘေးမှ သီသီလေးလွတ်တယ်ဆိုတာ သိစေချင်ပြန်တယ်လေ..  ကေပိုးအတွက် အသက်အန္တရာယ်နီးနီး ကျရောက်ခဲ့ပါတယ်..


သားအမိနှစ်ယောက်သာ နေတာများတဲ့ ကေပိုးတို့အိမ်ကလေး .. နိမ့်တယ်ဆိုတာလဲ ရှေ့ပို့စ်မှာ ဖော်ပြခဲ့ပြီးပါပြီ.. ဒီလိုနိမ့်တဲ့ အိမ်ကလေးမှာ နေနေတဲ့ ဒီသားအမိက ကိုယ့်အခန်းကိုယ် အိပ်ရတာထက် ဧည့်ခန်းထဲ ၂ယောက်အတူ အိပ်ရတာကို ပိုနှစ်ခြိုက်ခဲ့ကြတယ်.. ၂ယောက်ထဲမို့ တစ်စုံတစ်ခုဆို နီးနီးနားနား အဖော်ရအောင်ရယ်.. အောက်ထပ် အိမ်ရှေ့ခန်းမှာ အိပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အိမ်ကိုယ် လုံခြုံတယ်လို့ ထင်မိတာတွေကြောင့် သားအမိ၂ယောက် အိမ်ရှေ့ခန်းမှာ အိပ်ဖြစ်လို့နေခဲ့တယ်.. ကေပိုးတို့အိမ် ဧည့်ခန်းလေးက ဆင်းရဲသာအိမ်မို့ ပေ ၂၀ မပြည့်တပြည့်သာသာရယ်ပါ.. အဲဒီဧည့်ခန်းလေးထဲမှာ ပစ္စည်းတစ်ချို့က ကြပ်ညပ်နေရာယူလို့ နေခဲ့ပါတယ်.. ဒီလိုကြပ်ညပ်နေတဲ့ ဧည့်ခန်းထဲမှာ အိပ်ဖြစ်တဲ့ ကေပိုးတို့ အိပ်ရာကွက်လပ်လေးခေါင်းရင်းမှာ ကျွန်းသားနဲ့ လုပ်ထားတဲ့ ကွန်ပျူတာမတင်ထားသော ကွန်ပျူတာစင်လေးတစ်ခုက နေရာယူလို့ နေခဲ့ပြန်တယ်လေ..