Pages

Thursday, 24 May 2012

ပျောက်စေချင်သော မေ ၃၁


နွေကို နှုတ်ဆက်.. မိုး ဝင်ရောက်လာတဲ့ ဒီလိုအချိန်ဟာ လွမ်းမောစရာ ရှိခဲ့ဖူးသူအတွက်တော့ အလွမ်းတွေကို ပံ့ပိုးပေးနေသလိုပင်.. မေ တဲ့.. နွေရဲ့ နောက်ဆုံးလပေါ့.. မှတ်မှတ်သားသားပါပဲ.. ရာသီဥတု နှစ်မျိုးနဲ့ လရယ်လို့ မှတ်သားဖူးခဲ့တယ်.. လဆန်းမှာ အလွန်ပူပြင်းသလောက် လကုန်ပိုင်းမှာ အလွန်စွတ်စိုအေးချမ်းတဲ့ ရာသီဆီ ကူးပြောင်းတာမျိုးပေါ့.. ထူးထူးခြားခြား ဒီ မေ မှာ မုန်တိုင်းတွေလဲ ဖြစ်တတ်သတဲ့..

သဘာဝက တိုက်လာတဲ့ မုန်တိုင်းက ကိုယ်တို့ လူသားတိုင်းကို ထိခိုက်ဆုံးရှုံးမှုတွေ ရရှိစေခဲ့သလိုမျိုး ကိုယ့်အပေါ်မှ ထူးထူးခြားခြား တိုက်ခတ်လာတဲ့ မုန်တိုင်းတစ်ခုကလဲ ကိုယ့်ရင်ကို ဗလောင်ဆူစေခဲ့တာ ကြာခဲ့ပါပြီ.. မေလ ရယ်လို့ ရောက်လာခဲ့ရင် ကိုယ့်ရင်ဆီက မျှော်လင့်ထားတဲ့ အရာတစ်ခု ကိုယ့်ဆီ ရောက်လာမယ်နေ့ရက်အချိန်လေးကို ဟိုးခပ်စောစောကာလတွေကတည်းက ကိုယ်မျှော်နေခဲ့မိတယ်..

Wednesday, 23 May 2012

အိမ်အပြန်မြင်ကွင်းများနှင့် ကျွန်မ၏အတွေးပုံရိပ်များ

 ဒီနေ့အိမ်အပြန် လိုင်းကားနဲ့ ပြန်ဖြစ်တယ်.. ရုံးဖယ်ရီ စောင့်စီးရင် မိုးချုပ်သွားတတ်လို့ အိမ်က မေ ကလဲ ဆူလှပြီလေ.. အဲဒါကြောင့် လိုင်းကားစီးပြန်တာ ၂ ရက်လောက်ရှိခဲ့ပြီ.. ဒီနေ့လဲ ပုံမှန်အတိုင်း ရုံးဆင်းချိန် ၅ နာရီသာသာလောက်မှာ လိုင်းကားဂိတ်ကို ထွက်လာခဲ့တယ်.. တစ်ခုစိတ်ညစ်တာက ဒီနေ့ဝတ်တဲ့ ယူနီဖောင်းက စိတ်ပျက်စရာ ဖြစ်နေတာပါပဲ.. လူက နဂိုကမှ ပိန်ပါတယ်ဆိုမှ ဝတ်ထားတဲ့ သုံးလွှာစကဒ်က  တော်တော့်ကို အဆင်မပြေခဲ့ပါဘူး.. ပိတ်စမလောက်လို့ပဲလား.. အစ ခိုချင်လို့လား မသိ.. ခြေလှမ်း လိုက်တိုင်း ရွှမ်းကနဲ ရွှမ်းကနဲနဲ့ တော်တော်.. တော်တော့်ကိုပါပဲ.. အဲဒါကြောင့် ခြေလှမ်းကို     ဖြည်းဖြည်း ချင်းလျှောက်လာခဲ့ရတယ်.. အဲဒီကြားထဲ ကားဂိတ်ဆီသွားတဲ့ လမ်းက လမ်းဆုံ၊ လမ်းခွကြီးတစ်ခုကို ဖြတ်ရတာမို့.. အဲဒီမှာ ပြဿနာစတက်တာပါပဲ.. နဂိုကမှ အတင်းဖုံးဖိသွားလာနေရပါတယ်ဆိုမှ လမ်းဆုံ အရောက် လွှတ်တိုက်လာတဲ့ လေကြောင့် တော်တော်ကို့ယို့ကားယားနိုင်လောက်အောင် ဖြစ်သွားခဲ့ ပါတယ်.. အခြေအနေ မကောင်းလှတဲ့ စကဒ်ကို မရမက ဖုံးဖိရင်း လိုင်းကားဂိတ်ကို အမြန် လျှောက်မိခဲ့တော့တယ်..

ကျွန်မတို့နေတဲ့ဘက်အခြမ်းကိုဆို ရုံးရှိတဲ့နေရာကနေ ကားနှစ်မျိုး ရောက်တာဖြစ်ပေမဲ့ အမြဲတမ်းလိုလို စီးဖြစ်တာက အဓိပတိ ပါပဲ.. ဒီနေ့လဲ ကားဂိတ်တောင် မရောက်သေးဘူး အဓိပတိကားကြီးကို လှမ်းတွေ့ လိုက်တာကြောင့် တော်တော်လေး ပျော်သွားခဲ့တယ်..  ကားပေါ်ရောက်တော့ လူတွေက အပေါက်ဝမှာပဲ ကြပ်သိပ်နေလို့ တော်တော်လေးတောင် ဒေါသထွက်သွားခဲ့သေးတယ်..

Monday, 21 May 2012

လွဲချက်ရယ်တဲ့ ကမ်းကုန်..


သူများတွေ လွဲတာတွေ လိုက်ဖတ်နေရတာ ကြည့်ပြီး အားကျလို့ ငါ ဘာလွဲဖူးသေးလဲလို့ တော်တော် စဉ်းစားလိုက်ရတယ်..

ဟိဟိ..
ဒေါ်ကေပိုးတို့လဲ ခေတ်မီမီ တော်တော်ကြီးကြီးကျယ်ကျယ် လွဲဖူးသားပဲ..

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ထင်ပါရဲ့.. ဒေါ်ကေပိုးတစ်ယောက်လူသိရှင်ကြား အရှက်တကွဲ လွဲဖူးတယ်လေ.. ဒေါ်ကေပိုးမေမေရယ်ပေါ့.. အိမ်မှာ ရေချိုးခန်း ရှိရက်နဲ့ ရေချိုးခန်းမှာ ရေမချိုးဘူး.. နောက်ဖေး ရေကပြင်မှာ ရေထွက်ထွက်ချိုးတယ်လေ.. မိုးတွင်းမို့ ရေကပြင်မှာ ရေညှိနည်းနည်း ရှိနေတာကို သတိမပြုမိပဲ ချော်လဲပါရောလား.. ချော်လဲတာမှ နှုတ်ခမ်းကို ၁ လက်မကျော်ကျော်မက ကွဲတဲ့အထိပဲ.. သွေးတွေ အရမ်းထွက်လာလို့ နောက်ဆုံး အနီးနားမှာရှိတဲ့ ပုဂ္ဂလိကဆေးခန်းတစ်ခုကို ပြေးရပါရောလေ.. အဲဒီတုန်းက ဖေဖေလဲ သက်ရှိထင်ရှား ရှိနေသေးတယ်.. ဖေဖေက ကိစ္စရှိလို့ အပြင်ခဏသွားနေတာနဲ့ ဒေါ်ကေပိုးလဲ မေမေ့ကို ကားမောင်းပြီး ဆေးခန်းလိုက်ပို့ရတယ်ပေါ့.. ဆေးခန်းရောက်တော့ မေမေနဲ့အတူ အခန်းထဲ ဝင်လိုက်လာမိတယ်.. ဖြစ်ချင်ပြန်တော့ အဲ့ဒီအချိန် ဆေးခန်းမှာ နာ့စ်မလေးတွေ မအားကြတဲ့အချိန်မို့.. ချုပ်ပေးမဲ့ ဆရာဝန်က ဒေါ်ကေပိုးကို အားကိုးတကြီး ပါးစပ်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးပေးဖို့ ပြောလာပါတယ်.. အခန်းထဲမှာလဲ ဆရာဝန်ရယ်၊ နာ့စ်မတစ်ယောက်ရယ် ရှိနေတာမို့ နောက်တစ်ခြားတစ်ယောက် မခေါ်ချင်တော့တာလဲ နေမယ်ထင်ပါရဲ့.. သတ္တိခဲကြီး၊ ဗန္ဓုလသွေးပါသူကြီး ဒေါ်ကေပိုး အားရပါးရ ဝမ်းပမ်းတသာပါပဲ.. လက်နှိပ်ဓာတ်မီးကြီးကို ကိုင်ပြီး ချုပ်နေတဲ့ နေရာဆီကို မီးထိုးပြရပါတော့တယ်..

Wednesday, 16 May 2012

သူမ ကြောက်တတ်သည်..


ညသည် တိတ်ဆိတ်ငြိမ်သက်လို့ နေလေသည်။ မိုးငွေ့၊ မိုးနံ့များနှင့်အတူ ယုဇနပန်းရနံ့များက တစ်ခြံဝင်းလုံးကို လွှမ်းခြုံထားလျက်ရှိနေပေသည်။ ညနေက တစ်ပြိုက်၊ နှစ်ပြိုက် ရွာချလိုက်သော မိုးကြောင့် ဒီနေ့ညသည် နေလို့ထိုင်လို့ အတန်အသင့် ကောင်းမွန်လျက်ရှိသည်ဟု သူမ မှတ်ထင်မိသည်။ သို့သော်လည်း ထုံးစံအတိုင်း သူမ၏အိပ်ရာခေါင်းရင်း ထက်ဆီက ပြတင်းပေါက်ကိုတော့ဖြင့် ဖွင့်ထားမိခဲ့သည်။ တိုက်ခတ်ဝင်ရောက်လာသော လေပြေညှင်းက ယုဇပန်းရနံ့များကို ပြတင်းပေါက်ကတစ်ဆင့် သယ်ဆောင်လာသောကြောင့် ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့မှာပဲလို့ သူမ ယူဆမိပြန်သည်။

ညနေက အလုပ်ကအပြန် ရွာချလိုက်တဲ့ မိုးကြောင့် ထီးယူရမှာ ပျင်းတဲ့သူမ တစ်ကိုယ်လုံး မိုးရေ စိုရွှဲကာ ကြွက်စုတ်ဘဝ ရောက်ခဲ့ရသည်။ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများက ထီးငှားမည်ဟု ဆိုလာတာကိုပင် ပေပေတေတေ နေတတ်တဲ့သူမ ငြင်းဆန်ခဲ့မိသည်။ မိုးတွင်းမှာ မွေးတဲ့သူတစ်ယောက်မို့ မိုးရေထဲ ပြေးလွှားဆေားကစားရတာကို နှစ်သက်မိသလို၊ မိုးရေထဲမှာ မိုက်မိုက်ကန်းကန်း မည်သူ့မှ ဂရုမစိုက်ပဲ သွားရတာကိုလဲ အရမ်းနှစ်သက်မိလေသည်။ ဒီအတိုင်းတောင် မိုးရေထဲ လျှောက်သွားတတ်တဲ့ သူမ၊ ဒီနေ့တော့ ပျော်ပျော်ကြီး မိုးထဲလေထဲ လျှောက်ခဲ့မိပြန်ပါသည်။ ဖျားကာမှသာ ဖျားတော့ဆိုတဲ့ စိတ်နဲ့ မိုးထဲလေထဲ ပေတစ်ရာမကသော လမ်းမထက်မှာ သူမ လျှောက်ခဲ့ပြန်ပါသည်။

Wednesday, 9 May 2012

ဟယ်လိုရေးးး...



ဟယ်လို
ဟယ်လိုရေး...

ထူးလိုက်ပုံက တမူထူးစရာ..
သံနေနဲ့ သံထား..
လူကြားရင်ဖြင့်..
နား၊ ရင် မှာ ဘဝင်ချိုလို့..
အခါခါ ထပ်ပြောချင်ရဲ့..
ဒီ နှုတ်ဆက်စကား..

ပုံတူပွားလို့..
ပြောမယ်ကြံ...
အဖန်ဖန် ရွတ်ဆိုလို့..
ကူးပြီကွဲ့.. ဒီကော်ပီ..
အသေအချာများ.. နားထောင်ချင်ရင်ဖြင့်..

အိုဘယ့် သူငယ်ချင်းတို့..
ငါ့ဖုန်းတော်ကို များမကြာခေါ်လို့..
နားထောင်ကြစေသတည်း.....

(ဟယ်လိုရေး လို့ ထူးတတ်တဲ့ သူငယ်ချင်းတစ်ယောက်အား သတိရလျက်)

Sunday, 6 May 2012

တိတ်ဆိတ်သော ချစ်ခြင်း၏ ခြေလှမ်းတစ်စုံ

" မောင် "

နှုတ်ခမ်းလွှာတစ်စုံရဲ့ တိုးတိတ်ညင်သာစွာ ရေရွတ်မိတဲ့ နာမ်စားတစ်ခုက နှင်း ရင်ထဲသို့ တော်လဲသံပမာ တုန်လှုပ်မြည်ဟီးသွားခဲ့ပါပြီ... ဒီအမည်၊ ဒီနာမ်စားကို နှင်း စတင်သုံးစွဲခဲ့တာ သိပ်မကြာသေးပေ.. ထိုသို့ သုံးစွဲသည်ကိုလည်း မောင် ဆိုတဲ့ ကာယကံရှင် လူသားတစ်ဦး သိနိုင်ပါလေစ.. မသိစိတ်တစ်ခုရဲ့ အခြေတည်မှုက နှလုံးသားကို တံခါး လာခေါက်ခဲ့တဲ့ အချိန်ကစလို့ နှင်း ရင်ထဲသို့ မောင်ဝင်ရောက်လာခဲ့တယ်.. မိန်းမသားတစ်ဦးရဲ့ တစ်ဖက်သတ် အဖြစ်အပျက်တွေကို  သိစေချင်ခဲ့သလို မောင်သိမှာကိုလဲ စိုးရွံ့မိခဲ့တယ် မောင်.. သူငယ်ချင်းဆိုတဲ့ အဖြူရောင်နေရာလေး တစ်နေရာကနေ အရောင်တွေ တစ်ဆင့်ချင်း ဆိုးချင်ခဲ့ချင်ပေမဲ့လည်း ထိုနေရာလေး ညစ်နွမ်းပျောက်ကွယ်သွားမှာကိုတော့ စိုးထိတ်မိတာ အမှန်ပင် ဖြစ်ခဲ့ရတယ်..

ထိုအဖြူရောင် ကမ္ဘာလေးအတွင်းမှာ နှင်းအတွက် အပူပန်ပေးတတ်ဆုံး ယောက်ျားတစ်ယောက် ရှိနေခဲ့တယ်ဆိုတာ နှင်းရဲ့မှတ်ဥာဏ်တွေက မေ့ချင်ယောင်များ ဆောင်ထားခဲ့လေသလားကွယ်.. မေ့ထားတယ်ဆိုတာထက် မေ့နေခဲ့တယ်လို့ ပြောခဲ့ရင် ပိုမှန်ခဲ့မယ် ထင်ပါရဲ့.. ဘယ်လောက်ပဲ မေ့နေခဲ့ မေ့နေခဲ့ သူပြောသမျှ၊ သူဆူသမျှတွေကို နာခံတတ်ခဲ့တာဟာလည်း မသိစိတ်တစ်ခုရဲ့ စေခိုင်းမှုလို့ နှင်း ထင်မိခဲ့ပါရဲ့.. ဒီလိုနေနေရာက နှလုံးသားကို တံခါးခေါက်၊ အသိစိတ်တစ်ခု
 ရောက်လာချိန်မှာတော့ နှင်းတစ်ယောက် မောင့်ကို ချစ်တတ်ခဲ့ပြီလေ..